
ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကူညီပံ့ပိုးပေးမယ်လို့ ကမ္ဘာဘဏ်က ဇူလိုင် ၁၀ရက်နေ့က ကြေညာပါတယ်။
ဒီအကူအညီတွေနဲ့ ရခိုင်ပြည်နယ်မှာရှိတဲ့ လူမှုအသိုက်အ၀န်းအားလုံးအတွက် အလုပ်အကိုင်ရရှိရေး၊ စီးပွားရေးအခွင့်အလမ်းတွေ ဖော်ဆောင်ပေးနိုင်ရေးနဲ့ အခြေခံကျတဲ့ လူမှုဝန်ဆောင်မှုတွေရရှိရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အရှေ့အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယား ကွာကွာနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ မနေ့က နေပြည်တော်မှာ တွေ့ဆုံ ဆွေးနွေးပြီးနောက် ကမ္ဘာ့ဘဏ်က ခုလိုကြေညာလိုက်တာပါ။
ဒါ့အပြင် အမေရိကန်ဒေါ်လာ သန်း၂၀၀ ကနေ ၂၅၀ အထိ ကနဦး ဘဏ္ဍာရေး အကူအညီတွေ ရရှိနိုင်မယ့် ငြိမ်းချမ်းသာယာစည်ပင်တဲ့ ရပ်ရွာအသိုက်အ၀န်းတွေ တည်ဆောက်ရေးစီမံကိန်းကို အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်သွားမယ်လို့လည်း ကမ္ဘာ့ဘဏ် ကြေညာချက်မှာ ဖော်ပြပါတယ်။
ကမ္ဘာဘဏ်ဒုဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာက “ကမ္ဘာဘဏ်အနေနဲ့ မြန်မာပြည်ရဲ့ ဖွဲ့ဖြိုးရေးလုပ်ငန်းစဉ်ကို ပံ့ပိုးကူညီရာမှာ မိတ်ဖက်အဖွဲ့အစည်းတခုအဖြစ် အခိုင်အမာ ဆက်လက်ရပ်တည်သွားမယ်၊ ငြိမ်းချမ်းသာယာ စည်ပင်တဲ့ ရပ်ရွာအသိုက်အ၀န်းတွေ တည်ဆောက်ရေးစီမံကိန်းလို ပံ့ပိုးကူညီမှု အသစ်တွေနဲ့ ရခိုင်ပြည်နယ်အပါအ၀င် ပဋိပက္ခဖြစ်ပွားမှုရဲ့ အကျိုးဆက်ကို ခံစားနေရတဲ့ ဒေသတွေမှာ စီးပွားရေး အခွင့်အလမ်းဖော်ဆောင်ဖို့နဲ့ လူမှုအသိုက်အ၀န်းတွေအကြား သဟဇာတဖြစ်နိုင်ဖို့ ဆက်လက်ကူညီသွားမယ်” လို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လူမှုရေးနှင့် စီးပွားရေးကဏ္ဍ အသွင်ကူးပြောင်းမှုတွေမှာ ကမ္ဘာ့ဘဏ်အနေနဲ့ ဆက်လက်ပံ့ပိုးကူညီမယ့်ကိစ္စ၊ မြန်မာပြည် ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်မှာပါဝင်တဲ့ ရည်မှန်းချက်တွေနဲ့ အညီ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးပမ်းဦးတည်ရာမှာ ကမ္ဘာ့ဘဏ်အနေနဲ့ နည်းပညာနဲ့ အထောက်အပံ့တွေ ဆက်လက်ပေးအပ်သွားမယ့် ကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ နိုင်ငံခြားရေးဌာနကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ကမ္ဘာ့ဘဏ် ဒုဥက္ကဋ္ဌနဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံကို ၃ရက်ကြာခရီးလာရောက်တာ ဖြစ်ပြီး ခရီးစဉ်အတွင်း နေပြည်တော်နဲ့ ရန်ကုန်မှာ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အစိုးရ တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာအစိုးရနဲ့ ပုဂ္ဂလိကအတွက် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ စိုက်ပျိုးရေး၊ တယ်လီဖုန်းဆက်သွယ်ရေး စတဲ့ ကဏ္ဍအသီးသီးမှာ အမေရိကန် ဒေါ်လာ ၃ဒသမ၃ ဘီလီယံနဲ့ ညီမျှတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ ပေးအပ်ထားပြီးဖြစ် တယ်လို့ ကမ္ဘာဘဏ် ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ-MOFA











