DVB Logo
Home
မြန်မာသတင်း
ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့မှုဖြင့် တရားစွဲခံနေရသည့်  ဦးအောင်သန်းဝေကို ရုံးထုတ်စစ်ဆေး
DVB
·
July 12, 2018
ဖေ့စ်ဘွတ်ခ်ပေါ်ဝေဖန်ခဲ့မှုဖြင့် တရားစွဲခံနေရသည့်  ဦးအောင်သန်းဝေကို ရုံးထုတ်စစ်ဆေး
Donate to DVB

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးတင်မောင်ဆွေကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့မှုနဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရတဲ့ ဦးအောင်သန်းဝေကို ဇူလိုင် ၁၁ ရက်က ရုံးထုတ်စစ်ဆေးပါတယ်။

ဦးတင်မောင်ဆွေရဲ့ တာဝန်ပေးချက်အရ ပြည်နယ်အထွေထွေအုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းသူကတရားလိုလုပ်ပြီး တရားစွဲခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတရားစွဲဆိုမှုနဲ့ပတ်သက်လို့ တရားလိုတဦးဖြစ်သူ ပြည်နယ် အထွေထွေအုပ်ရေးဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးမင်းသူက ဒီအမှုနဲ့ပတ်သက်လို့ သူ့အနေနဲ့ ဘာမှမသိရှိဘူးလို့ ထွက်ဆိုခဲ့ပါတယ်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဦးတင်မောင်ဆွေရဲ့ တာဝန်ပေးချက်အရ ဆိုပြီးတော့ ကိုယ်စားလှယ်ပေါ့နော်။ လက်ထောက်ညွှန်ကြားရေးမှူးကို စစ်ပါတယ်။ စစ်တဲ့အခါမှာ သူ့အနေနဲ့ သူကိုယ်တိုင် ဒါနဲ့ ပတ်သက်ပြီးတော့ ဘာမှသိရှိတာ မရှိဘူး။သူကတဆင့် ကြားသိတာပဲ ရှိတယ်”လို့ ပြောပါတယ်။

ဦးအောင်သန်းဝေကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) အပါအဝင် နိုင်ငံသားပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှုနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှုကို ကာကွယ်ရေးဥပဒေ ပုဒ်မ ၁ဝ နဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

Aung Than wai ရဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ လူသတ်လက်နဲ့ ရခိုင်ပြည်နယ် အတွင်းရေးမှူး (ဟောင်း) ဦးတင်မောင်ဆွေ၊ မြောက်ဦး လူသတ်မှု တရားခံ ဘယ်သူလဲ ဆိုတဲ့ စာသားကို ဦးတင်မောင်ဆွေရဲ့ခါးကြားမှာ သေနတ်ထိုးထားတဲ့ ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့တာပါ။

တရားစွဲဆိုခံရသူ ဦးအောင်သန်းဝေကတော့ ခိုင်လုံတဲ့ အထောက်အထား ရှိတယ်ဆိုရင် ကာယကံရှင် ဦးတင်မောင်ဆွေကိုယ်တိုင် တရားစွဲဆိုသင့်တယ်လို့ ပြောပါတယ်။

“သူတယောက်တည်းသဘောနဲ့ ပြည်နယ်အစိုးရ အမိန့်အာဏာကို အလွဲသုံးစားလုပ်ပြီးမှ ကျနော် စွပ်စွဲဖို့အတွက် အထွေထွေအုပ်ချုပ်ရေးဌာနက လက်ထောက်ညွှန်ကြားရေးမှူး တဦးကို တာဝန်ပေးတယ်။ ကျနော့်ဘက်က စွပ်စွဲတယ်။ အထောက်အထား ခိုင်လုံတယ်ဆိုရင် ဦးတင်မောင်ဆွေကို ပုဂ္ဂိုလ်ရေးပဲ စွဲရမယ်။ အခုက အဲဒီလိုမဟုတ်ဘဲ ကိုယ်စားလှယ်ကို စွဲခိုင်းထားတယ်”လို့ ပြောပါတယ်။

ဦးအောင်သန်းဝေကို တရားစွဲထားတာတဲ့ ပတ်သက်လို့ အမှုစစ် အပါအဝင် တရားလိုပြသက်သေ ၉ ဦးရှိတယ်လို့ အကျိုးဆောင်ရှေ့ ဦးကျော်ညွန့်မောင်က ပြောပါတယ်။

လက်ရှိအချိန်မှာတော့ တရားလို တဦးသာ စစ်ဆေးရသေးပြီး တရားလိုပြ သက်သေတွေကိုတော့ မစစ်ဆေးရသေးပါဘူး။

ဝဏ္ဏခွာညို

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013