DVB Logo
Home
Lead Story
အန္တရာယ်အသွယ်သွယ်နဲ့  တောဝက်ကလေးတို့ရဲ့အပြန်လမ်း
DVB
·
July 8, 2018
အန္တရာယ်အသွယ်သွယ်နဲ့  တောဝက်ကလေးတို့ရဲ့အပြန်လမ်း
Donate to DVB

ပြန်တွေ့ပါတော့မလား၊ အသက်ရှင်လျက်ရော ရှိကြပါဦးမလားလို့ ကာယကံရှင် ထိုင်းနိုင်ငံနဲ့ ကမ္ဘာတ၀ှမ်းက စိုးရိမ်တကြီးနဲ့ စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်က မင်းသမီးလှဲလျှောင်းတောင်က ဂူကြီးထဲမှာ ပိတ်မိ ပြန်မထွက်နိုင် ဖြစ်နေကြတဲ့ တောဝက် လူငယ်ဘောလုံးအသင်းက ဘောလုံးသမားလေး ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြဆရာ ပေါင်း ၁၃ ယောက်ကို ကယ်ဆယ်ရေးလုပ်ငန်းကတော့ ပြီးခဲ့တဲ့ တနင်္လာနေ့ညက ၀မ်းသာစရာကောင်းတဲ့သတင်းနဲ့ ပထမပိုင်း အောင်မြင်မှုရ သွားခဲ့တာကို စာဖတ်သူတွေ သိကြပြီးဖြစ်ပါလိမ့်မယ်။  

၁၀ ရက်ကြာ ရေလွှမ်းနေတဲ့ ဂူအမှောင်ထဲမှာ အစာရေစာ မစားရဘဲ ပိတ်မိနေတဲ့ ဘောလုံးသမား ၁၂ ယောက်နဲ့ နည်းပြဆရာကို အသက်ရှင်လျက် ကျန်းကျန်းမာမာ ပြန်တွေ့ ခဲ့တဲ့အတွက် စောင့်ကြည့်နေကြတဲ့ ကမ္ဘာအနှံ့က လူတွေအားလုံး သက်မချ ၀မ်းသာပျော်ရွှင်ခဲ့ကြပါတယ်။ ထိုင်းရေတပ်ဆီးလ် ရေငုပ်သမားတွေကို လာရောက် အကူအညီပေးနေတဲ့ ဗြိတိန်နိုင်ငံက ဂူတွင်းကယ်ဆယ်ရေး ကျွမ်းကျင်သူ ၂ ယောက်ဖြစ်တဲ့ မစ္စတာ ဂျွန်ဗော်လင်သင်းမ် နဲ့ ရစ်ချတ် စတင်းတန် တို့ ၂ ယောက်က ကလေးတွေကို ပထမဆုံး ရှာဖွေတွေ့ရှိခဲ့ကြတာ ဖြစ်ပါတယ်။  

