DVB Logo
Home
မြန်မာသတင်း
ပန်းတောင်းမြို့ လယ်သမားများကို စစ်တပ်က ပြန်လွှတ်
DVB
·
July 14, 2012
Donate to DVB

ပဲခူးတိုင်း ပန်းတောင်းမြို့နယ်မှာ တပ်မတော်သားတွေက သူတို့သိမ်းထားတဲ့ လယ်တွေပေါ်မှာ လယ်ဝင်ထွန်ကြတဲ့ မူလပိုင်ရှင်လယ်သမားတွေကို ဖမ်းဆီးထားရာကနေ ပြန်လွှတ်ပေးလိုက်ပါတယ်။

ပန်းတောင်းမြို့နယ်ထဲက ဆင်တဲကျေးရွာအုပ်စုနဲ့ ပဲကြီးကုန်းကျေးရွာအုပ်စုနှစ်စုနှစ်ခုက လယ်သမားတွေဟာ သူတို့သိမ်းခံရတဲ့မြေတွေပေါ်မှာ ဇူလိုင် ၁၂ ရက်နေ့က ထွန်ယက်ခဲ့ကြတာဖြစ်ပြီး အဲဒီလယ်သမားတွေထဲက ၇ ဖမ်းဆီးခံရတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေကတော့ ဦးတင်အောင်၊ ဦးအောင်ကြည်၊ ဦးထွန်းဟန်၊ ဦးမင်းနိုင်၊ ဦးဟန်ဝင်း၊ ဦးးကျော်ကျော်လွင်နဲ့ ဦးစံမင်းတို့ဖြစ်ပြီး အားလုံး နေ့တွင်းချင်း ပြန်လည်လွတ်မြောက်လာကြပါတယ်။

ဖြစ်ပုံက ဇူလိုင် ၁၂ ရက် နေ့ သူတို့လယ်တွေမှာ သူတို့ပြန်ထွန်တဲအခါ ကပစ ၃ စက်ရုံက စက်ရုံမှူး ဒုဗိုလ်မှူးကြီးသန်းရွှေ၊ စက်ရုံအုပ်ချုပ်ရေးပိုင်းက ဗိုလ်မှူးဝင်းလှိုင်၊ ဗိုလ်မှူးမောင်မောင်စိုး၊ ဗိုလ်ကြီးဇေယျာထွန်းနဲ့ အရာခံဗိုလ်တွေအပါအ၀င် တပ်မတော်သား ၁၂ ယောက်ကျော်လောက် ရောက်လာပြီး ကိုယ့်လယ်ကိုယ်ပိုင်ဆိုင်တယ်ဆိုတာ ပြဖို့ မြေစာရင်းရုံးမှာ အထောက်အထားပြဖို့ ပြောဆိုခဲ့ပါတယ်။

ဇူလိုင် ၁၃ ရက်မနက်မှာ ပန်းတောင်းမြို့မြေစာရင်းရုံးကို သွားကြတဲ့ထဲက ၇ ဦး ဖမ်းခံထိတာဖြစ်ပါတယ်။ လယ်ထွန်လို့ဖမ်းတာမဟုတ်ဘဲ တပ်ပိုင်နယ် တားမြစ်တဲ့နေရာက ဖြတ်သွားလို့ ဖမ်းပြီး စစ်ရုံးကိုခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

ဖမ်းစက ၇ ဦးဖြစ်ပေမယ့် နေ့ခင်းမှာ ၃ ဦးကို စစ်ရုံးကနေ ပြန်လွှတ်ပေးပြီး ၄ ဦးကို ရဲစခန်းကို ပို့ဆောင်ခဲ့ပုံနဲ့ ရဲစခန်းမှာ အချုပ်တွင်းမနေခဲ့ရဘဲ ည ၈ နာရီခန့်မှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဦးအောင်ကြည်က ပြောပါတယ်။ နောက်နောက် အဲဒီတပ်ပိုင်နေရာက မဖြတ်ပါဘူးဆိုတာ လက်မှတ်ထိုးခဲ့ရတယ်လို့ ဆိုပါတယ်။

