DVB Logo
Home
မြန်မာသတင်း
ကင်ဆာဖြစ်ပွားသူ ဦးရေ တိုးလာ၊ ငယ်ရွယ်သူများလည်း ဖြစ်လာဟု ဆရာဝန်ကြီးပြော
DVB
·
July 16, 2018
ကင်ဆာဖြစ်ပွားသူ ဦးရေ တိုးလာ၊ ငယ်ရွယ်သူများလည်း ဖြစ်လာဟု ဆရာဝန်ကြီးပြော
Donate to DVB

မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်ပွားသူ ဦးရေ တိုးပွားလာပြီး နေထိုင်မှုပုံစံတွေအရ အသက် ငယ်ရွယ်သူတွေမှာ ဖြစ်လာကြတယ်လို့ ကင်ဆာရောဂါအထူးကုဆရာဝန်ကြီး ဒေါက်တာ ဟိန်းမြင့်အောင်က ပြောပါတယ်။

ကမ္ဘာ့နိုင်ငံတွေမှာလည်း ကင်ဆာ ဖြစ်နှုန်းတိုးလာပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အချက်အလက်တွေအရ  တကမ္ဘာလုံးမှာ လူသေဆုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ ကင်ဆာက ဒုတိယ လိုက်တယ်လို့ ဆိုပါတယ်။

“ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ ကင်ဆာကုသမှုဌာန နှစ်ခုဖြစ်တဲ့ ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ဌာနနဲ့ ကင်ဆာဆေးသွင်းကုသမှု ဌာနနှစ်ခုက စာရင်းဇယားများအရ ၂၀၁၅ ခုနှစ်မှာ ကင်ဆာ လူနာပေါင်း ၈၈၆၈ ယောက် ရှိခဲ့ပြီးတော့ ၂၀၁၆ ခုနှစ်မှာတော့ ကင်ဆာ လူနာ ၁၀၈၄၃ ယောက် ရှိခဲ့ပါတယ်။ ဒီစာရင်းဇယားကို ကြည့်တာနဲ့တင် ကင်ဆာ ဖြစ်ပွားမှုနှုန်း များလာတာကို သိနိုင်ပါတယ်” လို့ ဒေါက်တာ ဟိန်းမြင့်အောင်က ပြောပါတယ်။

ဆေးရွက်ကြီးဆက်စပ်ပစ္စည်းတွေ၊ ရောဂါပိုးမွှားတွေ၊ ဓာတုပစ္စည်းတွေ၊ မွေးရာပါ ခန္ဓာကိုယ်ထဲမှာရှိတဲ့ မျိုးရိုးဗီဇ ချို့ယွင်းချက်တွေ၊ ဟော်မုန်း အပြောင်းအလဲ ပြဿနာတွေနဲ့ ခန္ဓာကိုယ် ခုခံအားစနစ် ချို့ယွင်းချက်တွေစတဲ့ အကြောင်းတွေကြောင့် အသက်အရွယ်က ၅၀ ကျော်လောက်မှာ ကင်ဆာ အဖြစ်များပေမယ့် အခုတော့ အသက်ငယ်ရွယ်သူတွေမှာ ဖြစ်လာတယ်လို့ သူက ဆိုပါတယ်။

“အခုနောက်ပိုင်းမှာ လူတွေရဲ့ lifestyle ခေါ်တဲ့ နေ့စဉ်ဘဝတွေမှာ နေထိုင်မှု ပုံစံတွေ ပြောင်းလာတယ်။ ဥပမာ- ဆေးလိပ်၊ အရက်၊ ဘီယာ စတာတွေကို အသက်ငယ်ရွယ်စဉ်ကနေ စတင် သုံးစွဲလာတဲ့အတွက် ကင်ဆာဖြစ်တဲ့ အသက်အရွယ်တွေ ငယ်လာကြတယ်။ ဒါကြောင့် အူမကြီးကင်ဆာ screening ခေါ်တဲ့ ကင်ဆာ ရှိ၊ မရှိ ကြိုတင်စစ်ဆေးတဲ့ အသက်အရွယ်ကို ယခင် ၅၀ မှာ စခဲ့ရာမှ ၂၀၁၇ ခုနှစ်က စပြီး အသက် ၄၅ နှစ် အရွယ်ကနေစပြီး စစ်ဆေးဖို့ ပြောင်းလဲခဲ့တယ်” လို့ ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ရဲ့ အချက်အလက်တွေအရ  ကင်ဆာကြောင့် သေဆုံးရမှုတွေရဲ့ ၇၀ ရာနှုန်းဟာ ဝင်ငွေနည်းတဲ့၊ ဝင်ငွေအသင့်အတင့်ရှိတဲ့ နိုင်ငံတွေက ဖြစ်ပြီး ကင်ဆာလူနာ အသစ်တွေ့ရှိရမှုဟာ နောက်အနှစ် ၂၀ အတွင်း ၇၀ ရာနှုန်း မြင့်တက်လာဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

ဒေါက်တာ ဟိန်းမြင့်အောင်က “မြန်မာနိုင်ငံမှာတော့ ရင်သားကင်ဆာနဲ့ သားအိမ်ခေါင်း ကင်ဆာ နှစ်ခုလုံးက တလှည့်စီ ထိပ်ဆုံးရောက်နေပြီးတော့ ဦးခေါင်း၊ ခံတွင်းနဲ့ လည်ချောင်းကင်ဆာ အုပ်စုဟာ ဖြစ်ပွားမှု အများဆုံးမှာ ရှိတယ်။ သူ့နောက်မှာ အဆုတ်ကင်ဆာ၊ အစာအိမ်နဲ့ အူလမ်းကြောင်းကင်ဆာတွေ လိုက်နေတယ်” လို့ ပြောပါတယ်။

ကင်ဆာရောဂါ အများစုဟာ အဆင့်စောပြီးသိရင် ပျောက်ကင်းအောင် ကုသလို့ ရတာကြောင့် ဖြစ်ပွားစေနိုင်တဲ့ အကြောင်းတွေ ရှောင်ကြဉ်ပြီး စစ်ဆေးတာတွေ လုပ်ဖို့ လိုတယ်လို့လည်း သူက အကြံပြုပါတယ်။

မြန်မာနိုင်ငံမှာ ကင်ဆာကုထုံး အားလုံးနီးပါးရှိပေမယ့် ကိုယ်တိုင် ငွေကြေး ကုန်ကျခံရတွေရှိနေတဲ့အတွက် ကြိုတင်ကာကွယ်တာတွေ လုပ်ဖို့လိုတယ်လို့လည်း သူက ဆိုပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013