DVB Logo
Home
မြန်မာသတင်း
ကျောက်ဆည် အထပ်သားစက်ရုံဆန္ဒပြမှု ညှိနှိုင်းပြေလည်
DVB
·
July 16, 2012
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ အထပ်သားစက်ရုံတခုမှာ ဒီနေ့မနက်ပိုင်းက အလုပ်သမားဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေ လာရောက် ညှိနှိုင်းဖြေရှင်းပေးတဲ့အတွက် တောင်းဆိုချက်အတော်များများ ရရှိခဲ့ပါတယ်။

ကျောက်ဆည်မြို့နယ်ထဲက ကံတင် ဘီးလင်းစက်မှုဇုန်မှာတည်ရှိတဲ့ တရုတ်နိုင်ငံသားပိုင် ကံကောင်းခြင်း မင်္ဂလာ သစ်အထပ်သားစက်ရုံမှာ ဒီနေ့မနက် ၇ နာရီခွဲလောက်ကစပြီး အလုပ်သမားတွေက လုပ်အားခတိုးမြှင့်ရရှိရေးအပါအ၀င် အလုပ်သမားရပိုင်ခွင့်တွေ တောင်းဆိုဆန္ဒပြခဲ့ကြတာပါ။

ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး ဆန္ဒပြတဲ့ စက်ရုံကို သွားရောက်သတင်းရယူခဲ့တဲ့ ဒီဗွီဘီသတင်းထောက် ကိုအေးကျော်ထွေးက အခုလို ပြောပါတယ်။

“ဒီနေ့မနက် ၇ နာရီခွဲမှာ လူ ၄၈ ယောက်စပြီး ဆန္ဒပြကြတယ်။ စက်ရုံက လူအင်အား ၄၀၀၀ လောက်တော့ရှိတယ်။ ဦးဆောင်တဲ့လူတွေက ဆိုင်းဘုတ်လေးတွေ ကိုင်ပြီးတော့ ငြိမ်းချမ်းစွာပဲ ဆန္ဒဖော်ထုတ်ကြတာ။ အဓိက လုပ်ခလစာရယ် သူတို့တောင်းဆိုတာ ၁၀ ချက်ပါ။ အလုပ်ချိန် ၈ နာရီ သတ်မှတ်ဖို့၊ အရင်က ညဆိုရင် ၁၃ နာရီရှိတယ်။ နေ့ခင်းဆင်းတဲ့သူက ၁၁ နာရီရှိတယ်။ အဲဒါကို ၈ နာရီထိ လျှော့ချဖို့အတွက် တောင်းဆိုတယ်။ နောက်တခုက အကြောင်းမဲ့ဒဏ်ရိုက်တာတွေ။ ဒဏ်ငွေက ၅၀၀၀ ဆိုပေမယ့် ၂၀၀၀၀ အထိ ဒဏ်ရိုက်တာတွေရှိတယ်။ နောက် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ ရရှိရေး၊ အစိုးရ ရုံးပိတ်ရက်အတိုင်း ပိတ်ပေးဖို့ စတာတွေ တောင်းဆိုကြတယ်။”

မနက် ၁၀ နာရီလောက်မှာ ခရိုင်နဲ့ မြို့နယ်အဆင့် အုပ်ချုပ်ရေးအရာရှိတွေ၊ အလုပ်သမားရေး တာဝန်ခံတွေ ရောက်ရှိလားပြီး၊ အလုပ်ရှင်နဲ့ အလုပ်သမားအကြား ကြားဝင်ညှိနှိုင်းဖြေရှင်းပေးရာမှာ လုပ်ခလစာ ကိစ္စတခုကလွဲပြီး ကျန်အချက်တော်များများ ပြေလည်မှုရရှိခဲ့တယ်လို့လည်း ပြောပါတယ်။

မန္တလေးတိုင်းအတွင်း ပြီးခဲ့တဲ့လပိုင်းက ဓာတ်ခဲစက်ရုံနဲ့ အချိုရည်စက်ရုံတို့မှာ အလုပ်သမားဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး၊ အခုလို ညှိညှိနှိုင်းနှိုင်းနဲ့ ပြေလည်မှုရရှိခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013