DVB Logo
Home
မြန်မာသတင်း
ရွှေကျင်မြို့နယ်ဆေးရုံတွင် ဆရာဝန်မလုံလောက်သဖြင့် ဆေးကုသရာတွင် အခက်တွေ့နေ
DVB
·
July 11, 2018
ရွှေကျင်မြို့နယ်ဆေးရုံတွင် ဆရာဝန်မလုံလောက်သဖြင့် ဆေးကုသရာတွင် အခက်တွေ့နေ
Donate to DVB

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ် ကုတင် ၁၀၀ ဆေးရုံမှာ ဆရာဝန်လုံလောက်မှု မရှိတာကြောင့် ဆေးကုသရာမှာ ဒေသခံတွေအခက်အခဲ ဖြစ်နေရတယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်က ပြောပါတယ်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်လှလှဝင်းက “သာမန်ဒဏ်ရာလောက်လည်း တဆင့်မြင့်ဆေးရုံကို ပို့တယ်။ ဒီလိုမျိုးပို့နေတော့ ပြည်သူလူထုအနေနဲ့ မလိုလားအပ်တဲ့ ကုန်ကျတာတွေ ရှိနေတာပေါ့။ လူနာတင်ယာဉ်မအားတဲ့အခါ ကားငှားရတာတို့ ဟိုမှာသွားနေရ တာတို့ ဆိုတော့ပြည်သူတွေအနေနဲ့ အခက်အခဲဖြစ်နေရတယ်။ အခုဆိုရင် ရွှေကျင်ဆေးရုံမှာ ပြည်သူလူထု ယုံကြည်မှုအားက တဖြည်းဖြည်းနဲ့ နည်းလာပြီ။ ကိုယ်စားလှယ်တယောက် အနေနဲ့ ပြောရရင် ဒီလိုမျိုး မဖြစ်သင့်ဘူးပေါ့။ ဒီကိစ္စနဲ့ပတ်သက်ပြီး တိုင်းကျန်းမာကိုလည်း အကြောင်းကြားပါမယ်။ လိုအပ်လို့ရှိရင် လွှတ်တော်မှာ မေးခွန်းမေးသွားမယ်”လို့ ပြောပါတယ်။

ရွှေကျင်မြို့ ကုတင် ၁၀၀ ဆေးရုံကို ၂၀၀၄ ခုနှစ်  နိုဝင်ဘာလက စတင်ဖွင့်လှစ်ခဲ့ တာဖြစ်ပြီး ခုအချိန်မှာ ဆရာဝန်အနည်းငယ်သာ ရှိတာကြောင့် လူနာတွေကို တဆင့်မြင့် ဆေးရုံကို အများဆုံးပို့ဆောင် ကုသနေရပါတယ်။

ရွှေကျင်ဆေးရုံမှာတင်ကုသလို့ ရနိုင်သမျှ ကုသပေးနေပြီး ဦးခေါင်း၊ အရိုး စတဲ့ အထူးကုသဖို့ လိုအပ်တဲ့လူနာတွေကိုတော့ ပဲခူး-ရန်ကုန် ဆေးရုံတွေကို လွှဲပြောင်းတာလို့ ဆေးရုံအုပ်ကြီး ဒီဗွီဘီ ကို ပြောပါတယ်။

ရွှေကျင်ကုတင် ၁၀၀ ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဝင်း က “ဒီဆေးရုံမှာ ကုသလို့ရတဲ့ လူနာကိုတော့ ဒီမှာတင်ကုသပါတယ်။ ဦးခေါင်းအရိုး စတဲ့အထူကုသဖို့ လိုအပ်တဲ့ လူနာတွေကို ပဲခူး-ရန်ကုန်တို့ကို လွှဲပြောင်းကုသပေးတာပါ။ အထူးကုတွေရှိနေတာကြောင့် လက်ထောက်ဆရာဝန် နည်းနေတဲ့သဘော ဖြစ်သွားတာပါ။ နည်းသွားတဲ့အပြင် ထွက်သွား ပြောင်းသွားတာတို့ကြောင့် အစားပြန်မသွင်းရသေးတာဖြစ်တယ်”လို့ ဆိုပါတယ်။

ရွှေကျင်ကုတင် ၁၀၀ ဆေးရုံမှာ ဖွဲ့စည်းပုံအရ ဆရာဝန်အင်အား ၁၈ ယောက် ရှိရပေမယ့် ခုချိန်မှာ လစ်လပ် အပြောင်းအရွှေ့တွေကြောင့် အထူးကု ဆရာဝန် ၅ ယောက်၊ လက်ထောက် ဆရာဝန် ၃ ယောက် အပါအဝင် စုစုပေါင်း ဆရာဝန် ၁၀ ယောက်နဲ့ သူနာပြုဆရာမ ၃၉ ယောက် ကုသပေးနေပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013