DVB Logo
Home
Lead Story
ဘီအီးဒီ အိပ်မက်
DVB
·
July 13, 2018
ဘီအီးဒီ အိပ်မက်
Donate to DVB

ပညာ​ရေး​လောကသားတိုင်း B.Ed. ပညာရေးဘွဲ့ကို လိုချင်​ကြပါတယ်​။ ပညာ​ရေးတက္ကသိုလ်​ဆိုတာ ​ကျောင်းဆရာ၊ ဆရာမ​တွေရဲ့ ​အိပ်​မက်​တ​ခုဆိုလည်း မမှားပါဘူး။ ပညာ​ရေးတက္ကသိုလ်​ ဝင်​ခွင့်ရဖို့အတွက် ​နည်းလမ်းသုံးမျိုး ရှိပါတယ်​။

ပထမနည်းလမ်းက တက္ကသိုလ်​ဝင်​တန်းစာ​မေးပွဲ​ အောင်​တာနဲ့ ပညာ​ရေးတက္ကသိုလ်​ ဝင်​ခွင့်အတွက်​ သတ်​မှတ်​ထားတဲ့ရမှတ်​ ပြည့်မီ​ရင်​ ဝင်​ခွင့်ရပါတယ်​။ ဒုတိယနည်းလမ်းက ပညာ​ရေးတက္ကသိုလ်​ အမှတ်​မမီလိုက်​တဲ့ တက္ကသိုလ်​ဝင်​တန်း ​အောင်​မြင်​သူ​တွေဟာ ပညာ​ရေး​ကောလိပ် (ဆရာအတတ်​သင်​) ဝင်​ခွင့်ရခဲ့မယ်​ဆိုရင်​ ပညာ​ရေး​ကောလိပ်​ ၂ နှစ်​တက်​ပြီး ကြိုးစားလို့ သတ်​မှတ်​ထားတဲ့ Grade အဆင့်ကို ရခဲ့ရင် ​ပညာ​ရေးတက္ကသိုလ်​ ဆက်​တက်​လို့ ရပါတယ်​။ တတိယနည်းလမ်းက​တော့ လုပ်​ငန်းခွင်​ထဲက​နေ ဌာနက သတ်​မှတ်​ထားတဲ့ လုပ်​သက်​နဲ့ ရာထူး​အရ ပညာ​ရေးတက္ကသိုလ်​ဝင်​ခွင့်ကို ဝင်​​ရောက်​​ဖြေဆိုပြီး​ အောင်​မြင်​ခဲ့မယ်​ဆိုရင် ​ပညာ​ရေးတက္ကသိုလ် ​တက်​ခွင့်ရပါတယ်​။

ဒီ​ဆောင်းပါးမှာ​တော့ တတိယနည်းလမ်းနဲ့ ဘီအီးဒီဝင်​ခွင့် ကြိုးစားကြသူ​တွေရဲ့ အခက်​အခဲ​တွေကိုသာ တင်​ပြသွားမှာ ဖြစ်​ပါတယ်​။

ပညာ​ရေးတက္ကသိုလ်​တက်​ခွင့်ရဖို့ ပထမနည်းလမ်းနဲ့ ဒုတိယနည်းလမ်းက​တော့ ရှင်းပါတယ်​။ အဆင့်မီရင် ​တက်​ခွင့်ရမယ်။ ​မမီရင် မရဘူး။ ဒါ​ပေမယ့် တတိယနည်းလမ်းဖြစ်​တဲ့ လုပ်​ငန်းခွင်​ထဲက ဘီအီးဒီဝင်​ခွင့် ဝင်​​ရောက်​​ဖြေဆိုရာမှာ​ အောင်​မြင်​ဖို့ အခွင့်အရေးဟာ တကယ့်ကို မလွယ်​တဲ့ကိစ္စပါ။ ဘီအီးဒီဝင်​ခွင့်​ဖြေရာမှာ အရင်​က ကိုးတန်း၊ ဆယ်​တန်းစာကို​ ဖြေဆိုခဲ့ရ​ပေမယ့် ၂ဝ၁၄ ​လောက်​ကစပြီး တက္ကသိုလ်​ ပထမနှစ်​နဲ့ ဒုတိယနှစ်​စာကို​ ဖြေဆိုလာရပါတယ်​။

