DVB Logo
Home
Lead Story
အာဆင်နယ်အသင်း ချန်ပီယံဆုဖလားနဲ့ ဘာကြောင့် ထိုက်တန်သလဲ
DVB
·
May 25, 2026
အာဆင်နယ်အသင်း ချန်ပီယံဆုဖလားနဲ့ ဘာကြောင့် ထိုက်တန်သလဲ
Donate to DVB

နည်းပြအာတေတာရဲ့ အာဆင်နယ်အသင်းဟာ မနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို (၂-၁) ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီပိတ်ပွဲစဉ်အပြီးမှာ နှစ်ပေါင်း ၂၂ နှစ်ကြာ ဝေးကွာနေတဲ့ ပရီးမီးယားလိဂ် အမှတ်ပေး ချန်ပီယံဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းခေါင်းဆောင် မာတင် အိုဒီဂတ် ကတော့ ပရီးမီးယားလိဂ် ဆုဖလားကို လက်ဝယ်ရရှိကာ ကိုင်မြှောက်နိုင်ခဲ့ပြီဖြစ်ပြီး ဒါဟာ အာဆင်နယ်ဘောလုံးကလပ်အသင်းရဲ့ မျိုးဆက်တခုနဲ့ ခေတ်တခေတ်ကို ပုံဖော်ပေးမဲ့ မြင်ကွင်း ဖြစ်လာပါလိမ့်မယ်။

ဂန်းနားတို့ဟာ အခုရာသီမှာ သူတို့ရဲ့ ကစားဟန်နဲ့ ပတ်သက်လို့ ဝေဖန်မှုများစွာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပေမဲ့ နောက်ဆုံးမှာတော့ ထိပ်တန်းလိဂ်ချန်ပီယံဆုကို ဆွတ်ခူးသွားနိုင်ခဲ့တာပါ။ ဝေဖန်သူတွေ ရှိနေလင့်ကစား အာဆင်နယ်ဟာ ထိုက်တန်တဲ့ ချန်ပီယံဖြစ်တယ်လို့ ပြောနိုင်တဲ့ အကြောင်းရင်းတွေ များစွာရှိနေပါတယ်။

တရာသီလုံးလုံး ပရိသတ်တွေ၊ ဝေဖန်သုံးသပ်သူတွေနဲ့ ကျွမ်းကျင်သူတွေဟာ အခုရာသီ မီခေးလ် အာတေတာရဲ့ အသင်းအပေါ် အမျိုးမျိုး မှတ်ချက်ပြုခဲ့ကြတာပါ။ သူတို့ရဲ့ ကစားဟန်ကို “ကြည့်ရဆိုးလွန်းတယ်” လို့ တံဆိပ်ကပ်ခဲ့ကြပြီး “Set-Piece FC” တည်ကန်ဘောတွေကိုသာ အားကိုးတဲ့အသင်းလို့ အမည်ပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အခုလို ဆုဖလားကို လက်ဝယ်ပိုင်ဆိုင်ခွင့် ရရှိသွားချိန်မှာတော့ ဒီဝေဖန်ချက်တွေက ဘာမှအရေးမပါတော့ပါဘူး။

အာဆင်နယ်ဟာ အောက်တိုဘာလကတည်းက ဇယားထိပ်မှာ အစဉ်တစိုက် ရပ်တည်နေနိုင်ခဲ့ပေမဲ့ မန်ယူကစားသမားဟောင်း ဘောလုံးဝေဖန်သုံးသပ်သူ ပေါလ်စခိုးလ်ကတော့ အာဆင်နယ်ဟာ “သမိုင်းတလျှောက် အဆိုးရွားဆုံး ပရီးမီးယားလိဂ်ချန်ပီယံ” ဖြစ်လာလိမ့်မယ်လို့ ဝေဖန်ခဲ့ပါတယ်။ အာဆင်နယ်မှာ ထင်ရှားပြတ်သားတဲ့ ‘ပရီးမီးယားလိဂ် တနှစ်တာ အကောင်းဆုံးကစားသမား’ ဆုရှင် မရှိဘူးဆိုပြီးလည်း  ဂန်းနားတို့ကို တိုက်ခိုက်ခဲ့ကြပါတယ်။

