DVB Logo
Home
မြန်မာသတင်း
ငြိမ်းချမ်းရေးကို အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ရန် ကာကွယ်ရေးဦးစီးချုပ်တိုက်တွန်း
DVB
·
July 11, 2018
ငြိမ်းချမ်းရေးကို အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ရန် ကာကွယ်ရေးဦးစီးချုပ်တိုက်တွန်း
1 / 3
Donate to DVB

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၁ရက်မနက်က နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ တတိယအစည်းအဝေး ဖွင့်ပွဲ နှုတ်ခွန်းဆက်အမှာစကား ပြောရာမှာ ထည့်သွင်းပြောသွားတာပါ။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာမှာ အချိန်မဆွဲဘဲ ရဲရဲဝံ့ဝံ့လုပ်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များဟာ လိုအပ်တာထက်ပိုပြီး အချိန်ကြာလာရင် ဘေး ပယောဂတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ၊ ကြိုးကိုင်ခြယ်လှယ်တာတွေရှိလာပြီး ရရှိပြီးဖြစ်တဲ့ ယုံကြည်မှု တည်ဆောက်ထားတာတွေ၊ ခက်ခက်ခဲခဲတည်ဆောက်ထားရတဲ့ ရရှိပြီးသဘောတူညီချက်တွေ အားနည်းသွားနိုင်ပါတယ်။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်တဲ့နေရာမှာ အချိန်ဆွဲဆောင်ရွက်ခြင်းဟာ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ မြန်မာနိုင်ငံကို ပိုပြီးနိမ့်ကျအောင် ဆွဲနှစ်နေမှု တစ်ခု ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောသွားတယ်။

“အခုအစည်းအဝေးဟာ ၂၀၁၈ ခုနှစ် နှစ်ဆန်းမှာ ကျင်းပရမယ့် အစည်းအဝေးဖြစ်ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဒီနေ့မှပြုလုပ်နိုင်တာပါ။ ကျနော်တို့နိုင်ငံနဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေအတွက် လုပ်စရာအလုပ်တွေ အများကြီးရှိပါသေးတယ်။ ဟန်ရေးပြနေရုံနဲ့ မပြီးသေးပါဘူး။ စကားလုံး လှလှလေးတွေ ပြောဆိုငြင်းခုံနေရုံနဲ့လည်း မပြီးနိုင်ပါဘူး။ တိုင်းပြည်ရဲ့အားဟာ ပြည်တွင်းမှာပဲ ရှိပါတယ်။ မြန်မာနိုင်ငံသားတွေအားလုံးမှာ တာဝန်ရှိပါတယ်။ ကျနော်တို့ရဲ့ ညီညွတ်တဲ့ အင်အား၊ စွမ်းအားကို ပဲ့သွားဖို့ ယိုင်နဲ့သွားစေဖို့ နှဲ့နေ၊ သွေးထိုးနေတာ သတိပြုဖို့လိုပါတယ်။”

ငြိမ်းချမ်းရေးကို ဖြစ်နိုင်သမျှ အမြန်ဆုံးရချင်တဲ့အကြောင်းနဲ့ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (အန်စီအေ) ကို လက်မှတ်ထိုးကြဖို့ လိုတယ်လို့ လည်း တပ်မတော် အကြီးအကဲက ပြောသွားပါတယ်။

“အန်စီအေကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ ပစ်ခတ် တိုက်ခိုက်မှုတွေမရှိလို့ လက်မှတ်ထိုးစရာမလိုဘူးလို့ ပြောဆိုနေတာတွေ၊ ယခင်သဘော တူညီချက်တွေရှိပြီး ဖြစ်တယ်လို့ ဆိုနေတာတွေဟာ လျှောက်လှမ်းနေတဲ့ ဒီမိုကရေစီကျင့်ဝတ်တွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောလိုပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကို ဆွဲသွင်းလာတာ မလုပ်ကြဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတိပေးပြောသွားပါတယ်။

“အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်တဲ့ အဖွဲ့အစည်းမှန်သမျှ သဘောတူညီချက်တွေ ကိုသာ လိုက်နာရင် ဘာသေနတ်သံမှ ကြားရမှာမဟုတ်ပါဘူး။ ကိုယ့်လူကိုသာ နိုင်အောင်ထိန်း ဖို့ အဓိပ္ပါယ်ကင်းမဲ့တဲ့ အကြောင်းပြချက်အမျိုးမျိုး မပေးဖို့ လိုပါမယ်။ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးထက် အရေးကြီးတာ ဘာမှမရှိဘူး။ ဒီကာလမှာ နားလည်မှု လွဲမှားစေနိုင်တဲ့ ကိစ္စမျိုးတွေကို ရှေ့တန်းတင်ခြင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စတွေကိုဆွဲသွင်းလာခြင်းတို့မပြုလုပ်ဖို့ အရေးကြီးပါတယ်။ အချို့သော ဒေသမှာရှိနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဟာ ၅၂ သန်းသော တိုင်းရင်း သားပြည်သူလူထု တစ်ရပ်လုံးကို ကိုယ်စားပြုတာ မဟုတ်သလို နိုင်ငံရေးပါတီများဟာလည်း သူတို့ကို ထောက်ခံသူများကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။  ကျနော်တို့ တပ်မတော်ဟာ တိုင်းရင်းသား ပြည်သူလူထုက ပေါက်ဖွားလာတဲ့ ပြည်သူ့တပ်မတော်ဖြစ်တာနဲ့အညီ နိုင်ငံတော်နဲ့ပြည်သူလူထု ကို ကိုယ်စားပြုရတဲ့ အဖွဲ့ အစည်းဖြစ်ပါတယ်။”

ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေနဲ့ဆက်စပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုလည်း ဆောင်ရွက်လိုတဲ့ သဘောထားတွေရှိတဲ့အကြောင်းနဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဆောင်ရွက်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၂၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်းအခန်းပါ ပြဋ္ဌာန်းချက်တွေအတိုင်း ဆောင်ရွက်ကြဖို့လည်း ပြောသွားပါတယ်။

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားရခြင်းရဲ့ မူလအရင်းခံဇာစ်မြစ်ဟာ ကိုလိုနီခေတ်ဗြိတိသျှနယ်ချဲ့တို့ လက်ထက်ကတည်းက ကျင့်သုံးခဲ့တဲ့ သွေးခွဲ အုပ်ချုပ်မှုစနစ်နဲ့ နိုင်ငံရေး၊ အယူဝါဒရေး၊ လူမျိုးရေး၊ ဘာသာရေး ကွဲပြားခြားနားမှုတွေကြောင့်ဖြစ်တယ်၊ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော်အကြားမှာ ပြဿနာကြီးငယ်တစုံတရာမရှိဘဲ သက်ဆိုင်ရာ အစိုးရတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ အကြားမှာသာ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေရှိတာ တွေ့ရှိရတယ်လို့လည်း တပ်မတော် အကြီးအကဲက ပြောသွားပါတယ်။

ဓာတ်ပုံ-CINCDS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013