DVB Logo
Home
မြန်မာသတင်း
၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးဆုံး၊ ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း ၂ ကို လက်မှတ်ထိုး
DVB
·
July 16, 2018
၂၁ ရာစုပင်လုံ တတိယအစည်းအဝေးပြီးဆုံး၊ ပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်း ၂ ကို လက်မှတ်ထိုး
Donate to DVB

နေပြည်တော်မှာ ၆ ရက်ကြာကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်ရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေး ဒီကနေ့ ပြီးစီးသွားပြီး ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို သဘောတူ လက်မှတ်ရေးထိုး လိုက်ကြပါတယ်။

ဒ့ါအပြင် အစည်းအဝေး တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒီ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးကို အခု ၂ဝ၁၈ ခုနှစ်အတွင်း နောက်ထပ်တကြိမ်နဲ့ ၂ဝ၁၉ ခုနှစ်အတွင်း ၂ ကြိမ် ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဆက်လက်ကျင်းပမယ့် ညီလာခံတွေမှာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို အုတ်မြစ်အဖြစ်ချမှတ်နိုင်ရေးအတွက် ကြိုပမ်းဆောင်ရွက်ရေးနဲ့ ၂၀၂၀ ပြည့်နှစ်မှာ အစည်းအဝေးကို လိုအပ်သလို ကျင်းပနိုင်ရေး သန္နိဋ္ဌာန် ပြုခဲ့ကြကြောင်းလည်း ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပင်လုံစိတ်ဓာတ်နှင့်အညီ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်အခွင့်အရေးများ အာမခံချက်များအပြည်အ၀ရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၁၁ ရက်ကနေ ၁၆ ရက်ထိကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံ၊ တတိယ အစည်း အဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ဖိတ်ကြားထားသူတွေ၊ လေ့လာသူနဲ့ အကျိုးဆောင် အပါအ၀င် လူပေါင်း ၁၂၀၀ ခန့် တက်ရောက်ခဲ့ကြပါတယ်။

ညီလာခံရလဒ်အနေနဲ့ နိုင်ငံရေးကဏ္ဍ ၄ ချက်၊ စီးပွားရေးကဏ္ဍ ၁ ချက်၊ လူမှုရေးကဏ္ဍ ၇ ချက်နဲ့ မြေယာကဏ္ဍ ၂ ချက် စုစုပေါင်းအချက် ၁၄ ချက်ကို သဘောတူနိုင်ခဲ့ပြီး လုံခြုံရေးကဏ္ဍမှာတော့ သဘောတူညီမှုတွေရရှိအောင် မညှိနိုင်းနိုင်ခဲ့ပါဘူး။

ခုလို ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း ၂ ကို သဘောတူနိုင်ခဲ့တာဟာ  ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ကို ဆက်လက်ပြီ ရွေ့နေတယ်ဆိုတဲ့ သင်္ကေတတစ်ခုဖြစ်တယ်လို့  ဒီကနေ့ ညီလာခံပိတ်ပွဲအခမ်းအနားမှာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသွားပါတယ်။

“ညီလာခံ တတိယအစည်းအဝေး ကျင်းပနိုင်ဖို့ကို အများကြီး ညှိနှိုင်းတိုင်ပင် ကြိုးပမ်းခဲ့ရတာ ဖြစ်ပါတယ်။ အခက်အခဲအမျိုးမျိုး၊ သဘောထားကွဲပြားမှု အမျိုးမျိုးရှိနေတဲ့ကြား မှာ အခုလို ရလဒ်ကောင်းတွေ ထွက်ပေါ်လာခဲ့တာကိုက ကျမတို့ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ဟာ ရှေ့ကိုဆက်လက်ပြီး ရွေ့နေတယ်ဆိုတဲ့ သင်္ကေတတစ်ခုပဲ ဖြစ်ပါတယ်။ သဘောတူညီချက်တွေ နည်းကောင်းနည်းမယ်၊ သို့သော်လည်း ကျမတို့ အားလုံး အပြန်အလှန် နားလည်မှုနဲ့ ကြိုးပမ်းအားထုတ်နိုင်ခဲ့ကြခြင်းကြောင့် အားလုံး ပိုင်ဆိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ် ရှေ့ဆက်နိုင်အောင် လုပ်ဆောင်နိုင်ခြင်းဟာ ဒီညီလာခံကြီးရဲ့ အဓိကအနှစ်သာရပဲ ဖြစ်ပါတယ်။ ဒီကနေ့ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့ အစိတ်အပိုင်း (၂) သဘောတူညီချက်တွေဟာ ကျမတို့ ညီလာခံကြီး ရပ်တန့်မနေဘူး၊ နောက်ပြန်လှည့်မသွားဘူး၊ ရှေ့ကို ခက်ခက်ခဲခဲ တက်လှမ်းနေတယ် ဆိုတာကို အထင်အရှား ဖော်ပြနေတာပါ။”

ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေးကနေ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) အဖြစ် ၃၇ ချက်အတည်ပြုထားခဲ့ပြီး အခု တတိယအကြိမ်မှာတော့ ထပ်မံအတည်ပြု သဘောတူခဲ့တဲ့   ၁၄ ချက်နဲ့ဆိုရင် ပြည်ထောင်စု သဘောတူစာချုပ်မှာ စုစုပေါင်း အချက် ၅၁ ချက် ရှိနေပြီဖြစ်ပါတယ်။

ဒီသဘောတူညီချက်တွေဟာ နောင်တစ်ချိန်မှာ ပြီးပြည့်စုံတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်ကြီး ချုပ်ဆိုနိုင်ဖို့အတွက် ခြေလှမ်းသစ်တွေဖြစ်သလို အနာဂတ်မှာ ဖြစ်ပေါ်လာမယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီးအတွက် အခြေခံအုတ်မြစ်တွေ စိုက်ထူနိုင်ဖို့ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013