တောဝက်ဘောလုံးအသင်း ခုလိုဂူထဲ ပိတ်မိပြန်မထွက်နိုင် ဖြစ်ခဲ့ရတာတွေ ကယ်ဆယ်ရေးတွေ ဘယ်သူတွေက ဘယ်လိုကယ်ဆယ်ဖို့ ကြိုးစားနေကြတာတွေကိုတော့ အရင်အပတ်က ကျနော်ထိုင်းမီဒီယာသတင်းတွေကို ကိုးကားပြီး ဆောင်းပါးရေးသား တင်ပြခဲ့ပြီး ဖြစ်ပါတယ်။  ခုအပတ်ဆောင်းပါးကတော့ ကယ်ဆယ်ရေးလုပ်ငန်းရဲ့ စိန်ခေါ်မှု အကြီးဆုံး အခက်ခဲဆုံးဖြစ်တဲ့ ကလေးတွေကို အန္တရယ်ကင်းကင်း ဒီရေလွှမ်းနေတဲ့ ဂူထဲကနေ ကယ်ထုတ်ဖို့ ကြိုးစားနေကြပုံပါပဲ။ ကြိုးစားနေကြပုံဆိုတာက ခုထိ ကလေးတွေကို ဂူပြင်ရောက်အောင် ကယ်ထုတ်ဖို့က ကြိုးစားနေကြဆဲဖြစ်လို့ပါပဲ။ အန္တရာယ်အနည်းဆုံးနဲ့ ကယ်ထုတ်နိုင်ဖို့ နည်းလမ်းတွေကို နိုင်ငံတကာက လာရောက်ကူညီနေကြတဲ့ ဂူကယ်ဆယ်ရေးကျွမ်းကျင်သူတွေ ပညာရှင်တွေ ထိုင်းကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေ ကျွမ်းကျင်ပညာရှင်တွေနဲ့ ဆေးတပ်ဖွဲ့တာဝန်ရှိသူတွေက ဆွေးနွေးတိုင်ပင် ရွေးချယ်နေကြဆဲ ဖြစ်ပါတယ်။ အစပိုင်းမှာတော့ ကလေးတွေကို အမြန်ဆုံးကယ်ထုတ်နိုင်ဖို့ နည်းလမ်းဖြစ်တဲ့ သူတို့ ခုရှိနေတဲ့ ပတ္တရားကမ်းခြေလို့ ခေါ်တဲ့နေရာက မီတာ ၄၀၀ လောက်မှာရှိတဲ့ နန်နွမ်းဆောင် လျှောစောက်ကြီးကနေပြီး ပင်မဂူပေါက်အ၀အထိ ကလေးတွေကို ရေငုပ်ခိုင်းပြီး ကယ်ထုတ်ဖို့နည်းလမ်းကို အလေးပေးခဲ့ပြီး ရေငုပ်မျက်နှာဖုံးနဲ့ အောက်စီဂျင်ဘူးကို အသုံးပြုတတ်ဖို့ သင်ကြားပေးခဲ့ကြပါတယ်။ ခုထိလည်း နည်းလမ်းတခုအဖြစ် သတ်မှတ်ထားပြီး သင်ပေးနေဆဲလည်း ဖြစ်ပါတယ်။  

ဒါပေမယ့် အမေရိကန် အမျိုးသားဂူကယ်ဆယ်ရေးကော်မရှင်ရဲ့တွဲဖက်ညှိနှိုင်းရေးမှူး မစ္စတာ အင်မာမီယာဇာကတော့ “ဂူတွင်းရေငုပ်တာကတော့ နည်းပညာကျွမ်းကျင်မှုတခုပါ။ အဲဒါဟာ အထူးသဖြင့် လေ့ကျင့်သင်ကြား မထားတဲ့သူတွေအတွက် အလွန့်အလွန် အန္တရာယ်ကြီးပါတယ်။ ဒီတော့ ကယ်ဆယ်ရေးတွေအနေနဲ့ သူတို့ကို တခြားနည်းနဲ့ ကယ်ထုတ်နိုင်တဲ့အထိ လိုအပ်တာတွေ ပံ့ပိုးထားဖို့ပဲ ကြိုးစားဖို့ရှိပါတယ်” လို့ ကလေးတွေကို ရှာတွေ့စကတည်းက ပြောကြားသတိပေးထားခဲ့ပါတယ်။  

