DVB Logo
Home
မြန်မာသတင်း
ကြားဖြတ်ရွေးကောက်ပွဲ ရှိသည်ကို မဲပေးခွင့်ရှိသူဦးရေ၏ ထက်ဝက်သာသိရှိ
DVB
·
July 13, 2018
ကြားဖြတ်ရွေးကောက်ပွဲ ရှိသည်ကို မဲပေးခွင့်ရှိသူဦးရေ၏ ထက်ဝက်သာသိရှိ
Donate to DVB

ကြားဖြတ်ရွေးကောက်ပွဲ ကနဦးစစ်တမ်းတွေအရ နိုဝင်ဘာလမှာ ကြားဖြတ်ရွေးကောက်ပွဲ ရှိတာကို မဲဆန္ဒနယ် ၁၂ နေရာက မဲပေးခွင့်ရှိသူ လူဦးရေရဲ့ တဝက်လောက်ကပဲ သိရှိတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်တဲ့ ကြားဖြတ်ရွေးကောက်ပွဲ ကနဦးစစ်တမ်း အစီရင်ခံစာ ရှင်းလင်းပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE က အခုလို ပြောဆိုသွားတာပါ။

ရွေးကောက်ပွဲအကြိုကာလ စစ်တမ်းကို ဇွန်လ နောက်ဆုံးပတ်က မဲဆန္ဒနယ် ၁၂ နေရာမှာ ကောက်ယူခဲ့ပြီး မဲန္ဒရှင်ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲရှိတာကို သိမသိ၊ မဲစာရင်းကြေညာတာကို သိမသိ၊ မဲပေးချင်စိတ် ရှိမရှိတို့ကို မေးမြန်းခဲ့တာ ဖြစ်ပါတယ်။

ဒီစစ်တမ်းကို စစ်တမ်းကောက်ယူသူ ၁၂၂ ဦး၊ တွေ့ဆုံမေးမြန်းမှုပါင်း ၁၂၂ဝ ခုနဲ့ ကောက်ယူခဲ့ပြီး စစ်တမ်းကောက်ယူတဲ့ မဲဆန္ဒနယ် ၁၂ နေရာမှာ မဲပေးခွင့်ရှိသူ ၇၈၄၂ဝဝ ကျော် ရှိပါတယ်။

ကနဦးစစ်တမ်းတွေအရ ရွေးကောက်ပွဲအပေါ် ပြည်သူလူထုရဲ့ စိတ်ဝင်စားမှု နည်းပါးနေတဲ့အပေါ် ရွေးကောက်ပွဲကော်မရှင်အပြင်၊ နိုင်ငံရေးပါတီတွေ၊ ပြည်တွင်းပြည်ပ အရပ်ဘက် အဖွဲ့အစည်းတွေအနေနဲ့ အသိပညာပေး လုပ်ငန်းစဉ်တွေကို အရှိန်မဟုန်မြှင့် လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က အကြံပြုထားပါတယ်။

ကနဦးစစ်တမ်းကို မဲဆန္ဒနယ် ၁၃ နေရာထဲက မန္တလေးတိုင်းဒေသကြီးမှာ ပြုလုပ်မယ့် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး မဲဆန္ဒနေရာကလွဲပြီး ကျန်နေရာတွေမှာ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

ဒီလို စစ်တမ်းတွေကို မဲဆွယ်စည်းရုံးခွင့်ကာလ ကြေညာပြီးရင်လည်း ဆက်လုပ်သွားမယ်လို့  ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို လာမယ့် နိုဝင်ဘာ ၃ ရက်နေ့ ကျင်းပမှာဖြစ်ပြီး မဲဆန္ဒနယ် ၁၃ နေရာမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ မဲစာရင်းတွေကို ဇူလိုင် ၉ ရက်နေ့ကနေ ၂၂ ရက်အထိ ကြေညာထားမှာဖြစ်ပြီး ပြည့်စုံ၊ မှန်ကန်မှု ရှိ၊ မရှိကို လာရောက်ကြည့်ရှုကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က တိုက်တွန်းထားပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း ၆၉ ဦး အမည်စာရင်းတင်သွင်းထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြောကြားထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013