ဒါဟာ တရာသီလုံး သူတို့ရဲ့ ကစားဟန်အပေါ် ဝေဖန်မှုတွေရဲ့ နောက်ဆက်တွဲဖြစ်ပြီး မတ်လအတွင်း အာဆင်နယ်ရဲ့ အချိန်ဆွဲမှုနဲ့ ပတ်သက်လို့ ဖာဘီယန် ဟာဇီလာရဲ့ မှတ်ချက်တွေကလည်း ဝေဖန်မှုတွေက အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ နည်းပြအာတေတာက “တကယ့်ကို အံ့သြစရာပါပဲ” လို့ လှောင်ပြောင်သရော်ကာ ပြန်လည်တုံ့ပြန်ခဲ့ပြီး သူ့ရဲ့အသင်းအပေါ် ဝေဖန်မှုတွေကို စိတ်ပျက်လာကြောင်း ပြသခဲ့ပါတယ်။ ချန်ပီယံဖြစ်ကြောင်း အတည်ပြုပြီးတဲ့ ရက်ပိုင်းအတွင်းမှာတောင် အာဆင်နယ်ဟာ ကံကောင်းတဲ့ VAR ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေကြောင့် “VARsenal” အဖြစ် ချန်ပီယံဖြစ်ခဲ့ရတယ်ဆိုတဲ့ မှတ်ချက်တွေက လူမှုကွန်ရက်စာမျက်နှာတွေမှာ အများအပြား ရှိနေခဲ့ပါတယ်။

ဒီအထဲမှာ လီဗာပူးနည်းပြ အာနဲစလော့က အခုသီတင်းပတ်အတွင်း အာဆင်နယ်အပေါ် သွယ်ဝိုက် စောင်းမြောင်း ပြောဆိုခဲ့တာတွေလည်း ပါဝင်ပါတယ်။ စလော့က “သူတို့ကို ဂုဏ်ပြုပါတယ်၊ ဒါပေမဲ့ ကျနော့်အတွက်တော့ သူတို့ဟာ ပြီးခဲ့တဲ့ ၁၀ ရာသီက ချန်ပီယံတွေနဲ့ မတူတဲ့ ချန်ပီယံမျိုးပါ။ သွင်းဂိုးတွေရဲ့ ၄၀ ရာခိုင်နှုန်းက Set-pieces ကနေ လာတာဟာ နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်ပဲ ဖြစ်ပါတယ်” လို့ ပြောကြားခဲ့တာပါ။

ဒါပေမဲ့ အခုတော့ ဒီဝေဖန်ချက်တွေဟာ ဂန်းနားနည်းပြ အာတေတာ၊ သူ့ရဲ့ ကစားသမားတွေနဲ့ ဝန်ထမ်းတွေအပြင် ချန်ပီယံအောင်ပွဲခံမှုကို နွေရာသီတခုလုံး ဆက်လက်ဆင်နွှဲကြမဲ့ အာဆင်နယ် ပရိသတ်တွေအတွက်တော့  ဘာမှအရေးပါတော့မှာ မဟုတ်ပါဘူး။

မှန်ပါတယ်၊ သူတို့ဟာ မန်ချက်စတာစီးတီးလို တိုက်စစ်အရှိန်အဟုန်ကို အမြဲတမ်း မပြသနိုင်ခဲ့သလို ရွှေဖိနပ်ဆု ရေပန်းစားမှု ထိပ်တန်းစာရင်းမှာလည်း အဆုံးအဖြတ်ပေးနိုင်မဲ့ ဂိုးသွင်းရှင် မရှိခဲ့ပါ။ ဒါပေမဲ့ သူတို့အနေနဲ့ လိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ ဂိုးရှေ့မှာ လုံလောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသလို ဂိုးမပေးရအောင်လည်း စွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ တရာသီလုံးလုံး ပြိုင်ဘက်အသင်းတွေဟာ အာဆင်နယ်တို့ final third သို့ ချဉ်းကပ်မှုကို တားဆီးရန် နည်းလမ်းမျိုးစုံကို အပြင်းအထန် အသုံးပြုခဲ့ကြရပါတယ်။