တခြား ကယ်ဆယ်ရေးအဖွဲ့တွေကလည်း တောင်တန်းပေါ်မှာ ဂူထဲ ကလေးတွေ ရှိနေတဲ့နေရာအထိပေါက်တဲ့ အက်ကွဲပေါက်တွေ ရှာဖွေခဲ့ပါတယ်။  အလားအလာရှိတဲ့ အက်ကွဲပေါက်တချို့ကို တွေ့ရှိ တူးကြည့်ခဲ့ပေမယ့် မီတာ ၄၀ လောက်တူးပြီး ပိတ်နေတာမျိုး တွေ့ရသလို တချို့ကလည်း ကလေးတွေရှိတဲ့နေရာအထိ ပေါက်မပေါက် မသေချာ မရေရာလှပါဘူး။ တွေ့လို့တူးရင်လည်း ဂူကိုပေါက်ဖို့ မီတာ ၈၀၀ လောက်တူးရမယ့် အနေအထားကို တွေ့ရပါတယ်။ ခုထိလည်း အဲဒီဂူမျက်နှာကြက်ကို တောင်ပေါ်က ဖောက်ဝင်လို့ ရနိုင်တဲ့ အက်ကွဲပေါက်တွေကို ဆက်ပြီးရှာဖွေနေကြဆဲပဲဖြစ်ပါတယ်။  နောက်ကယ်ဆယ်ရေးတွေ စကတည်းက ကယ်ဆယ်ရေးရဲ့ အဓိကလုပ်ငန်းအဖြစ် လုပ်ဆောင်လာခဲ့တာက အားကောင်းတဲ့ ရေစုပ်စက်ကြီးတွေနဲ့ ပိုက်ကြီးတွေသုံးပြီး ဂူထဲကရေတွေကို စုပ်ထုတ်ပြီး ဂူထဲမှာရှိနေတဲ့ ရေရဲ့မျက်နှာပြင်ကို နိမ့်ကျသွားအောင် လုပ်ပေးတာဖြစ်ပါတယ်။ ခုထိလည်း ဒီလိုအချိန်ပြည့် စုပ်ထုတ်ပေးနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် ဂူထဲကို ပြင်ပက တေင်တန်းပေါ်က ၀င်နေတဲ့ရေတွေနဲ့ သည်းသည်းထန်ထန် ရွာသွန်းခဲ့တဲ့ မိုးရေတွေဟာ များလှတာမို့ ၁ နာရီကြာစုပ်ထုတ်ရင် ရေမျက်နှာပြင်က တစ်  စင်တီမီတာပဲ ကျတာပါ။ တကယ်လို့များ မိုးလေ၀သဌာနက ခန့်မှန်းပြောဆိုထားသလို ခုရက်ပိုင်းအတွင်း မုတ်သုန်မိုးက ဒီတောင်တန်းဒေသမှာ ပြင်းပြင်းထန်ထန်ပြန်ပြီး ရွာသွန်း လိုက်ရင်တော့ ဂူထဲက ရေမျက်နှာပြင်ဟာ ကလေးတွေအတွက် အန္တရာယ်ရှိလောက်အောင် ပြန်လည်မြင့်တက်လာမှာ အသေအချာပါပဲ။ ကယ်ဆယ်ရေးအဖွဲ့တွေက ဒေသခံရွာသား တွေရဲ့ အကူအညီနဲ့ ဂူရဲ့မြောက်ဘက်နဲ့ တောင်ဘက်မှာရှိတဲ့ဂူထဲကို စီးဝင်နေတဲ့ ချောင်း၂ ချောင်းကို လမ်းကြောင်းလွှဲပစ်နိုင်ခဲ့ပါတယ်။ ဒီအားထုတ်မှုဟာလည်း ဂူထဲကို နောက်ထပ် စီးဝင်လာမယ့် ရေပမာဏအများကြီးကို လွှဲပစ်နိုင်မှာဖြစ်တဲ့အတွက် ထိရောက်တဲ့ နည်းလမ်း တခုလို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ချူလာလောင်ကွန်တက္ကသိုလ် တွဲဖက်ပါမောက္ခ တယောက်ကတော့ ဒီလိုရေတွေ စုပ်ထုတ်နေပေမယ့် မိုးရာသီမှာ ဂူထဲက ရေတွေအားလုံး စုပ်ထုတ်ဖို့ မဖြစ်နိုင် အကျိုးမရှိနိုင်ဘူးလို့ ဆိုပါတယ်။ သူက ဂူဟာ ထုံးကျောက်ဂူဖြစ်တဲ့ အတွက် မိုးရွာတာနဲ့ တောင်ပေါ်မှာရှိတဲ့ စိမ့်ပေါက်တွေ အက်ကွဲကြောင်းတွေကနေ ရေက တရစပ်ဝင်လာမှာဖြစ်သလို မြေအောက် ကျောက်လွှာတွေကလည်း ရေကို စုပ်ယူထားပြီး ပြီးတာနဲ့ စမ်းချောင်းတွေလို မြစ်တွေလိုစီးကြမှာ ဖြစ်တယ်လို့လည်း ရှင်းပြပါတယ်။  

