DVB Logo
Home
မြန်မာသတင်း
ပန်း​တောင်း​မြို့​ လယ်သမား​များ​ကို စစ်တပ်က တရား​စွဲ
DVB
·
July 16, 2012
Donate to DVB

ပဲခူး​တိုင်း​ ပန်း​တောင်း​မြို့​နယ်အတွင်း​ အသိမ်း​ခံထား​ရတဲ့​ လယ်​တွေမှာ ထွန်ယက်ကြတဲ့​ လယ်သမား​တွေကို စစ်တပ်က နယ်​မြေကျူး​ကျော်မှုနဲ့​ တရား​စွဲဆိုလိုက်ပါတယ်။

ပန်း​တောင်း​မြို့​နယ် ​ဒေါင်း​တိုက်​ကျေး​ရွာက လယ်သမား​ ၄ ဦး​နဲ့​ ပဲကြီး​ကျေး​ရွာက လယ်သမား​ ၂ ဦး​တို့​ကို ကာကွယ်​ရေး​ ပစ္စည်း​စက်ရုံ (ကပစ) အမှတ် ၅ စက်ရုံမှ ဗိုလ်ကြီး​အောင်နိုင်ဦး​က တရား​လိုလုပ်ပြီး​ တရား​စွဲဆို ထား​တာပါ။ တရား​စွဲဆိုခံရတဲ့​ ရွာသား​တွေက​တော့​ ဦး​ဌေး​လွင်၊​ ဦး​ကြံ​အောင်၊​ ဦး​ခင်ထွန်း​၊​ ဦး​စိုး​ဦး​၊​ ဦး​မောင်ဦး​၊​ ဦး​ကြည်လွင်တို့​ ဖြစ်ပါတယ်။

ဒီလယ်သမား​တွေကို ပြစ်မှုဆိုင်ရာ ဥပ​ဒေပုဒ်မ ၄၄၇ ပိုင်နက်ကျူး​ကျော်မှုနဲ့​ တရား​စွဲဆိုပြီး​ ထုံး​ဘိုရဲစခန်း​က လယ်သမား​တွေကို မ​နေ့​က လာ​ရောက် စစ်​ဆေး​ခဲ့​တယ်လို့​ တရား​စွဲဆိုခံရသူ လယ်သမား​ ဦး​ဌေး​လွင်က ​ပြောပါတယ်။

“လွန်ခဲ့​တဲ့​ တလ​လောက်က ပိုင်နက်ကျူး​လွန်မှုနဲ့​ တရား​စွဲတာဗျ။ ကျ​နော်တို့​ကို စက်ရုံမှူး​ရဲ့​ ခွင့်​ပြုချက် မရှိဘဲနဲ့​တော့​ တရား​စွဲလို့​မရဘူး​။ ဗိုလ်ကြီး​ ​အောင်နိုင်ဦး​က စွဲတာလို့​တော့​ ​ပြောတယ်။”

တရား​စွဲဆိုခံထား​ရတဲ့​ လယ်သမား​တွေဟာ မိရိုး​ဖလာ လုပ်ကိုင် စား​သောက်လာတဲ့​ လယ်​မြေ​တွေကို ကပစ ၅ က ၁၉၈၉ ခုနှစ်ကစပြီး​ သိမ်း​ယူခဲ့​ပါတယ်။ အဲဒီအချိန်က​တော့​ ဒီလယ်​မြေ​တွေမှာ လယ်သမား​တွေဟာ သီး​စား​ လယ်ပြန်ကိုင်ခွင့်​ရခဲ့​ပါတယ်။

ဒါ​ပေမယ့်​ လယ်သမား​တွေ သီး​စား​လုပ်​နေတဲ့​ လယ်​မြေ​တွေကို စစ်တပ်က ၂၀၀၄ မှာတကြိမ်၊​ ၂၀၀၉ မှာတကြိမ် ​လျော်​ကြေး​တစုံတရာ မ​ပေး​ဘဲ သိမ်း​ယူလိုက်ပြီး​နောက် လယ်လုပ်ခွင့်​မရ​တော့​ ဘူး​လို့​ လယ်သမား​တွေက ​ပြောပါတယ်။

စား​ဝတ်​နေ​ရေး​ ကျပ်တည်း​လွန်း​တာ​ကြောင့်​ ဒီလယ်တွင်း​ထဲ ဝင်​ရောက် လုပ်ကိုင်ရာက​နေ တရား​စွဲဆိုခံရတာလို့​ ဦး​ဌေး​လွင်က ​ပြောပါတယ်။

“တပ်က သိမ်း​သွား​တာ ၈၉ ခုနှစ်ကတည်း​က။ ၂၀၀၄ ကျ​တော့​ ဧက ၄၀ ကို တခါ သိမ်း​တယ်။ ၂၀၀၉ မှာ ဧက ၂၅ တခါထပ်သိမ်း​တယ်။ ၂၀၁၀ ဧက ၁၅၀ ပြည့်​အောင်ဆိုပြီး​ ထပ်ပြီး​ တခါသိမ်း​လိုက်တာ။ သူတို့​က​တော့​ ​လော​လောဆယ် အ​နေအထား​က စက်ရုံအတွက်လိုလို သိမ်း​သွား​တာ။ စစ်အာဏာနဲ့​ သိမ်း​သွား​တာ။ ​လျော်​ကြေး​တစုံတရာ မ​ပေး​ပါဘူး​ဗျာ။ အခု သိမ်း​တော့​ လုံး​ဝကို လုပ်မစား​ရတာ။ ၈၉ ခုနှစ်က သိမ်း​တုန်း​က တဧကကို ၈ တင်း​နှုန်း​နဲ့​တော့​ လုပ်စား​ရ​သေး​တယ်။ ၂၀၀၄ မှာ တကြိမ်၊​ ၂၀၀၉ မှာ တကြိမ် သိမ်း​ထား​တဲ့​ ဧက​တွေက လုံး​ဝ လုပ်စား​လို့​မရဘူး​။ ကျ​နော်တို့​ကလည်း​ စား​ဝတ်​နေ​ရေး​က ကျပ်တည်း​နေ​တော့​ ထွန်း​တုံး​ တင်လိုက်တာ တရား​စွဲခံလိုက်ရတာပဲ။ ​လော​လောဆယ် အ​နေအထား​က သူလုကိုယ်လု စိုက်​နေတဲ့​သ​ဘောပဲ။ သူတို့​ဘက်ကလည်း​ စိုက်​နေတာပဲ။ ပြဿနာက​တော့​ တဖြည်း​ဖြည်း​ကြီး​ထွား​လာမှာ​တော့​ ​သေချာသ​လောက် ဖြစ်​နေတယ်။”

ပန်း​တောင်း​မြို့​နယ်ထဲမှာ လယ်သမား​တွေရဲ့​ ဘိုး​ဘွား​ပိုင်လယ်​မြေ ဧက အ​မြောက်အများ​ကို နယ်​မြေခံစစ်တပ်နဲ့​ ဌာနဆိုင်ရာ​တွေက ၁၉၇၀-၁၉၈၀ ပြည်လွန်နှစ်​တွေကစပြီး​ မတရား​သိမ်း​ဆည်း​ထား​တာလို့​ လယ်သမား​တွေက ​ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013