DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကို ပြည်သူတွေအချိန်ရှည်ကြာ မစောင့်နိုင်ကြတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
DVB
·
July 11, 2018
ငြိမ်းချမ်းရေးကို ပြည်သူတွေအချိန်ရှည်ကြာ မစောင့်နိုင်ကြတော့ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
Donate to DVB

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ပြည်သူလူထုတွေဟာ အချိန်တွေအကြာကြီး မစောင့်နိုင်ကြတော့ဘူးလို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၁ ရက် နေပြည်တော်မှာ စတင်ကျင်းပတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲအခမ်းအနားမှာ  အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားသွားတာပါ။

“အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဟာ ကျမတို့နိုင်ငံ၊ ကျမတို့ပြည်ထောင်စုကြီးအတွက် အလိုအပ်ဆုံး၊ အရေးကြီးဆုံးပါပဲ။ တစ်ချိန်တည်းမှာပဲ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေကို ဦးရာလူ ခံစားရမယ် ဆိုတာမျိုးလည်း မဖြစ်စေချင်ပါဘူး။ ဒါပေမယ့် ကျမတို့ရဲ့တိုင်းရင်းသား ပြည်သူတွေကတော့ အချိန်အများကြီး မစောင့်ဆိုင်းချင်ကြတော့ပါဘူး။”

နိုင်ငံရေးဆွေးနွေးပွဲတွေ ကြန့်ကြာနှောင့်နှေးတာတွေကြောင့် ပြည်သူတွေရဲ့ အခွင့်အလမ်းတွေကို အလဟဿ ဖြုန်းတီးရာ ရောက်ရှိသွားမှာကိုလည်း စိုးရိမ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။

“မိမိတို့နေထိုင်ရာ တိုင်းရင်းသားနယ်မြေဒေသတွေမှာ လွတ်လွတ် လပ်လပ် သွားလာနိုင်ဖို့၊ အေးအေးချမ်းချမ်းနဲ့ ပရိယေသန ရှာမှီးခွင့်ရရှိနိုင်ဖို့၊ ဒေသဖွံ့ဖြိုးရေးနဲ့ စီးပွားရေး အခွင့်အလမ်းတွေကို ကိုယ်တိုင်ပါဝင် ရွေးချယ်ခွင့်ရရှိနိုင်ဖို့ ကျမတို့ ပြည်သူတွေ အချိန်ကာလအားဖြင့် နှစ်ပေါင်း(၇၀)ကျော် စောင့်ဆိုင်းခဲ့ရပြီးဖြစ်တဲ့ အတွက် ဆက်လက်ပြီး အချိန်ရှည်ကြာ မစောင့်ဆိုင်းနိုင်ကြတော့ပါဘူး။ ငြိမ်းချမ်းရေးဆိုတာ ဦးရာလူဝေစုစနစ် မဟုတ်ပေမယ့် အမြော်အမြင်ရှိတဲ့လူ၊ အားထုတ်မှု ရှိတဲ့သူတွေက နေထွက်လာတာကို ဦးဦးဖျားဖျား မြင်တွေ့ရသလိုပဲ ငြိမ်းချမ်းရေး အကျိုးကျေးဇူးကို အရင်ဆုံး၊ အဦးဆုံး ခံစားကြရမှာ အမှန်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ကျမတို့ နိုင်ငံရေး ဆွေးနွေးပွဲ ကြန့်ကြာမှု၊ နှောင့်နှေးမှုတွေကြောင့် ကျမတို့ပြည်သူတွေရဲ့အခွင့်အလမ်းတွေကို အလဟဿ ဖြုန်းတီးရာ ရောက်ရှိသွားမှာကိုလည်း စိုးရိမ်မိကြောင်း အထူး အလေးအနက်ထားပြီး ထောက်ပြလိုပါတယ်။”

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ)ကို လက်မှတ် မထိုးသေးတဲ့အဖွဲ့တွေ  အန်စီအေ ထီးရိပ်အောက်ကို ပါဝင်လာဖို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲဖွင့်လှစ်ထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းကြောင်းနဲ့ ကြိုးပမ်း ဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်၊ အန်စီအေလက်မှတ်မထိုး ရသေးတဲ့အဖွဲ့တွေ၊ မပါဝင်ကြသေးတဲ့ အင်အားစုတွေ၊ ပုဂ္ဂိုလ်တွေကိုလည်း ဖိတ်ခေါ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကကမ်းလှမ်းလိုက်ပါတယ်။

“အန်စီအေဟာ အင်အားစုအားလုံးကို ဆုံဆည်းနိုင်အောင် ဆောင်ကြဉ်းပေးခဲ့တဲ့ ဆုံမှတ်တစ်ခုဖြစ်သလို ကျမတို့အားလုံးရဲ့ပန်းတိုင်ကို ဆက်ပြီး လျှောက်လှမ်းနိုင်အောင် အစပြုပေးခဲ့တဲ့ စမှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်။ ကျမတို့ ဟာ အန်စီအေ သဘောတူညီချက်တွေမှာပဲ ရပ်တန့်နေတာ၊ ရပ်ဆိုင်းနေတာ မဟုတ်ပါဘူး။”

ခုကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးဟာ အရေးကြီးတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ချမှတ်နိုင်ဖို့ ဆွေးနွေးညှိနှိုင်းနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲ စားပွဲဝိုင်းဖြစ်တယ်၊ (၂၁)ရာစု ပင်လုံညီလာခံမှာ လက်နက်ကိုင်ပဋိပက္ခတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့ နိုင်ငံရေး ပြဿနာတွေကို အကြေအလည် ညှိနှိုင်းဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြတာပဲ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

ဖက်ဒရယ် ဆိုတာ ခွဲထွက်ရေးဘက်ကို ပို့တဲ့စနစ်မဟုတ်၊ ညီညွတ်ရေးကို ခိုင်မာစေမယ့်စနစ်ဖြစ်တယ်၊ ဖက်ဒရယ်ကို အကောင်အထည်ဖော်ရာမှာ အဓိကကျတဲ့ အခြေခံသဘောတရားတွေဖြစ်တဲ့ ပြည်ထောင်စုမှခွဲမထွက်ရေးမူ၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်မူတွေနဲ့ ပတ်သက်တဲ့ အမြင်တွေ ညှိဖို့က အင်မတန်အရေးကြီးတယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးပန်းတိုင် ဖြစ်တဲ့ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု ဖြစ်ထွန်းပေါ်ပေါက်လာရေးကို ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောသွားပါတယ်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့ ဒီကနေ့ မနက် ညီလာခံ အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းပြောကြား သွားပါတယ်။

အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုအတွက် အခြေခံမူတွေချမှတ်ဖို့ ရည် ရွယ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံ အစည်းအဝေးတွေကို အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ နှစ်ကြိမ်ပြီးသွားပြီး  ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်း(၁)ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့  ၆ ရက်ကြာ ငြိမ်းချမ်းရေးညီလာခံတတိယ အစည်းအဝေးရဲ့ နောက်ဆုံးရက်မှာ ပြည်ထောင်စု သဘောတူ စာချုပ်ရဲ့ အစိတ်အပိုင်း(၂)ကို လက်မှတ်ရေးထိုး နိုင်အောင် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် အတွင်းမှာ နောက်ထပ် ညီလာခံ(၁)ကြိမ်၊ လာမယ့် ၂၀၁၉ ခုနှစ်အတွင်းမှာ နောက်ထပ် ညီလာခံ (၂)ကြိမ်၊ ၂၀၂၀ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ(၃)ကြိမ် ကျင်းပနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-State Counsellor

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013