ပေ ၁၅၀ ခန့်ရှိ အင်ကြင်းကျောက်တွေ့ရှိ၊ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်
ပိုင်စိုး
·
July 8, 2018

ပုပ္ပါးတောင်နားက ကြိုးဝိုင်းထဲမှာ အရှည်ပေ ၁၅၀ လောက်ရှိတဲ့ အင်ကြင်းကျောက်အပါအဝင် ရှေးဟောင်းသံချက်ဖိုတွေ၊ အုတ်တိုက်တွေ တွေ့ထားပြီး ဘူမိဥယျာဉ်တခုအဖြစ် ထိန်းသိမ်း စောင့်ရှောက်ဖို့ လိုနေတယ်လို့ ပုပ္ပါးတောင်ချစ်သူများအသင်း ဥက္ကဋ္ဌက ပြောပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်၊ ကိုးကွေ့ကြိုးဝိုင်းထဲမှာ တွေ့ထားတာလို့ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းဆွေက ပြောပါတယ်။
“ကျနော်တို့ သွားကြည့်တော့ မြေပေါ်မှာ အရှည်က ပေ ၁၄၀ လောက်၊ လုံးပတ်က ၁၃ ပေလောက်ရှိတယ်။ မြေအောက်မှာလည်း ရှိသေးတယ်။ ဒီပတ်ဝန်းကျင်မှာလည်း အင်ကြင်းကျောက်တွေ အများကြီး တွေ့ရတယ်” လို့ ပြောပါတယ်။
ဒါကို ပုပ္ပါးတောင်ကို လေ့လာနေတဲ ဘူမိပညာရှင်တွေကိုလည်း ခေါ်ပြထားပြီး တခြားကျောက်ဖြစ် ရုပ်ကြွင်းတွေရှိနိုင်တယ်လို့ ခန့်မှန်းကြောင်းလည်း သူက ပြောပါတယ်။
“ဒီနေရာမှာရှိနေတဲ ရွာသုံးရွာကို သံဘို (သံဖို) ရွာလို့ ခေါ်တယ်ဗျ။ အခုလည်း ဟိုးအရင်က သံချက်ဖိုလို့ ယူဆရတဲ့ နေရာတွေ တွေ့တယ်။ ဖောင်ဒေးရှင်းပဲကျန်တော့တဲ့ အုတ်တိုက် အဆောက်အအုံတွေလည်း တွေ့တယ်။ ဒါကြောင့် ယူနက်စကို ဘူမိဥယျာဉ်ကြီးနေနဲ့ ဖြစ်လာဖို့ ကျနော်တို့ ကြိုးစားနေပါတယ်” လို့ ပြောပါတယ်။
အဲဒီနေရာကို သွားရောက်ကြည့်ရှုခဲ့တဲ့ ကျောက်ပန်းတောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေကိုက “ကျနော် နောက်ထပ်သွားကြည့်ပါဦးမယ်။ ပြီးတော့ ပညာရှင်တွေနဲ့လည်း ဆွေးနွေးဦးမယ်။ ပြီးမှ ဘာလုပ်သင့်တယ်၊ ဘာလုပ်နိုင်မလဲဆိုတာ ပြောတာ ပိုကောင်းပါတယ်” လို့ ပြောပါတယ်။