ကိန်းဂဏန်းတွေက ပြိုင်ဘက်အသင်းတွေဟာ အာဆင်နယ်အပေါ် ဘယ်လောက်အထိ သတိကြီးစွာ ကာကွယ်ခဲ့ကြရတယ်ဆိုတာ သက်သေပြသနေပါတယ်။ အခုရာသီမှာ အာဆင်နယ်ဟာ ပြိုင်ဘက်ကစားသမား ၉  ယောက် ဒါမှမဟုတ် ဒိထက်မက ပင်နယ်တီဧရိယာအတွင်း ရှိနေချိန်မှာ ပရီးမီးယားလိဂ်ရဲ့ open-play  ဂိုးကန်သွင်းမှု အများဆုံး ပြုလုပ်နိုင်ခဲ့တဲ့အသင်း ဖြစ်ပါတယ်။

စက်တင်ဘာလက ပက်ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်း အာဆင်နယ်ရဲ့ အီးမရိတ်စ်အိမ်ကွင်းကို လာရောက်ကစားစဉ်က ဂန်းနားတို့ဟာ ပြိုင်ဘက်ကို ခံစစ်အနိမ့် (low block)၊ နောက်တန်း ၅ ယောက်တန်းနဲ့ စံချိန်တင် အနည်းဆုံး ဘောလုံးပိုင်ဆိုင်မှု ၃၃ ဒသမ ၂ ရာခိုင်နှုန်းသာ ရရှိအောင် ဖိအားပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ အက်သလက်တီကိုမက်ဒရစ် တို့အားလုံး အာဆင်နယ်ကို ‘သူတို့ရဲ့ ကစားဟန်အတိုင်း’ ကစားဖို့ ကြိုးပမ်းခဲ့ကြပေမဲ့ အားလုံး ရှုံးနိမ့်ခဲ့ရပါတယ်။

ပင်နယ်တီဧရိယာအတွင်းရှိ အဆိုပါ ပြိုင်ဘက်အသင်းရဲ့ ကစားသမားတွေဟာ ဂန်းနားတို့ကို မတားဆီးနိုင်ခဲ့ပါဘူး။ အာဆင်နယ်ဟာ open-play ကစားကွက်ကနေ ကန်သွင်းမှု ၁၁၂ ကြိမ်အနက် ၁၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒါဟာ ပရီးမီးယားလိဂ်မှာ အများဆုံးလည်း ဖြစ်ပါတယ်။ ဒီဂိုးတွေထဲမှာ နောက်ဆုံးဂိုးကတော့ ဝက်စ်ဟမ်းကွင်းမှာ လီအန်ဒရို ထရော့စ်ဆတ် သွင်းယူခဲ့တဲ့ အဖိုးတန် အနိုင်ဂိုးဖြစ်ပြီး ဒါဟာ အာဆင်နယ် ချန်ပီယံဆုဆီသို့ လျှောက်လှမ်းရာမှာ အရေးအပါဆုံးဂိုးလို့ ဆိုနိုင်ပါတယ်။

