DVB Logo
Home
မြန်မာသတင်း
ပြည်သူကို ဖိနှိပ်ညှင်းပန်းနှိပ်စက်သည့် ယန္တရားမဖြစ်စေရန် သမ္မတဦးဝင်းမြင့် တိုက်တွန်း
DVB
·
July 10, 2018
ပြည်သူကို ဖိနှိပ်ညှင်းပန်းနှိပ်စက်သည့် ယန္တရားမဖြစ်စေရန် သမ္မတဦးဝင်းမြင့် တိုက်တွန်း
Donate to DVB

နိုင်ငံ့ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ ပြည်သူကို ဖိနှိပ်ချုပ်ချယ် ညှင်းပန်းနှိပ်စက်တဲ့ ယန္တရားမဖြစ်စေဖို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တိုက်တွန်းပြောကြား လိုက်ပါတယ်။

ရှမ်းပြည်​နယ်​အစိုးရအဖွဲ့နဲ့ ဌာနဆိုင်​ရာဝန်​ထမ်း​တွေကို ဇူလိုင် ၁၉ရက်က တောင်ကြီးမြို့ရှိ ရှမ်းပြည်​နယ်​ အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ  တွေ့ဆုံပြောကြားလိုက်တာဖြစ်ပြီး နိုင်ငံပိုင်ငွေတွေနဲ့ ပစ္စည်းတွေကို အလွဲသုံးစားမလုပ်ကြဖို့လည်း သတိပေးပြောသွားပါတယ်။

“နိုင်ငံတော်ရဲ့ ဘဏ္ဍာငွေတွေမလေမလွင့်မဆုံးရှုံးစေရန် ဂရုပြုကြရမှာဖြစ်ပြီး နိုင်ငံပိုင် ပစ္စည်းတွေ အလွဲသုံးစားမလုပ်ကြစေဖို့ အထူးသတိချပ်ရမှာဖြစ်တယ်။ ပြည်သူကိုဗဟိုပြု ပြည်သူကိုမျက်နှာမူပြီး တာဝန်ထမ်း ဆောင်ကြ စေလိုတယ်။ ပြည်သူကိုဖိနှိပ်ချုပ်ချယ်တဲ့ ပြည်သူကို ညှင်းပန်းနှိပ်စက်တဲ့ ယန္တရား အဖြစ်မဆောင်ရွက်စေလိုဘူး။ ပြည်သူကို တန်ဖိုး ထားလေးစားပြီး တရား ဥပဒေတွေနဲ့ အညီမှန်ကန်စွာဆောင်ရွက်ကြစေလိုတယ်။”လို့ သမ္မတက ပြောပါတယ်။

ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်ကိုပြုပြင်ပြောင်းလဲနိုင်ဖို့ ရှားပါးတဲ့ အခွင့်အရေးတွေကို ရရှိနေလို့ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက လိုက်ပါ ပြုပြင်ပြောင်းလဲမှ သာ ပြောင်းလဲမှုအောင်မြင်မယ်လို့လည်း သမ္မတက ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်​နယ်​မှာရှိတဲ့ မဏ္ဍိုင်​သုံးရပ်​ဖြစ်​တဲ့ အုပ်​ချုပ်​​ရေး၊ တရားစီရင်​​ရေး၊ ဥပ​ဒေပြု​ရေး​ ကိစ္စတွေ၊ ​မြေယာသိမ်းဆည်းမှုပြန်​ရရှိရေး၊  အဂတိလိုက်စားမှုတိုက်​ဖျက်​​ရေးနဲ့ မူးယစ်​​ဆေးဝါးတိုက်ဖျက်ရေး တစိုက်​မတ်​မတ်​ လုပ်​​ဆောင်​ဖို့လည်း နိုင်​ငံ​တော်​ သမ္မတ ဦးဝင်းမြင့်က​ ညွှန်​ကြားလိုက်​ပါတယ်​။

တွေ့ဆုံပွဲတက်​​ရောက်​ခဲ့တဲ့ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​နေမျိုးက “ရှမ်းပြည်​နယ်​ ဟာ မြန်​မာနိုင်​ငံရဲ့ ​လေးပုံတစ်​ပုံရှိတယ်။ တိုင်​ရင်းသား​ပေါင်းစုံ​ နေထိုင်​တယ်​။ ဒီမိုကေ​ရစီ ဖက်​ဒရယ်​ထူ​ထောင်​တဲ့​နေရာမှာ ဥပ​ဒေစိုးမိုး​ရေး၊ တည်​ငြိမ်​​အေးချမ်း​ရေးအတွက်​ အ​ရေးကြီး တယ်​။ ဒါ​ကြောင့်သမ္မတက လုပ်​​ဆောင်​ချက်​အတိအကျ ကြားချင်​တယ်​။ အားလုံး​ကောင်းပါတယ် ​လို့ မ​ပြောနဲ့ တိတိကျကျ​ပြောပါလို့ သမ္မတမိန့်​မှာထားတယ်​”လို့ ​​ ဒီဗွီဘီကို ပြောပါတယ်​။

ဆိုပါ​တွေ့ဆုံပွဲမှာ ရှမ်းပြည်​နယ်​ဝန်​ကြီးချုပ်​နဲ့ အစိုးရအဖွဲ့၊ ပြည်​နယ်​ တရားသူကြီးချုပ်​၊ ပြည်​နယ်​ လွှတ်​​တော်​ဥက္ကဋ္ဌ၊ ကိုယ်​ပိုင်​အုပ်​ချုပ်​ခွင့်​ရ​ဒေသအဖွဲ့၊ ပြည်​နယ်​လွှတ်​​တော်​ ကိုယ်​စားလှယ်၊ ​ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​နဲ့ အမျိုးသားလွှတ်​​တော်​ကိုယ်​စားလှယ်​​တွေ တက်​​ရောက်​ခဲ့ပါတယ်​။

နိုင်ငံတော်သမ္မတနဲ့ အဖွဲ့ဟာ တောင်ကြီးမြို့ရှိ စပ်စံထွန်းဆေးရုံကိုလည်း သွားရောက်ခဲ့ပြီး လူနာတွေကို စေတနာ မေတ္တာတွေနဲ့ ပြုစုကုသပေးကြဖို့၊ ကျန်းမာရေးစောင့် ရှောက်မှုတွေကို အထူးအလေးထားဆောင်ရွက်သွားကြဖို့၊ တိုးချဲ့လူနာ ဆောင် တည်ဆောက်ရာမှာ အရည်အသွေးကို ပြင်ပ ပညာရှင်တွေနဲ့ ကြပ်မတ်ဆောင်ရွက်သွားဖို့လည်း  သမ္မတက မှာကြားသွားတယ်လို့ သမ္မတရုံးသတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

နိုင်​​ငံ​တော် သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်​​ထောင်​စုဝန်​ကြီး​တွေ​ဟာ ဇူလိုင်​ ၁၀ ရက်​​နေ့မှာ ရှမ်းပြည်​နယ်​​မြောက်​ပိုင်း လားရှိုးမြို့သို့ ဆက်လက် သွား​ရောက်​ကာ ဌာနဆိုင်​ရာတာဝန်​ရှိ​တွေနဲ့​ တွေ့ဆုံဖို့ရှိပါတယ်​။

သတင်း - ခွန်​ရာဇာ၊ ဓာတ်ပုံ-သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013