
မတ် ၂၁ ရက် စနေနေ့က ကျင်းပခဲ့တဲ့ အာရှဖလား အမျိုးသမီးဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဂျပန်အသင်းက အိမ်ရှင် ဩစတြေးလျအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ချန်ပီယံ ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဂျပန်အမျိုးသမီးအသင်းအတွက် ဒါဟာ နောက်ဆုံးကျင်းပခဲ့တဲ့ အာရှဖလား ပြိုင်ပွဲ ၄ ကြိမ်အတွင်း ၃ ကြိမ်မြောက်ဖလားကို ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး ဩစတြေးလျဘောလုံးကွင်းထဲမှာ စံချိန်တင် လာရောက်ကြည့်ရှုခဲ့တဲ့ ပရိသတ် ၇၄,၀၀၀ ကျော်ကို စိတ်ပျက်စေခဲ့ပါတယ်။
၂၀၁၀ ပြည့်နှစ် အာရှချန်ပီယံ ဩစတြေးလျ Matildas အသင်းဟာ ဗိုလ်လုပွဲမှာ အစွမ်းကုန်ကြိုးစား ကစာခဲ့ပြီး ပြိုင်ဘက်အသင်းကို ခြေစွမ်းတူ ယှဉ်ပြိုင်နိုင်ခဲ့ပေမဲ့ ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာ ကြောင့် ရှုံးနိမ့်ခဲရတာပါ။
ဒီပွဲမှာ စံချန်တင် ဂိုးသွင်းရှင် ဆမ်ခါကိုလည်း ပင်နယ်တီဧရိယာအတွင်းမှာ ဂျပန်နောက်တန်းက ထိန်းချုပ် ကစားခဲ့ကြပါတယ်။
ကမ္ဘာ့ချန်ပီယံဟောင်းဂျပန်အသင်းဟာ ၇ ကြိမ်မြောက် အာရှဖလား ဗိုလ်လုပွဲမှာ ပါဝင်ကစားခဲ့ပြီး ၂၀၁၄ နဲ့ ၂၀၁၈ ခုနှစ်တွေမှာ ရရှိခဲ့တဲ့ချန်ပီယံဆုတွေအပြင် အခု ၃ ကြိမ်မြောက် အာရှအမျိုးသမီးဖလားကို ထပ်မံ ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။










