
မန္တလေး၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ မန္တလေးနည်းပညာတက္ကသိုလ်မှာ မန္တလေး တိုင်းဒေသကြီး သုတေသနဖောင်ဒေးရှင်း ရန်ပုံငွေစိုက်ထူပွဲကို ဇူလိုင် ၁၅ ရက်က ကျင်းပပါတယ်။
မန္တလေးတိုင်းရှိ တက္ကသိုလ်တွေက သုတေသီတွေ၊ သုတေသန ဆောင်ရွက်လိုသူတွေအတွက် တာဝန်တခုအနေနဲ့ ပေးအပ်လိုက်တဲ့ နေ့တနေ့ ဖြစ်ပြီး သုတေသန ဖောင်ဒေးရှင်းအတွက် ကျပ်သိန်း ၁၅ဝဝ ကျော်ကို စုပေါင်းလှူဒါန်းပေးကြတယ်လို့ မန္တလေး နည်းပညာတက္ကသိုလ် ပါမောက္ခဒေါက်တာဆင့်စိုးက ပြောပါတယ်။
ရန်ပုံငွေ စိုက်ထူပွဲကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ သုတေနလုပ်ငန်းကြီးတွေမှာ အထောက်အကူအဖြစ် ပါဝင်ပေးကြမယ့် တက္ကသိုလ်အသီးသီးက ပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ကြီးတွေ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ ကွန်ပျူတာတက္ကသိုလ်က ဆရာတွေနဲ့ အလှူရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။
မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က “သုတေသနဖောင်ဒေးရှင်းတွေ လုပ်နေ၊ သုတေသနတွေ ဘယ်လောက်ပဲ လုပ်လုပ် ငြိမ်းချမ်းရေးမရှိရင် မဖွံ့ဖြိုး မတိုးတက်နိုင်ဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေချင်တယ် ဆိုရင်တော့ အခြေခံကျတဲ့ ငြိမ်းချမ်းရေးတခု တည်ဆောက်ဖို့ လိုတယ်”လို့ ပြောသွားပါတယ်။