ဒါဟာလည်း သဘာဝဖြစ်စဉ်တခုဖြစ်တဲ့အတွက် ငြင်းလို့မရတဲ့ အချက်တချက်လို့ ပြောရမှာပါပဲ။ ဒါပေမယ့် ကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတွေ စိုးရိမ်နေတာက ထပ်ပြီး သည်းထန်လာနိုင်တဲ့ မိုးပါပဲ။ မိုးရွာတာနဲ့ တပြိုင်နက်ဂူထဲကို နောက်ထပ်စီးဝင်လာမယ့် ရေတွေကို တားဆီးဖို့ဆိုတာ မဖြစ်နိုင်တော့ပဲ ဂူထဲက ကလေးတွေအတွက် အန္တရာယ် ကြီးလာပါလိမ့်မယ်၊ ရပ်နားခြေချစရာ ကုန်းခြောက်မရှိ ဖြစ်သွားနိုင်တဲ့အတွက် အသက်အန္တရာယ် ရှိလာမှာကတော့ အသေအချာပဲဖြစ်ပါတယ်။ အဲဒီအခြေအနေမှာ ကယ်ဆယ်ရေးအဖွဲ့က ရွေးချယ်ထားတဲ့ နည်းလမ်း ၁ ကတော့ နန်နွမ်းဆောင်ကနေ ဂူအခန်း ၃ ရောက်တဲ့အထိ ကလေးတွေကို ရေငုပ်ထွက်ခိုင်းဖို့ဖြစ်ပါတယ်။ ကလေး တယောက်ကို ရေတပ်ရေငုပ်သမား ၃ ယောက်ကအဖော်အဖြစ် လိုက်ပါပေးမှာဖြစ်ပါတယ်။  ကလေးတွေကို မျက်နှာပြည့် ရေငုပ်မျက်နှာ ဖုံးတပ်ဆင်ပေးထားမှာဖြစ်ပါတယ်။ ဒါပေမယ့် လူတကိုယ်စာပဲ ၀င်လို့ရနိုင်တဲ့ လမ်းကြောင်းတွေမှာတော့ ကလေးတွေဟာ တဦးတည်းပဲ ရေငုပ်ဖြတ်သန်းရမှာဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ပိုပြီးအန္တရာယ်ကြီးပါလိမ့်မယ်။

နည်းလမ်း ၂ ကတော့ တောင်ပေါ်ကနေပြီး ကလေးတွေရှိနေတဲ့နေရာအထိ တောင်ကိုလွန်နဲ့ ဖောက်ဖို့ပဲ ဖြစ်ပါတယ်။  ဒါပေမယ့် ဘယ်နေရာမှာ ဖောက်ရမယ်ဆိုတာ ကတော့ မသိသေးပါဘူး။ ဖောက်ရင်လည်း မီတာ ၈၀၀ အနက်လောက်ဖောက်ရမှာဖြစ်ပြီး ဖောက်နေတုန်းအချိန်မှာ ဂူအတွင်းမှာရှိနေတဲ့သူတွေအဖို့ အန္တရာယ်ရှိကောင်းရှိနိုင်တယ်လို့ ဆိုပါတယ်။  

