
ဒီးဒုတ် ဦးဘချို (၁၈၉၃ – ၁၉၄၇)
သတင်းစာဆရာတယောက်ဖြစ်တဲ့ ဦးဘချိုဟာ ဒီးဒုတ်ဂျာနယ်နဲ့ သတင်းစာကို ထုတ်ဝေပြီး ဒီးဒုတ်ဦးဘချိုလို့ နာမည်တွင်ခဲ့ပါတယ်။ သူဟာ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ဖဆပလ ကြားဖြတ်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
သူ့ကို ဖခင် ဦးဘိုးစာနဲ့ မိခင် ဒေါ်မြစ်တို့က ၁၈၉၃ ခု၊ ဧပြီလ ၂၄ ရက်နေ့မှာ မြောင်းမြမြို့မှာ မွေးဖွားခဲ့ပါတယ်။ မြောင်းမြမြို့ ဆရာဦးမောင်မောင်ကျောင်း၊ ရန်ကုန်မြို့ စိန့်ပေါလ်ကျောင်းတို့မှာ ပညာသင်ယူပြီး ပညာသင်ဆုတွေလည်း အကြိမ်ကြိမ်ရခဲ့ပါတယ်။ ရန်ကုန်ကောလိပ်မှာ ပညာသင်နေရင်း မျက်စိဝေဒနာကြောင့် ဘီအေအထက်တန်းမှာ ထွက်ခဲ့ရပြီး ပေါင်းတည်နဲ့ ဟင်္သာတမြို့တို့မှာ အစိုးရကျောင်းဆရာ၊ ပညာအုပ်အဖြစ် လုပ်ခဲ့ပါတယ်။
အဲဒီနောက် အမျိုးသားကောလိပ်မှာ မြန်မာစာဆရာအဖြစ်ဝင်ပြီး မြန်မာ့ရီဗျူးဂျာနယ်၊ ဒီးဒုတ်ဂျာနယ်ကို ထုတ်ဝေပြီး နောင်မှာ ဒီးဒုတ် နေ့စဉ်သတင်းစာကိုလည်း ထုတ်ဝေခဲ့ပါတယ်။
ဖေဘီယန်ပါတီမှာ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ တည်ထောင်ခဲ့ပြီး ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော် အစိုးရလက်ထက်မှာ အတိုင်ပင်ခံ လွှတ်တော်အမတ် ဖြစ်ခဲ့ပါတယ်။
အဲဒီနောက် ဖဆပလအဖွဲ့ချုပ်ကို ဝင်ရောက်ပြီး တိုင်းပြုပြည်ပြု လွှတ်တော်မှာ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေး ကော်မတီ အဖွဲ့ဝင်ဖြစ်လာပြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ ကြားဖြတ်အစိုးရအဖွဲ့မှာ ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ပါတယ်။
၁၉၄၇၊ ဇူလိုင် ၁၉ ရက်မှာ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင် ဝန်ကြီးတွေနဲ့အတူ အတွင်းဝန်များရုံးမှာ အစည်းအဝေးလုပ်နေရင်း ဂဠုန်ဦးစော ခိုင်းစေတဲ့ လူသတ်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ကျည် ၅ ချက်သင့်ပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်မှာ ကျဆုံးခဲ့ပါတယ်။











