DVB Logo
Home
မြန်မာသတင်း
အကောက်ခွန်ဝန်ထမ်း ၁၂ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူ
DVB
·
July 17, 2018
အကောက်ခွန်ဝန်ထမ်း ၁၂ ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့် အရေးယူ
Donate to DVB

အကောက်ခွန်ဦးစီးဌာနက ညွန်ကြားရေးမှူး ၃ ဦး အပါအဝင် အရာထမ်း အမှုထမ်း ၁၂ ဦးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

Delivery Van မော်တော်ယာဉ်တွေကို ရန်ကုန်ဆိပ်ကမ်းကတဆင့် တင်သွင်းရာမှာ ဆိပ်ကမ်းပြင်ပသို့ ထုတ်ယူခွင့်ရဖို့ အကောက်ခွန်ရှင်းလင်းရေး ကိုယ်စားလှယ်တွေကတဆင့် ငွေပေးရတာ၊ မော်တော်ယာဉ် တင်သွင်းခြင်းဆိုင်ရာ လုပ်ငန်းများ ကြီးကြပ်ရေးကော်မတီရဲ့ မူဝါဒနဲ့ မကိုက်ညီဘဲ တင်သွင်းလာတဲ့ယာဉ်တွေ ဆိပ်ကမ်းက ထုတ်ယူနိုင်ဖို့ ငွေပေးရတာ၊ သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပစ္စည်းတွေ ဆိပ်ကမ်းမှ ထုတ်ယူရာမှာ ငွေပေးပြီး ထုတ်ယူနေရတဲ့ အစဉ်အလာတွေကို စုံစမ်းဖော်ထုတ်ပေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ထံ တိုင်ကြားခဲ့တဲ့အပေါ် စုံစမ်းစစ်ဆေးဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးပြီး အမှုဖွင့် အရေးယူလိုက်တာပါ။

Delivery Van တွေ ဆိပ်ကမ်းက ထုတ်ယူရာမှာ ငွေလက်ခံရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့လို့ အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းသဉ္ဇာ၊ ဦးစီးအရာရှိ ဦးဗိုလ်ဗိုလ်၊ အကောက်ခွန်မှူး ဦးဟန်ဝင်းအောင်၊ ဒုအကောက်ခွန်မှူး ဦးဇော်ဝင်းဟိန်း၊ ဒုအကောက်ခွန်မှူး ဦးနေမင်းထက်၊ လက်ထောက်အကောက်ခွန်မှူး ဦးသန်းအေးနဲ့ ဒုလက်ထောက်အကောက်ခွန်မှူး ဦးသိန်းဝင်းတို့ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ အမှုဖွင့် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီပုဂ္ဂိုလ်တွေဟာ အနည်းဆုံး ငွေကျပ် ၄ သိန်းမှ အများဆုံး ၂၄ သိန်းအထိ အသီးသီး လာဘ်ငွေယူခဲ့ကြတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း ကော်မရှင်ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် လက်အောက်ဝန်ထမ်းတွေရဲ့ အဂတိလိုက်စားမှု ဖြစ်စဉ်အပေါ် ပူးပေါင်းကြံစည် အားပေးကူညီခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်လို့ ညွှန်ကြားရေးမှူး ဦးမောင်မောင်ထွေးဆွေ၊ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်၊ ညွှန်ကြားရေးမှူး ဦးကျော်ညွန့်အောင်၊ ဒုညွှန်ကြားရေးမှူး ဦးမျိုးမြတ်ကျော်နဲ့ ဦးစီးအရာရှိ ဦးမလန်ရှရွယ်တို့ကိုလည်း ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆/၆၃ အရ အရေးယူပေးဖို့ ကော်မရှင်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၊ သီလဝါနယ်မြေ ရဲစခန်းမှာ ဇူလိုင် ၁၆ ရက်နေ့က  ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013