ဘာပဲဖြစ်​ဖြစ်​ ဒီအထိ​တော့ ပြဿနာမဟုတ်​ပါဘူး။ ဘီအီးဒီဝင်​ခွင့်​အောင်​ချင်​ရင် ​သတ်​မှတ်​ထားတဲ့ ဘာသာရပ်​ကို ​လေ့လာရတာက သဘာဝကျပါတယ်​။ ခက်​တာက ဘီအီးဒီဝင်​ခွင့်အတွက် ​လုပ်​ငန်းခွင်​ထဲက ဝင်​​ရောက်​​ဖြေဆိုသူ​တွေရဲ့ ခွဲတမ်းက သတ်​မှတ်​ထားတဲ့အခါ သက်​ဆိုင်​ရာစာကို​ လေ့လာလို့​ ဖြေနိုင်​ကြပါရက်​နဲ့ ဘီအီးဒီဝင်​ခွင့် အောင်​စာရင်းမှာ ပါမလာတာက တကယ့်ပြဿနာပါပဲ။

၂ဝ၁၈-၂ဝ၁၉ ပညာသင်​နှစ်​အတွက်​ လုပ်​ငန်းခွင်​အတွင်းက ဘီအီးဒီ​ရွေးချယ်​မယ့် ခွဲတမ်းက​တော့-

၁။ ဝင်​ခွင့်စာ​မေးပွဲ​ ဖြေဆိုသည့် အထက်​တန်းပြများ ၄၅ ရာခိုင်နှုန်း (၆၇၅) ဦး

၂။ လစာနှုန်းတူညီသည့် သင်​ကြား​ရေးနှင့်သက်​ဆိုင်​​သော ဒုဦးစီးမှူးများ၊    ဒုကြီးကြပ်​​ရေးမှူးများနှင့် PGDMA ဘွဲ့ရ ကွန်​ပျူတာ လုပ်​​ဆောင်​​ရေးမှူးများ ၅ ရာခိုင်နှုန်း (၇၅) ဦး

၃။ ဝင်​ခွင့်စာ​မေးပွဲ​ ဖြေဆိုသည့် အလယ်​တန်းပြများ၊ မူလတန်း​ကျောင်းအုပ်​များ ၈ ရာခိုင်နှုန်း (၁၂ဝ) ဦး

၎။ လစာနှုန်းထားတူညီသည့် သင်​ကြား​ရေးနှင့် သက်​ဆိုင်​​သော ဒုလ/ထကြီးကြပ်​​ရေးမှူးများ၊ PGDMA ဘွဲ့ရ လက်​​ထောက် ကွန်​ပျူတာလုပ်​​ဆောင်​​ရေးမှူးများ ၂ ရာခိုင်နှုန်း (၃ဝ) ဦး

၅။ ဝင်​ခွင့်​စာ​မေးပွဲ​ဖြေဆိုသည့် ပညာ​ရေး​ကောလိပ်​မှ နည်းပြများ ၁ဝ ရာခိုင်နှုန်း (၁၅ဝ) ဦး

၆။ ဝင်​ခွင့်​စာ​မေးပွဲ​ဖြေဆိုသည့် လုပ်​သက်​ကြီးစဉ်​အုပ်​စုမှ လျှောက်​ထား​သော အထက်​တန်းပြများ၊ အလယ်​တန်းပြများ ၃ဝ ရာခိုင်နှုန်း (၄၅ဝ) ဦးတို့ ဖြစ်​ပါတယ်​။