ထရော့စ်ဆတ်ရဲ့ ဂိုးဟာ အိုဒီဂတ်ရဲ့ လူအုပ်ကြားထဲမှ ဖြတ်ထုတ်ကာ ဘယ်လ်ဂျီယံ ကစားသမားအတွက် နေရာလွတ် ဖန်တီးပေးနိုင်ခဲ့တဲ့ စွမ်းရည်ကြောင့် ရရှိခဲ့တာပါ။ အသင်းရဲ့ တီထွင်ဖန်တီးမှုနဲ့ တိုက်စစ်စည်းချက်အတွက် အလွန်အရေးပါတဲ့ အာဆင်နယ် အသင်းခေါင်းဆောင်ဟာ အခုရာသီ လိဂ်မှာ ၄၅ မိနစ် ဒါမှမဟုတ် ဒိထက်ပိုပြီး ကစားခွင့်ရခဲ့တဲ့ အကြိမ်မှာ ၁၂ ကြိမ်သာ ရှိပါသေးတယ်။ တကယ်လို့ အာဆင်နယ်မှာ အိုဒီဂတ်သာ ပွဲစဉ်အများစုနဲ့ ကြံ့ခိုင်မှုပြည့်ဝနေခဲ့ရင် သူတို့ရဲ့ တိုက်စစ်ကိန်းဂဏန်းတွေဟာ အခုထက် ပိုမိုမြင့်မားနိုင်ပါတယ်။

အခုနှစ်ရာသီမှာ အာဆင်နယ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် အသင်းရဲ့ တိုက်စစ်စည်းချက် ညီညွတ်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ အာဆင်နယ်ရဲ့ ရှေ့တန်း ၄ ယောက်တွဲဟာ အခုရာသီ ပြိုင်ပွဲစုံမှာ အရှည်ကြာဆုံး ဆက်တိုက်ပွဲထွက်နိုင်ခဲ့မှုမှာ ၃ ပွဲသာ ရှိပါတယ်။ အာဆင်နယ်ရဲ့ အအောင်မြင်ဆုံး ရှေ့တန်း ၃ ယောက်တွဲဖြစ်တဲ့  ဆာကာ၊ ဂျိုကီရက်စ်နဲ့ ထရော့စ်ဆတ်တို့ ၃ ယောက်စလုံး ပွဲထွက်လူစာရင်းမှာ ပါဝင်တဲ့ လိဂ်ပွဲစဉ် တပွဲမှ မရှုံးသေးခဲ့ပေမဲ့ ၃၈ ပွဲအနက် ၁၄ ပွဲသာ ကွင်းအတွင်း အတူတူ ပွဲထွက်နိုင်ခဲ့ကြတာပါ။

ဒီရာသီအတွင်း အာဆင်နယ် ချန်ပီယံဆု လက်လွှတ်ရလုနီးပါး ဖြစ်ခဲ့ရတဲ့ အရေးကြီးတဲ့ကာလ ၂ ခုရှိခဲ့ပြီး တခုက ခရစ္စမတ်မတိုင်ခင် ရှေ့တန်းမှာ ဒဏ်ရာရလူနာတွေ အများကြီးရှိခဲ့တဲ့ အချိန်ပါ။ ပြီးတော့ မတ်လ နိုင်ငံတကာပွဲစဉ် နားရက်တွေတုန်းက တကြိမ် ဖြစ်ပါတယ်။ ဒီအချိန်တုန်းက အာဆင်နယ်ကစားသမား အများအပြား ဒဏ်ရာကြောင့် နိုင်ငံတကာတာဝန်မှ နုတ်ထွက်ခဲ့ရတဲ့ အချိန်ဖြစ်ပြီး ဒီအထဲမှာ တလခွဲလောက် အနားယူခဲ့ရတဲ့ ဆာကာလည်း ပါဝင်ပါတယ်။

ဒဏ်ရာတွေကြောင့် တိုက်စစ်စီးဆင်းမှု အများအပြား ဆုံးရှုံးခဲ့ရချိန်မှာ အာဆင်နယ်အနေနဲ့ တခြားသော ကဏ္ဍတွေမှာ ရနိုင်သမျှ အခွင့်အရေးအနည်းငယ်ကို ဘာကြောင့် မရှာဖွေရမှာလဲ။

