DVB Logo
Home
မြန်မာသတင်း
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေး၍မရဟု ကေအန်ယူ ခေါင်းဆောင် ပြော
DVB
·
July 12, 2018
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေး၍မရဟု ကေအန်ယူ ခေါင်းဆောင် ပြော
Donate to DVB

တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်းဖြင့် အတင်းအကျပ် တည်ဆောက်လို့မရပါဘူးလို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဥက္ကဋ္ဌ  ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၁၁ရက်က နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖွင့်ပွဲအခမ်းအနား အဖွင့်အမှာစကား ပြောကြားရာမှာ ထည့်သွင်းပြောသွားဖြစ်ပါတယ်။

“တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို စစ်ရေးအရ ဖိအားပေးခြင်း၊ အတင်းအကျပ် တည်ဆောက်လို့မရပါ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို တိုင်းရင်းသား လူမျိုးများကြား လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ တရားမျှတမှု အခြေခံတရားများဖြင့်သာ တည်ဆောက်နိုင်မည် ဖြစ်သည်။ ယုံကြည်မှု၊ နားလည်မှု၊ စာနာမှုများဖြင့် တည်ဆောက်ရမည် ဖြစ်သည်။ လက်တွေ့လုပ်ငန်းဖြင့်သာ တည်ဆောက်ရမည်”လို့ ကေအန်ယူခေါင်းဆောင်က ပြောပါတယ်။

ဆယ်စုနှစ်ပေါင်းများစွာ နိုင်ငံရေးအမြင် မတူညီမှု၊ အခွင့်အရေးရရှိမှု မညီမျှမှု၊ ခံယူမှု မတူညီမှုအပေါ် အခြေခံပြီး နှစ်ရှည်လများ လက်နက်ကိုင် ပဋိပက္ခဖြစ်ပွားခဲ့တဲ့ အစုအဖွဲ့များကြား ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ်ဆိုနိုင်ခဲ့တာဟာ တိုးတက်တဲ့ အနေအထား တခုသို့ ရောက်ရှိခဲ့တာ အသိအမှတ်ပြုရမှာ ဖြစ်တယ်၊ ကျန်ရှိနေသေးတဲ့  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပါဝင်လာနိုင်ဖို့ အတွက် ပိုမိုဆောင်ရွက်ဖို့ လိုတယ်လို့လည်း ပြောပါတယ်။

တိုင်းပြည် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်အပေါ်မှာ အခြေခံတဲ့အတွက် စာချုပ်ပါ သဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့အတွက် အလွန်အရေးကြီးတယ်လို့လည်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ပြောပါတယ်။

နိုင်ငံရေးဆွေးနွေးပွဲရဲ့ အမြင့်ဆုံး အဆင့်ဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံဖြစ်တယ်လို့လည်း ကေအန်ယူ အကြီးအကဲက ပြောပါတယ်။

“၂၁ရာစုပင်လုံညီလာခံကို  တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာဖို့၊ ကိုယ်စားပြုမှု အသီးသီးဖြင့် တက်ရောက်လာတာဖြစ်ပြီး နိုင်ငံရဲ့ အနာဂါတ်အရေးအတွက် တက်ရောက် ဆွေးနွေးခြင်းဖြစ်တယ်။ ကျနော်တို့ရဲ့ ဆွေးနွေးမှု၊ ဆုံးဖြတ်မှုဟာ ကျနော်တို့ နိုင်ငံရဲ့ အနာဂတ်အတွက် အလွန်မှ အရေးကြီးပါတယ်။ ကျနော်တို့မှာ တာဝန် အရှိဆုံးဖြစ်ပါတယ်။ ကျနော်တို့ရဲ့ ဆွေးနွေးဆုံးဖြတ်ချက် အားလုံးသည် ကျနော်တို့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ကျနော်တို့ ပြည်ထောင်စု မပြိုကွဲရေးအတွက် ပြည်ထောင်စု အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့ကို ပိုမိုကောင်းမွန်စေမည့် ဆုံးဖြတ်ချက်များ ရရှိပါစေကြောင်း အလေးအနက် တိုက်တွန်းအပ်ပါတယ်။”

မနေ့ကကျင်းပတဲ့ ၂၁ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးဖွင့်ပွဲမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့လည်း မိန့်ခွန်းတွေ အသီးသီးပြောကြားသွားပါတယ်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့  ငြိမ်းချမ်းရေး လုပ်ငန်းတွေကို နိုင်ငံတော်အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင်ဆောင်ရွက်နေ တာဟာ အင်အားချိနဲ့နေလို့ မဟုတ်ဘူး၊ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာ မဟုတ်ဘူး၊ ကိုယ့်လူကိုသာ နိုင်အောင်ထိန်းကြဖို့၊ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ဆွဲသွင်းလာခြင်းမပြုလုပ်ဖို့ ပြောသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013