DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် လယ်သမား ၂၀၀ ခန့် ဆန္ဒပြ
DVB
·
July 15, 2012
Donate to DVB

ငြိမ်းချမ်းစွာဆန္ဒပြခွင့် ပေးပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်မှာ လယ်သမား ၂၀၀ လောက် ဒီနေ့ ဆန္ဒပြကြပါတယ်။

သူတို့ဟာ ဇေကမ္ဘာကုမ္ပဏီကို မြေယာမှုခင်း ဖွင့်ထားကြသူတွေဖြစ်ပြီး ဒီမှုခင်းကို ကျေးရွာမြေယာကော်မတီက ဇေကမ္ဘာကို သီးစားချပေးလိုက်တဲ့အပေါ် မြို့နယ်အဆင့်တက်တာကို အမှုလက်မခံတဲ့အတွက် ဆန္ဒပြတာပါ။

ဆန္ဒပြဖို့ မင်္ဂလာဒုံမြို့နယ်မှူးက ခွင့်ပေးတယ်လို့ ဆန္ဒပြရာမှာ ပါတဲ့ လယ်သမား ဦးကျော်စိန်က ပြောပါတယ်။

“မြို့နယ်ကို ပြန်တင်တော့ မြို့နယ်က ဘယ်လိုပြောလဲဆိုတော့ သူတို့က ပယ်ချလိုက်ပြီ၊ သူတို့လည်း မကိုင်ဘူး၊ အိုးအိမ်နဲ့ဆိုင်တယ်လို့ ပြောလို့ ဦးလေးတို့ ဆန္ဒပြတယ်။ နည်းဥပဒေထွက်ပြီးတော့ ဦးလေးတို့ ဆန္ဒဖော်ထုတ်ကြတာပေါ့။ ထောက်ကြံ့လမ်းသစ်ကနေ စည်ပင်သာယာရေး ပန်းခြံကို ဦးလေးတို့ စီတန်းပြီး လှည့်လည်တယ်။”

ဆန္ဒပြတဲ့ ရွှေနံသာကျေးရွာလယ်သမားတွေဟာ ဇေကမ္ဘာကုမ္ပဏီက သူတို့လယ်ကို အစိုးရသိမ်းမယ်လို့ လှည့်ဖြားသိမ်းယူခံရတယ်လို့ လူသိရှင်ကြားထုတ်ပြောဆိုနေကြပြီး ဇေကမ္ဘာကုမ္ပဏီဘက်ကတော့ ဆက်လက်ပြောဆိုရင် တရားစွဲဆိုတဲ့အထိ လုပ်ဆောင်မယ်လို့ သတိပေးထားပါတယ်။

ဆန္ဒပြလယ်သမားတွေဟာ မင်္ဂလာဒုံမြို့က မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီရုံးရှေ့ကနေ လမ်းအတိုင်းစီတန်းပြီး မြို့နယ်စည်ပင်သာယာပန်းခြံမှာ စုဝေးပြီး သူတို့နစ်နာချက်တွေကို ဟောပြောကြပါတယ်။

ဒီဟောပြောပွဲကို ဦးဆောင်သူ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေ့းပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက

“မနက် ၉ နာရီကနေ စတင်ချီတက်လိုက်တယ်။ ပန်းခြံရောက်တဲ့အချိန်မှာ မြေယာမှုခင်းတခုချင်း အကြောင်းကို ကျနော်တို့ ဖော်ထုတ်တယ်။ အုပ်ချုပ်ရေးယန္တရားဘက်က လုပ်ဆောင်နေတာတွေ မှားယွင်းတာ ဖော်ထုတ်တယ်။ လာသမျှလယ်သမားတွေအကုန်လုံးရဲ့ မှုခင်းတခုချင်းကို ကျနော်တို့က ပြောပါတယ်။ နောက်ပိုင်းဆို ကျနော်တို့က သူ့ရဲ့ ဥပဒေတွေကို သူတို့ချပေးထားတာတွေကို မငြင်းဆန်တော့ဘဲ ကျနော်တို့ဟာကျနော်တို့ အထိုင်ရွှေ့လိုက်ပါ့မယ်။ လူစည်တဲ့ ဆူးလေပတ်ဝန်းကျင်ကို ကျနော်တို့ ပြောင်းလုပ်မယ်။ ဒီဟာက ပထမဆုံးဆန္ဒပြတာဖြစ်တဲ့အတွက် အောင်မြင်အောင် သူတို့ပေးတဲ့နေရာကို ယူပါတယ်။”

ဆန္ဒပြပွဲတွေ ဆယ်စုနှစ်နဲ့ချီ ပိတ်ထားရာက ပထမဆုံးစလုပ်တဲ့ ဆန္ဒပြမှု အောင်မြင်တယ်လို့ သူက ပြောပါတယ်။ သူတို့ဟာ နောက်ရက်တွေမှာလည်း ဆန္ဒပြပွဲတွေကို ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး လူစည်ကားရာနေရာတွေကို ရွေးချယ်ထားတယ်လို့ ဦးနေမျိုးဝေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013