DVB Logo
Home
မြန်မာသတင်း
ယာယီပတ်စ်ပို့ကိုင် မြန်မာများ မဲဆောက်တွင် လွတ်လပ်စွာ သွားလာခွင့်မရ
DVB
·
July 16, 2012
ယာယီပတ်စ်ပို့ကိုင် မြန်မာများ မဲဆောက်တွင် လွတ်လပ်စွာ သွားလာခွင့်မရ
Donate to DVB

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ ယာယီနိုင်ငံကူး လက်မှတ်ရှိရင် ထိုင်းတနိုင်ငံလုံးကို လွတ်လပ်စွာ ခရီးသွားလာခွင့် ရှိတယ်လို့ သဘောတူ သတ်မှတ်ချက်ရှိပေမယ့်လည်း လွတ်လပ်စွာ ခရီးသွားလာခွင့် မရဘဲ ပိတ်ပင်ကန့်သတ်ခံနေရပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ ယာယီနိုင်ငံကူးလက်မှတ် ပတ်စ်ပို့ ကိုင်ဆောင်ထားတဲ့ မြန်မာအလုပ်သမားတွေကို မဲဆောက်မြို့က ကျော်ပြီး သွားလာခွင့်မပေးဘဲ တားမြစ်ပိတ်ပင်ထားတာပါ။

ထိုင်းလုပ်ငန်းရှင်တွေက သူတို့အလုပ်သမားတွေ တခြားခရိုင်ကို သွားပြီး အလုပ်လုပ်မှာ စိုးရိမ်တဲ့အတွက် အလုပ်သမားသွားလာခွင့် ကန့်သတ်ဖို့ တာ့ခ်ခရိုင် ၀န်နဲ့တကွ သက်ဆိုင်ရာအာဏာပိုင်တွေကို တောင်းဆိုထားပြီးနောက် ခုလို ပိတ်ပင်ခံထားရတာလို့ မဲဆောက်အခြေစိုက် အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

မဲဆောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားသမဂ္ဂခေါင်းဆောင် ဦးမိုးဆွေကတော့ မဲဆောက်က မြန်မာအလုပ်သမားတွေအနေနဲ့ လုပ်အားခ အပြည့်အ၀မရလို့ တခြားနေရာတွေကို သွားရောက်အလုပ်လုပ်ဖို့ ကြိုးစားကြတာလို့ ပြောပါတယ်။

“လုပ်ပိုင်ခွင့်မရှိဘဲနဲ့ ထိုင်းနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်း (တာ့ခ်ခရိုင်) က လုပ်ပိုင်ခွင့်ဘောင်ကို ကျော်ပြီးတော့ တောင်းဆိုတာကို တာ့ခ်ခရိုင်အာဏာပိုင်တွေက ခွင့်ပြုလိုက်တဲ့ အနေအထားဗျ။ မဲဆောက်မှာက ပတ်စ်ပို့ရှိလည်း ၁၂၀ ဘတ်ကနေ ပိုမပေးဘူး။ အလုပ်သမားတွေက ပတ်စ်ပို့အတွက် ကုန်ကျစရိတ်တွေလည်း ရှိတယ်။ ဒါပေမယ့် လခက တိုးမလာဘူး။ အရင်တုန်းက ပေးတဲ့နှုန်းအတိုင်းပဲ ပေးတဲ့အတွက် ဘန်ကောက်မှာရှိတဲ့ လုပ်ငန်းရှင် အသစ်တွေနဲ့ ဘန်ကောက်ကို ပြောင်းရွှေ့ လုပ်ကြတာဗျ။ ဥပဒေက သတ်မှတ်ထားတ့ ၂၂၆ ဘတ်သာ ရမယ်ဆိုရင် ဘယ်အလုပ်သမားမှ တက်လုပ်ကြမှာ မဟုတ်ဘူး။”

မြန်မာအလုပ်သမားတွေကို ခရီးသွားလာခွင့်ကန့်သတ်ထားတာကို ရုပ်သိမ်းပေးဖို့ မဲဆောက်မှာရှိတဲ့ အလုပ်သမားအဖွဲ့တွေစုပေါင်းပြီး တာ့ခ်ခရိုင်ဝန်၊ ခရိုင်ရဲဌာန၊ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ ထိုင်းနယ်ခြားစောင့်တပ်တွေဆီကို ပြီးခဲ့တဲ့ လကုန်ပိုင်းကတည်းက စာပို့တောင်းဆိုထားကြပါတယ်။

သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေကတော့ ခုထိ အကြောင်းပြန်ကြားလာတာ မရှိသေးဘူး။ ခရိုင်အဆင့်မှာ အကြောင်းထူးမလာရင် ဒီထက်မြင်တဲ့ ဌာနတွေကို တိုင်ကြားဖို့ ထိုင်းလူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြင်ဆင်နေတယ်လို့ ရောင်ခြည်ဦး အလုပ်သမားအဖွဲ့က ပြောပါတယ်။

မြန်မာအလုပ်သမားတွေ သိန်းနဲ့ချီပြီး အလုပ်လုပ်ကိုင်နေကြတဲ့ မဲဆောက်မြို့ အခုလို ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်ခံနေရပေမယ့် ချင်းမိုင်၊ ဘန်ကောက်နဲ့ တခြားမြို့တွေမှာတော့ ယာယီပတ်စ်ပို့ကိုင် မြန်မာအလုပ်သမားတွေ အထိုက် အလျောက် ခရီးသွားလာခွင့်ရှိတယ်လို့  အလုပ်သမားအဖွဲ့တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013