နည်းပြအာတေတာက “ကျနော်ထင်တယ်၊ ခင်ဗျားတို့ သိပ်ပြီး စမတ်ကျနေဖို့ မလိုပါဘူး” လို့ သူ့ရဲ့ ကစားဟန်နဲ့ ပတ်သက်ပြီး ရည်ညွှန်းပြောပါတယ်။ “ကျနော်တို့ ဂိုး ၁၀၀ သွင်းနိုင်မလား။ ဒီနေ့လား။ ကျနော်တို့မှာရှိတဲ့ အရင်းအမြစ်တွေ၊ ဒဏ်ရာရနေတဲ့ ကစားသမားတွေနဲ့လား။ အဖြေကတော့ မသွင်းနိုင်ပါဘူး။” “ကစားသမားတယောက်က ၃၅ ဂိုး သွင်းနိုင်မလား။ မသွင်းနိုင်ပါဘူး။ ဒါဆိုရင် ကျနော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ ပွဲပေါင်း ၄၀ ကျော်ကို ဘယ်လိုနိုင်အောင် ကစားမလဲ။”

မူလစွမ်းရည် တခုတည်းနဲ့တင် မလုပ်နိုင်ဘဲ အသင်းရဲ့ အကြီးမားဆုံး အင်အားကို အသုံးချနိုင်ရင် ပွဲနိုင်ဖို့ ဖြစ်နိုင်ခြေက အလွန်မြင့်မားသွားမယ်လို့ အာတေတာက ပြောပါတယ်။ ဒီနေရာမှာ အာဆင်နယ်အသင်းရဲ့ အားသားချက်တွေဖြစ်တဲ့ ခံစစ်ပိုင်း ကျစ်လျစ်ခိုင်မာမှုနဲ့ set-pieces ဘောတွေအကြောင်းကို ရည်ညွှန်းပြီး နည်းပြက ပြောနေတာ ဖြစ်နိုင်ပါတယ်။

ဝေဖန်သူတွေကတော့  ‘Set-Piece FC’ လို့ တံဆိပ်ကပ်ခဲ့ကြသလို ထောင့်ကန်ဘောတွေမှာ ပြိုင်ဘက်အသင်းသားတွေကို ဂိုးပေါက်ထဲမှာ ‘ဆွဲကိုင်တာ’ ‘တွန်းထိုးတာ’ တွေနဲ့ လှည့်ကွက်တွေ လုပ်ခဲ့တယ်လို့လည်း စွပ်စွဲခဲ့ကြပါတယ်။ ဒါပေမဲ့ အခုရာသီ ပရီးမီးယားလိဂ်မှာ အနီကတ်တကတ်မှ မထိဘူးသလို ပင်နယ်တီ တကြိမ်မှ အပေးမခံရတဲ့ တခုတည်းသောအသင်းကို ဒီလို လှည့်ကွက်တွေကြောင့် ဆိုပြီး ‘ညစ်ပတ်တဲ့’ အသင်းအဖြစ် တိုက်ခိုက်ဖို့ ခဲယဉ်းလှပါတယ်။

အမှန်စင်စစ် တချို့သူတွေကတော့ အာဆင်နယ်အပေါ် မစာမနာ ဝေဖန်သူတွေလည်း ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အာတေတာ ဦးဆောင်တဲ့ အာဆင်နယ်အသင်း လုပ်ဆောင်သွားခဲ့တာက ပရီးမီးယားလိဂ်ဖလားကို ရိုးရာ အာဆင်နယ်စတိုင်နဲ့ ဆွတ်ခူးသွားခဲ့တာ ဖြစ်ပါတယ်။

ကစားခဲ့တဲ့ပွဲတွေမှာ (၁-၀) ဂိုးဆိုတဲ့ ရလဒ်ဟာ အာဆင်နယ်ကလပ်ရဲ့ မကြာသေးမီက သမိုင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပြီး အခုရာသီမှာလည်း ဒီရလဒ်က ထင်ရှားခဲ့ပါတယ်။ ဂန်းနားတို့ဟာ ဒီရလဒ်နဲ့ ၇ ကြိမ်တိုင်တိုင် အနိုင်ရရှိခဲ့တာပါ။