ဘီအီးဒီတက်​ခွင့်​ပြုမယ့်​ဦး​ရေဟာ စုစု​ပေါင်း ၁၅ဝဝ ဦး ဖြစ်​ပါတယ်​။ ဒီလို ခွဲတမ်းသတ်​မှတ်​ချက်​ကို အဆင့်​မြင့်​ပညာဦးစီးဌာနက ၂ဝ၁၇ ခုနှစ်​ ဒီဇင်​ဘာလ ၂၉ ရက်​​မှာ တရားဝင်​စာထုတ်​ပြီး သက်​ဆိုင်​ရာ အဖွဲ့အစည်း​တွေကို အ​ကြောင်းကြားခဲ့ပါတယ်​။ အခုလို သတ်​မှတ်​ခဲ့တဲ့ ရွေးချယ်​​ရေးမူ​တွေ သင်​တန်းတက်​​ရောက်​ရမယ့် သင်​တန်းသားဦး​ရေနဲ့ ရာခိုင်​နှုန်းကို (၂၅.၁ဝ.၂ဝ၁၇) ရက်​​နေ့မှာ ပညာ​ရေး​ကောလိပ်​များ၊    အဆင့်​မြင့်​ပညာဦးစီးဌာန၊ အ​ခြေခံပညာဦးစီးဌာန၊ ဆရာအတတ်​ပညာနှင့်​ လေ့ကျင့်​​ရေးဦးစီးဌာန၊ ပညာ​ရေးသု​တေသန ​စီမံကိန်းနှင့်​ လေ့ကျင့်​​ရေးဦးစီးဌာနမှ အဆင့်​မြင့် အရာရှိကိုယ်​စားလှယ်​များနဲ့ တိုင်း/ပြည်​နယ် ပညာ​ရေးမှူးရုံးများမှ ပညာ​ရေးမှူးများနဲ့ ကျင်းပပြုလုပ်​ခဲ့တဲ့ ညှိနှိုင်း​ဆွေး​နွေးပွဲ ရလဒ်​အ​ပေါ် မူတည်​ပြီး အဆင့်​မြင့်​ပညာဦးစီးဌာနက ထုတ်​ပြန်​​ကြေညာခဲ့တာ ဖြစ်​ပါတယ်​။

ဘီအီးဒီတက်​ခွင့်​ စိစစ်​​ရွေးချယ်​​ရေး အဖွဲ့ကလည်း သတ်​မှတ်​ထားတဲ့ ရာထူးအဆင့်​အလိုက်​ ရာခိုင်နှုန်းအလိုက် ရွေးချယ်​​ခေါ်ယူကြပါတယ်။ ဒါက ဌာနဘက်က ခွင့်​ပြုနိုင်​မယ့် ကန့်​သတ်ချက်​ကို သတ်​မှတ်​ထားတဲ့အတိုင်း ​ရွေးချယ်​​ခေါ်ယူကြတာပါပဲ။ တဖက်​မှာလည်း ဖြေနိုင်​ရက်​သားနဲ့ ဝင်​ခွင့်​မရတာဟာ ဆရာ၊ ဆရာမ​တွေရဲ့ ကြိုးစားချင်​စိတ်​ကို လျော့ကျလာ​စေတာ အမှန်​ပါပဲ။ တနှစ်​​ဖြေတယ်။ ​ဖြေနိုင်​တယ်​။ မပါဘူး။ ဒီလိုနဲ့ သုံး​လေးနှစ်​​ဖြေ​နေကြရင်း လူ​တွေက စိတ်​ဓာတ်​ကျလာတယ်​။ ဘီအီးဒီပါဖို့အတွက်​ ကံကိုပဲ အားကိုးရမလို ဖြစ်​လာတယ်။ အသက်​ကလည်း ကြီးလာပြီ၊    ငယ်​ငယ်​ရွယ်​ရွယ်​​တွေလို စာကျက်​ရတာလည်း မလွယ်​​တော့ဘူး။ ဒီလိုနဲ့ ဘီအီးဒီအိပ်မက်​ကို ကျောခိုင်းပြီး ​မေ့ပစ်​ဖို့ ကြိုးစားခဲ့ရတဲ့ ဆရာ၊ ဆရာမ​တွေ အများကြီးပါပဲ။ ဘီအီးဒီဝင်​ခွင့်​ အောင်​ဖို့အတွက်​ အနီးကပ်​သင်​တန်း​တွေပေးတဲ့ ပါ​မောက္ခ​တွေလည်း ရှိပါတယ်​။

