
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁-ရာစုပင်လုံ တတိယအစည်းအဝေးကို ဒီကနေ့ မနက် နေပြည်တော်မှာ စတင်ကျင်းပနေရာမှာ ဖက်ဒရယ် အခြေခံမှုတွေရရှိနိုင်ဖို့ ပါဝင်ဆွေးနွေး သွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ)က ကြေညာပါတယ်။
ငြိမ်းချမ်းရေးညီလာခံကို ကေအန်ယူဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖို့အပါအ၀င် ဗဟို အလုပ်အမှုဆောင်တွေ၊ တခြားအဖွဲ့ဝင် ၁၅ ဦးနဲ့ဖွဲ့စည်းထားတဲ့ နိုင်ငံရေးဆွေးနွေးရေးအဖွဲ့တို့ တက်ရောက်နေတာဖြစ်ပါတယ်။
ဒီညီလာခံဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ပြည်ထောင်စုတည်ထောင်ဖို့ လိုအပ်တဲ့ ဖက်ဒရယ် အခြေခံမှုတွေရရှိနိုင်ရေးအတွက် နိုင်ငံရေး ဆွေးနွေးပွဲဆိုင်ရာ ကဏ္ဍကြီး ၅ ခုဖြစ်တဲ့ နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ကဏ္ဍတွေမှာ ပါဝင်ဆွေးနွေးသွားမယ်လို့ ကေအန်ယူရဲ့ ဆွေးနွေးပွဲအကြို ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ညီလာခံမှာ အရေးကြီးတဲ့ ဖက်ဒရယ်အခြေခံမှုတွေကို ဆွေးနွေးဖို့ မရှိသေးပေမယ့် ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ အထောက်အကူပြုတဲ့အတွက် ကွဲပြားနေတဲ့ အခြေခံ ယူဆချက်တွေကို သဘောထားကြီးကြီးနဲ့ အပြန်အလှန် အသိအမှတ်ပြုရင်း ဆွေးနွေးသွား မယ်လို့ လည်းဆိုပါတယ်။
ကေအန်ယူအနေနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး သဘောတူညီချက်ရရှိအောင် ကြိုးစားပြီး အဲဒီရလဒ်အပေါ် အခြေခံကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအပါအ၀င် တခြားဥပဒေတွေကို လိုအပ်သလို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်တာတွေ ပြုလုပ်ဖို့ တစိုက်မတ်မတ်ကြိုးစားသွားမယ်လို့လည်း ကေအန်ယူ ကပြော ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ ရက်မှ ၁၆ ရက်အထိ နေပြည်တော်တွင် ကျင်းပနေတာဖြစ်ပြီး ကေအန်ယူအပါအ၀င် တနိုင်ငံလုံး အပစ်အခတ်ရပ်စွဲရေး သဘောတူစာချုပ် (အန်စီအေ) လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက် ဆွေးနွေးကြမှာပါ။
ဒါ့အပြင် အန်စီအေ အပစ်ရပ်လက်မှတ် မထိုးရသေးတဲ့ ၀၊ ကိုးကန့်နဲ့ ကချင်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင် (၇) ဖွဲ့က အဆင့်မြင့်ခေါင်းဆောင်တွေလည်း ညီလာခံကို တက်ရောက်လာကြပါတယ်။











