
နေပြည်တော်မှာ ကျင်းပနေတဲ့ တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်လာတဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP) ရဲ့ ဒုဥက္ကဋ္ဌပေါက်ယူရီဟာ ကျန်းမာရေးအခြေနေကြောင့် ဒီကနေ့ နေ့လယ်ပိုင်းက နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံးကြီးကို အရေးပေါ် တက်ရောက်ကုသမှုခံယူခဲ့ရပါတယ်။
"အသက်ကြီးတော့ ပင်ပန်းတဲ့အခါ ဒဏ်မခံနိုင်လို့ ဖြစ်သွားတာပါ။ စိုးရိမ်စရာမရှိပါဘူး။ အအေးမိလို့ ဖြစ်သွားတာ၊ အခုတော့ ကောင်းသွားပါပြီ။ ဆရာဝန်က အနားယူဖို့ ခိုင်းထားပါတယ်" လို့ ဝ အဖွဲ့ရဲ့ ဆက်သွယ်ရေးတာဝန်ခံ ဦးဆမ်လော့က ဒီဗွီဘီကို ပြောပါတယ်။
အစိုးရအဖွဲ့ရဲ့ ဖိတ်ကြားချက်အရ ၆ ရက်ကြာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံကို တက်ရောက်လာတဲ့ မြောက်ပိုင်း ၇ ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ ညနေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး ဒီကနေ့ ညနေမှာတော့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ တွေ့ဆုံခဲ့ပါတယ်။











