DVB Logo
Home
မြန်မာသတင်း
MNDAA၊ TNLA၊ AA ၃ ဖွဲ့ အန်စီအေ လက်မှတ်ထိုးရန် ဆက်လက်ဆွေးနွေးသွားမည်
DVB
·
July 16, 2018
MNDAA၊ TNLA၊ AA ၃ ဖွဲ့ အန်စီအေ လက်မှတ်ထိုးရန် ဆက်လက်ဆွေးနွေးသွားမည်
Donate to DVB

မြောက်ပိုင်းလက်နက်ကိုင်မဟာမိတ်အဖွဲ့ဝင်တွေဖြစ်တဲ့ MNDAA ကိုးကန့် တပ်ဖွဲ့၊ TNLA တအာင်းပလောင်တပ်ဖွဲ့နဲ့  AA ရခိုင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ သုံးဖွဲ့ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) လက်မှတ်ထိုးဖို့ ဆက်လက် ဆွေးနွေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကပြောပါတယ်။

ဇွန်လ ၁၅ ရက်နေ့ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ် အစည်းအဝေး ပဉ္စမမြောက်နေ့၊ UPDJC အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ပြောသွားတာပါ။

“လက်မှတ်မထိုးထားတဲ့ အဖွဲ့အစည်းတွေ ဒီညီလာခံကိုလာတယ်။ လာတဲ့အပေါ်မှာ ဒီညီလာခံက ထူးခြားတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပါအဝင် အခြားအဖွဲ့ တွေ့လည်း တွေ့တယ်။ အရင်က မြောက်ပိုင်းသုံးဖွဲ့ AA၊ TNLA ၊ MNDAA ကို လက်မှတ် ထိုးဖို့ မပြောခဲ့ဘူး။ အခုပြောလိုက်ပြီ။ ''ဝ'' ကြေညာချက်မှာပါတဲ့အတိုင်း ဒီသုံးဖွဲ့ကို အန်စီအေထိုးဖို့ တိုက်တွန်းပါဆိုတာပါတယ်။ သူတို့ သယ်ဆောင်သွားတဲ့အထဲ မှာ စဉ်းစားစရာအများကြီး ပါပါမယ်။ ကျနော်တို့ အနေနဲ့ ဒီညီလာခံပြီးတာနဲ့ မြောက်ပိုင်း ၇ ဖွဲ့ကို တွေ့ဖို့ ရက်ပိုင်း အတွင်းမှာစမယ်။ အားရကျေနပ်မှုရှိတယ်။”

အခုပြုလုပ်နေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ တတိယအကြိမ် အစည်းအဝေးကို မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့လုံးတက် ရောက်ခဲ့ပါတယ်။

AA၊ TNLA၊ MNDAA လက်နက်ကိုင် ၃ဖွဲ့ကတော့  နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခွင့်ရခဲ့ပေမယ့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခွင့်မရဘဲ ဒုကာကွယ်ရေး ဦးစီးချုပ်နဲ့သာ  တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

ညီလာခံကိုတင်သွင်းတဲ့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ရဲ့ သဘောထားကြေညာချက်ထဲမှာတော့ မြန်မာပြည် မြောက်ပိုင်းမှာ ပြည်တွင်းစစ် မငြိမ်းနိုင်တဲ့ အဓိကအကြောင်းအရင်းဟာ တပ်မတော်က ကိုးကန့်(MNDAA)၊ တအာင်း(TNLA)၊ ရခိုင်(AA) အဖွဲ့ သုံးဖွဲ့ကို အသိအမှတ်မပြုဘဲ ရန်သူလို သဘောထား အပြုတ်တိုက်ဖို့ လမ်းစဉ်စွဲကိုင်နေလို့ ဖြစ်တယ်လို့ ပြောထားပါတယ်။

မြောက်ပိုင်းရဲ့ငြိမ်းချမ်းရေးအတွက် တပ်မတော်အနေနဲ့ လက်တွေ့အခြေအနေကို ရှု့မြင်ပြီး တိုင်းရင်းသားအဖွဲ့ သုံးဖွဲ့ကို ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်စေဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013