DVB Logo
Home
မြန်မာသတင်း
ဝ တင်ပြသည့် ပြင်ဆင်ခွင့်နှင့်နုတ်ထွက်ခွင့်ကိစ္စ နှစ်ဖက်ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော
DVB
·
July 14, 2018
ဝ တင်ပြသည့် ပြင်ဆင်ခွင့်နှင့်နုတ်ထွက်ခွင့်ကိစ္စ နှစ်ဖက်ညှိနှိုင်းနေဟု ဦးဇော်ဌေးပြော
Donate to DVB

ဝ ဘက်ကတင်ပြတဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်ထိုးပြီး ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ခွင့်ကိစ္စ နှစ်ဘက်ကျေလည်အောင် ညှိနှိုင်းနေကြောင်း ဦးဇော်ဌေးကပြောပါတယ်။

ဇွန် ၁၃ ရက်နေ့ တတိယအကြိမ် ပင်လုံညီလာခံ တတိယနေ့အစည်းဝေးတွေအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာတွေရဲ့ မေးမြန်းချက်တွေကို အခုလို ပြန်လည် ဖြေကြားတာပါ။

“အန်စီအေမှာ နံပါတ် တစ် ပြင်ဆင်ဖို့ ထွက်လို့ရတယ်ဆိုတာ မပါဘူး။ နံပါတ် နှစ် ထွက်လို့ မရဘူးဆိုတာလည်း မပါဘူး။ နံပါတ်သုံး အန်စီအေ ပုဒ်မ ၂၇ မှာ ဘာပါလဲဆို အန်စီအေက လွှမ်းခြုံနိုင်ခြင်းမရှိတဲ့ ကိစ္စတွေ ပေါ်ပေါက်လာရင် ဆိုလိုရင်တော့ သဘောတူညီချက်တွေမှာ အကယ်လို့ အန်စီအေ မှာမပါဘူး။ တိတိကျကျမပါတဲ့ ဟာတွေဖြစ်လာရင် နှစ်ဖက် လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ အစိုးရဘက်နဲ့ နှစ်ဖက်ညှိနှိုင်းပြီးဆောင်ရွက်သွားမယ်ဆိုတဲ့ ဟာလေးပါတယ်။ အဲဒါကို ကျေကျေလည်လည် ဖြစ်အောင်တော့ ရှင်းပြနေတယ်။ ဘာလဲဆိုတော့ ၀ ရဲ့ ထုတ်ပြန်ချက်မှာပါတဲ့ အတိုင်း လက်မှတ်ထိုးပြီးပြီး အကယ်လို့ အဆင်မပြေရင် နုတ်ထွက်မယ်ဆိုတဲ့ ကိစ္စက အန်စီအေမှာ မပါဘူး။ ဘယ်လိုနုတ်ထွက်ရမယ်ဆိုတာမပါဘူး။ အန်စီအေ ထိုးထားတဲ့လူတွေ မနုတ်ထွက်နဲ့ ဆိုတာလည်း မပါဘူး။ အဲတော့ အန်စီအေက လွှမ်းခြုံနိုင်ခြင်း မရှိတဲ့ ကိစ္စဖြစ်နေတယ်။ အဲဒါ အန်စီအေ ပုဒ်မ ၂၇ အရ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စဖြစ်နေတယ်။ အန်စီအေ ပုဒ်မ ၂၇ မှာပါတယ်။ အဲအတိုင်း ညှိနှိုင်းဆောင်ရွက်သွားလို့ရ တယ်။ ၀ ပြောတဲ့ဟာကို တကယ်လို့ လက်မှတ်ထိုးပြီးသွားရင် အဆင်မပြေလို့ ပြန်ထွက်ချင်တယ်ဆိုတဲ့ကိစ္စက ပုဒ်မ ၂၇ နဲ့ သွားရမယ့် ကိစ္စ၊ အဲဒါကို ကျေလည်အောင် ပြန်ပြီးတော့ ရှင်းပြနေတယ်။ အဓိကကတော့ အန်စီအေထဲ ၀င်လာရင် တကယ်လို့ အဆင်မပြေရင် ထွက်ဆိုတော့ ဥပမာ တခြားနိုင်ငံတွေမှာတော့ သဘောတူညီချက်က ပျက်ပြယ်တယ်ဆိုရင်တော့ မလုပ်တော့ဘူးဆိုရင် ပျက်ပြယ်တယ်။ သို့သော် ကျနော်တို့က စနစ်တကျနဲ့ လုပ် ချင်တယ်ဆိုရင် အန်စီအေအရပဲ သွား ရမှာပေါ့။ အဲအတိုင်းပဲ ပြန်ညှိပါမယ်။ ဆက်လက်ပြီးတော့လည်း ဆွေးနွေးမှာဖြစ်ပါတယ် ” လို့ ဆိုပါတယ်။

ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံ တတိယအကြိမ်အစည်းအဝေးမှာ ၀ ပြည်နယ်ရဲ့ ဆွေးနွေးချက်ဆိုတဲ့ ထုတ်ပြန်မှာ အစိုးရနဲ့ တပ်မတော်ဘက်က အန်စီအေဟာ ပြင်လို့ရတယ်၊ သဘောမကျရင် နုတ်ထွက်လို့ ရတယ်လို့ဆိုတာကြောင့် NCA ကို လက်မှတ်ထိုးပြီးမှ ပြင်ဆင်ခွင့်နဲ့ နုတ်ထွက်ပိုင်ခွင့်ရှိရမယ်ဆိုတဲ့ သဘောထားကို အစိုးရနဲ့ တပ်မတော်ဘက်က စာနဲ့ ကတိခံခဲ့ရင် ၀ ပြည်အနေနဲ့ လက်မှတ်ထိုးဖို့ စဉ်းစားပေးမယ်လို့ ဆွေးနွေးခဲ့တယ်လို့ ပါရှိပါတယ်။

ဒါပေမယ့် အခုအခါမှာ အစိုးရနဲ့ တပ်မတော်က ဒီကိစ္စဟာ အရင်ကပြုလုပ်ခဲ့တဲ့ အန်စီ ပြင်ဆင်လို့ မရဘူးဆိုတဲ့ လမ်းစဉ်ပေါ် ပြန်လည်ရောက်ရှိသွားပြီး ဒါဟာ ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့တိုးဖို့အတွက် မကောင်းတဲ့ အကျိုးသက် ရောက်မှုဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်မိတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

၂၁ ရာစုပင်လုံငြိမ်းချမ်းရေး ညီလာခံမှာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) လက်မှတ်မထိုးရသေးတဲ့ မြောက်ပိုင်း ၇ ဖွဲ့က ကိုယ်စားလှယ်တွေပါ ဝင်ရောက်ဆွေးနွေးနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013