ဒါဟာ ဂျော့ချ်ဂရေဟမ် ကလပ်မှာရှိစဉ်က အချိန်ကို ပြန်လည်အမှတ်ရစေပြီး အာဆင်နယ် ၁-၀ နဲ့ ဦးဆောင်သွားတာနဲ့ သူတို့ ပွဲကို နိုင်တော့မယ်ဆိုတဲ့စိတ်ကို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ ထောင့်ကန်ဘောတွေနဲ့ ခံစစ်ပိုင်း ကျစ်လျစ်မှုတွေလိုပဲ လက်ရှိ အာဆင်နယ်အသင်းကို တိုက်ခိုက်ဖို့ အချက် ဖြစ်သင့်သလား။  ဒါမှမဟုတ် ချီးကျူးသင့်ပါသလား။

ဘာပဲဖြစ်ဖြစ် ဧပြီလက ဘုန်းမောက်နဲ့ မန်ချက်စတာစီးတီးတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးကတည်းက ဘယ်အသင်းမှ အာဆင်နယ်ကို  open-play  ကစားကွက်ကနေ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။ ဒါဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ၂ ပွဲနဲ့ ချန်ပီယံဆုကို အဆုံးအဖြတ်ပေးခဲ့တဲ့ ပွဲစဉ်တွေ အပါအဝင် ၆ ပွဲဆက်တိုက် စံချိန် ဖြစ်ပါတယ်။

အခုလို ရာသီအချိန်အခါမျိုးမှာ မကြာခဏ ကိုးကားလေ့ရှိတဲ့ စကားတခွန်းကတော့ ‘တိုက်စစ်က ခင်ဗျားကို ပွဲနိုင်စေတယ်၊ ခံစစ်က ခင်ဗျားကို ချန်ပီယံဖြစ်စေတယ်’ ဆိုတာဖြစ်ပါတယ်။ ဒါကို အာဆင်နယ်ဟာ သက်သေပြခဲ့ပါတယ်။

အာဆင်နယ်ဟာ သမိုင်းတလျှောက် အကောင်းဆုံး ပရီးမီးယားလိဂ်ချန်ပီယံ မဟုတ်ပါ။ အမှန်တကယ်ပင် မဟုတ်ပါ။ ဒါပေမဲ့ သူတို့ကလည်း အကောင်းဆုံးချန်ပီယံလို့ ကြွေးကြော်မနေခဲ့ကြပါ။ မကြာသေးမီနှစ်တွေအတွင်း အာဆင်နယ်အပေါ် အကြီးမားဆုံး ဝေဖန်မှုတခုကတော့ ပန်းတိုင်သို့ရောက်အောင် မလျှောက်လှမ်းနိုင်ဘဲ ဒုတိယနေရာသာ ရခဲ့တာပါ။ အခုအခါမှာတော့ သူတို့ လုပ်ဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ  အာဆင်နယ်ဟာ အင်္ဂလန်ရဲ့ အကောင်းဆုံးကလပ်အသင်း ဖြစ်ပါတယ်။ အခုရာသီ ပြိုင်ပွဲတွေမှာ တခြားသော အင်္ဂလန်အသင်းတွေ တိုက်ပွဲမဝင်နိုင်ဘဲ အလွယ်တကူ ပြုတ်ထွက်သွားချိန်မှာ သူတို့က ရှုံးပွဲမရှိ ချန်ပီယံလိဂ် ဖြတ်သန်းမှုနဲ့ နောက်ဆုံးဗိုလ်လုပွဲ  ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်မှုဟာ ဂန်းနားတို့ ချန်ပီယံဖြစ်ထိုက်တယ်ဆိုတဲ့ နောက်ထပ် သက်သေတခု ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဝေဖန်သူတွေ ဘာတွေးတယ်ဆိုတာကို သူတို့ ဂရုစိုက်သင့်ပါသလား။ လုံးဝ မလိုအပ်ပါ။

ဆမ်ဘလစ်ဇ် 

Ref: Sky Sports

(Sky Sports အားကစားသတင်းဝက်ဆိုက်တွင် ဘောလုံးသတင်းထောက်  Sam Blitz ရေးသားထားသည့်  “Arsenal lift the Premier League trophy: Why Mikel Arteta's side are worthy champions despite criticism over style of play” ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆို ဖော်ပြသည်။)  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013