အရင်တုန်းက ဖြတ်သန်းသွားလာနေကျနေရာကို ကျော်တယ်ဆိုပြီး အရေးယူပြတာဟာ လယ်ထွန်တဲ့အပေါ် အရေးမယူချင်လို့ တခြားပုံစံတမျိုးနဲ့ အရေးယူပြတဲ့ ပုံစံဖြစ်တယ်လို့ လယ်သမားတွေက ယူဆပါတယ်။

ဖမ်းခံထိပြီး ပြန်လွတ်လာတဲ့ လယ်သမားဦးအောင်ကြည်က မနေ့က အတွေ့အကြုံကို ခုလို ပြောပါတယ်။

“ရဲဘော်တွေက ဦးလေးတို့နားကို ၀ိုင်းလာပြီး ဖမ်းတော့တာပဲ။ စစ်ကားနဲ့ပဲ သူတို့စစ်ရုံးကို ခေါ်သွားတယ်။ ခနလောက်ပဲ ကြာပါတယ်။ အရင်တုန်းက သွားရင် အဖမမ်းမခံရဘူး သူတို့ဘာမှ မပြောဘူး။ မနေ့ကစပြီးမှ ဖမ်းတာ။ ရဲစခန်းရောက်တော့လည်း အေးအေးဆေးဆေးနဲ့ ပြီးသွားတာပါပဲ။”

လယ်သမားတွေကို ဖမ်းဆီးမှုနဲ့ ပတ်သက်လို့ သူတို့ကို ကူညီနေသူ ကိုရဲထင်ကျော်က လယ်သမားတွေဟာ တခြားလုပ်စားစရာမရှိတော့လို့ အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေထိ ဖြေရှင်းပေးဖို့ တင်ပြတာကို လျစ်လျူရှုတဲ့အတွက် ကိုယ့်လယ်ထဲကိုယ်ဝင်ထွန်တဲ့ဖြစ်ရပ် ပေါ်ပေါက်ခဲ့ရတာပဲလို့ ပြောပါတယ်။

“လယ်သမားတွေက သူတို့လယ်ကို သူတို့ ထွန်ယက်စိုက်ပျိုးပြီးတော့ စားဝတ်နေရေး ပြဿနာ ဖြေရှင်းတဲ့အခါမှာ အဲဒီလို မဖြေရှင်းခင် ကာလမှာလည်း သက်ဆိုင်ရာ ပြည်ထောင်စု အစိုးရအဆင့်ဆင့်ကို ဒီပြဿနာကို ဖြေရှင်းဖို့ အကြိမ်ကြိမ်အလီလီ တောင်းဆိုခဲ့ပြီးပါပြီ။ အဲဒီလို တောင်းဆိုပြီးနောက်ပိုင်းမှာ စိုက်ပျိုးရေးရာသီလည်း ရောက်တဲ့အချိန်မှ မစိုက်ပျိုးနိုင်ရင် တနှစ်ပတ်လုံးငတ်မယ့် အနေအထားတွေ့နေလို့သာ ၀င်ထွန်ကြတာလေ။ အဲဒီအပေါ်မှာ စစ်တပ်တွေနဲ့ အုပ်ချုပ်ရေးပိုင်းတွေက အခုလို ပြုမူလိုက်တဲ့ပုံစံက ရှုပ်ထွေးအောင် လုပ်တဲ့ပုံစံဖြစ်နေတယ်။”

ပန်းတောင်းမြို့နယ်မှာ ဘိုးဘွားပိုင်မြေတွေကို နယ်မြေခံစစ်တပ်နဲ့ ဌာနဆိုင်ရာတို့က ၁၉၇၀ - ၁၉၈၀ ပြည်လွန်နှစ်တွေကစပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေးဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့မညီဘဲ ပန်းတောင်းနယ်မြေထဲမှာ ဧကအမြောက်အမြားကို မတရားသိမ်းဆည်းထားတယ်လို့ လယ်သမားတွေက ပြောပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013