ရန်​ကုန်​လို​နေရာမျိုးမှာ​​တော့ ဘီအီးဒီဝင်​ခွင့် စာ​မေးပွဲမှာ ပါနိုင်​မယ့် မေးခွန်း​တွေကို သင်​​ပေးတဲ့ဝိုင်း​တွေ ရှိပါတယ်​။ ဒီဝိုင်းမျိုးက ​တော်​ရုံအဆက်​အသွယ်​မျိုးနဲ့ တက်​ခွင့်​မရပါဘူး။ အဆက်​အသွယ်​​ကောင်းသူ​တွေသာ ဘယ်​မှာတက်​ရတယ်​ဆိုတာ သိနိုင်​ပါတယ်။   ကုန်​ကျစရိတ်​အားဖြင့်​​တော့ ၆ သိန်း​လောက် ကုန်​တယ်​လို့ အဲလိုဝိုင်းမျိုးမှာ တက်​ဖူးပြီး ဘီအီးဒီလည်း ပါသွားတဲ့ အမည်​မ​ဖော်​လိုသူ ဆရာတယောက်​က ပြောပါတယ်​။

အဲလိုဝိုင်းမျိုးမှာ သင်​လိုက်​တဲ့အပုဒ်​​တွေ တိုးတယ်​လို့လည်း ဆိုပါ​သေးတယ်​။ ဒါ​ပေမယ့် ဒီလိုဝိုင်းမျိုးဟာ ဘီအီးဒီတက်​ခွင့်​ရဖို့ အာမ မခံနိုင်​​သေးပါဘူး။ ဌာနက သတ်​မှတ်​ထားတဲ့ ရာနှုန်းအလိုက် သတ်​မှတ်​ထားတာ​ကြောင့်​ ဖြေနိုင်​​ပေမယ့်​လည်း ရာခိုင်နှုန်း သတ်​မှတ်​ချက်​အရ ဘီအီးဒီဝင်​ခွင့်​ဟာ ကံအ​ပေါ် မူတည်​​နေပါ​သေးတယ်​။ တကယ်​​တော့ ဘီအီးဒီဝင်​ခွင့်​​အောင်​တာဟာ တက္ကသိုလ်​ဝင်​တန်း ​အောင်​သလိုမျိုးပါပဲ။ ဆိုလိုတာက တက္ကသိုလ်ဝင်​တန်း​အောင်​မှသာ ဘဝအတွက်​ ရှေ့ဆက်​ဖို့ မျှော်​လင့်​နိုင်​ကြသလိုပါပဲ။ လုပ်​ငန်းခွင်​ထဲက ဆရာ၊ ဆရာမ​တွေအတွက်​​တော့ ဘီအီးဒီဝင်​ခွင့်​​ အောင်​မှသာ ရှေ့ဆက် ရာထူးရ​အောင် ကြိုးစားပိုင်​ခွင့်​ ရှိလာနိုင်​လို့ပါပဲ။ ဘာပဲဖြစ်​ဖြစ် ​နေရာတိုင်းမှာ​တော့ ကန့်​သတ်​ချက်​​တွေ အနည်းနဲ့အများဆိုသလို ရှိတတ်​ကြတာပါပဲ။ လုပ်​ငန်းခွင်​ထဲ​ရောက်​ပြီးမှ ဘီအီးဒီဝင်​ခွင့်​ကို ကြိုးစားကြမယ်​ ဆိုရင်​​တော့ စိတ်​ရှည်​လက်​ရှည်​နဲ့ စောင့်​​ဖြေနိုင်​ဖို့ လိုပါတယ်​။ ​ဖြေနိုင်​​ပေမယ့်​ မပါလို့ စိတ်​ဓာတ်​မကျကြဘဲ ​အောင်​မြင်​တဲ့အထိ ဖြေကြဖို့ တိုက်​တွန်းချင်​ပါတယ်​။ ငွေနဲ့ကပ်​လို့ ပါတယ်​ဆိုတာထက်​ ဘီအီးဒီဝင်​ခွင့်​ဟာ တက္ကသိုလ်​ဝင်​တန်းလိုပဲ နတ်​ကြီးတယ်​လို့သာ ဆိုချင်​ပါတယ်​။ လုပ်​ငန်းခွင်​ထဲက​နေ ဘီအီးဒီအိပ်မက်​ကို စိတ်​ရှည်​လက်​ရှည် ဆက်​မက်​နိုင်​ကြပါ​စေ။

ပန်းသီကြိုး (ရ​သေ့​တောင်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013