
ကလေးမြို့ ကလေးဝမြို့နဲ့ မင်းကင်းမြို့ ပေါင်းထားတဲ့ ကလေးခရိုင်မှာ အခု ၂ဝ၁၈ ခုနှစ် ဇွန်လထိ ယာဉ်တိုက်မှုတွေမှာ သေဆုံးသူ ၄ဝ ကျော် ရှိနေပြီလို့ ကလေးခရိုင်ရဲတပ်ဖွဲ့ တပ်ကြပ်အဆင့် ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“ယာဉ်တိုက်မှုတွေ စာရင်းအရ လအလိုက် မှတ်တမ်းမှာ သေဆုံးသူက ခြောက်လ အတွင်း ၄၄ ဦး ရှိတယ်။ ကျားမ စာရင်းကတော့ ပြုစုနေဆဲ” လို့ တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် ရဲတပ်ကြပ် ခင်ဇော်သိန်းဦးက ဆိုပါတယ်။
၂ဝ၁၈ ပထမ ခြောက်လအတွင်း ကလေးခရိုင်မှာ သေဆုံးသူ ၄၄ ဦးအပြင် ထိခိုက် ဒဏ်ရာ ရရှိသူအနေနဲ့လည်း ၁ဝ၂ ဦးထိ ရှိနေပြီး ၂ဝ၁၇ ခုနှစ်ထက် များပြားလာတာကို တွေ့ရပါတယ်။
“ဖြစ်တာ များတာက လူလတ်ပိုင်းတွေ များတယ်။ မူးလို့ ဖြစ်တာများတယ်။ တတ်နိုင်ရင် မြို့တွင်း ရှုပ်ထွေးနေရာတွေနဲ့ လမ်းဖြတ်တဲ့ နေရာသတိထားပြီး အရှိန်လျော့မောင်းကြဖို့ လိုတယ်” လို့ ကလေးမြို့မှာ နာရေးကူညီမှု လုပ်နေတဲ့ ကာယကံမေတ္တာနာမှုကူညီရေးအသင်းက ကိုဆောင်းသက်လယ်က ပြောပါတယ်။
ကလေးခရိုင်တွင်း သက်ဆိုင်ရာ တာဝန်ရှိ ဌာနတွေအနေနဲ့လည်း ယာဉ်လမ်း စည်းကမ်းနဲ့ ပတ်သက်ပြီး ပညာပေး၊ အရေးယူတာတွေ အဆက်မပြတ် ဆောင်ရွက်နေပါတယ်။
ခုလို ယာဉ်မတော်တဆမှုကြောင့် ပထမ ၆ လအတွင်း သေဆုံးသူ ပမာဏဟာ ၂ဝ၁၈ ခုနှစ်အတွင်း များပြားတဲ့ ကိန်းဂဏန်းတခုလည်း ဖြစ်တယ်လို့ သိရပါတယ်။
မင်းရဲစစ်နိုင်