နည်းလမ်း ၁ အဖြစ် ရေငုပ်ထွက်ဖို့ကို ရွေးချယ်ရတာဟာ ကယ်ဆယ်ရေးအဖွဲ့တွေက နောက်ထပ်သည်းထန် လာမယ့်မိုးကြောင့်က အဓိကဖြစ်ပါတယ်။ ကယ်ဆယ်ရေးလုပ်ငန်း အတွက် အဓိက အဟန့်အတားဖြစ်နေတာကလည်း ဂူထဲမှာ လွှမ်းနေတဲ့ရေပဲဖြစ်ပါတယ်။  ဒါပေမယ့် နည်းလမ်း ၂ ဖြစ်တဲ့ တောင်ကို ကလေးတွေရှိနေတဲ့ ဂူမျက်နှာကျက်အထိ ဖောက်ဖို့ကိုလည်း စွန့်ပစ်လို့ မဖြစ်နိုင်ပါဘူး။ နည်းလမ်း ၁ ကအဆင်မပြေရင် နည်းလမ်း ၂ ကိုပဲ သုံးရမှာ ဖြစ်ပါတယ်။ ကလေးတွေဟာ ရှိနေတဲ့နေရာကနေ ဂူအခန်း ၃ ကို ရောက်ဖို့မှာတင် ၂ ကီလိုလောက် ရေငုပ်ရမှာဖြစ်ပါတယ်။  အတွေ့အကြုံမရှိ၊ ကျွမ်းကျင်မှု မရှိတဲ့ ကလေးတွေအဖို့ ဒီခရီးမှာတင် နာရီ အများကြီးကြာနိုင်သလို ငုပ်ရမယ့်လမ်းကလည်း ကျဉ်းမြောင်းတဲ့ လမ်းကြောင်းလေးတွေကို ဖြတ်ရမှာပါ။ ပိတ်ဆို့သွားနိုင်တဲ့အတွက် စိုးရိမ်စရာလည်း ရှိပါတယ်။ အဲဒီအပြင် ရေကလည်း ရွှံ့ရေဖြစ်တဲ့အတွက် လုံးဝမမြင်နိုင်တဲ့ အခြေအနေလည်း ဖြစ်နိုင်သလို ရေစီးကလည်း ပြင်းထန်တဲ့အတွက် အတွေ့အကြုံများတဲ့ ရေငုပ်သမားတွေအတွက်တောင် အရမ်းပင်ပန်းမယ့် ခရီးလမ်းဖြစ်တယ်လို့ ဆိုပါတယ်။  

အဲဒီအချိန်မှာပဲ သောကြာနေ့ မနက် ၁ နာရီမှာရေတပ်ဆီးလ်အဖွဲ့ဝင်ဟောင်း တပ်ကြပ်ကြီးဟောင်းတယောက်ဖြစ်တဲ့ ဆာနမ်းမ်ခွန်နွန်ဟာ ကလေးတွေဆီကို ကြမ်းတမ်းတဲ့ လမ်းကြောင်းတလျှောက် အောက်စီဂျင်ဘူး ၃ ဘူးကို သွားရောက်ပို့ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကလေးတွေရှိတဲ့နေရာကို ရောက်ဖို့ ၅ နာရီကျော် ၆ နာရီလောက်သွားခဲ့ရပြီး အပြန်ခရီးမှာလည်း အဲဒီလောက်အချိန်ယူခဲ့ရတဲ့ အတွက် ၁၂ နာရီလောက် ရေငုပ်ခဲ့ရတာဖြစ်ပြီး အပြန်လမ်းမှာ သူ့အတွက် အောက်စီဂျင်ပြတ်ပြီး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။  

ဒါဟာ ကလေးတွေကိုရေငုပ်ပြီး ကယ်ဆယ်ဖို့ကိစ္စဟာ ဘယ်လောက်အန္တရာယ် ကြီးတယ်ဆိုတာကို ပြသလိုက်တာပဲဖြစ်ပါတယ်။ ခုတာ့ အတွေ့အကြုံရင့်ကျက်တဲ့ ထိုင်းရေတပ်ဆီးလ် အဖွဲ့ဝင်ဟောင်းတယောက်က ရေငုပ်ထွက်တဲ့ နည်းလမ်းရဲ့ အန္တရာယ်ကို အသက်နဲ့ ရင်းပြီးပြသသွားခဲ့ပြီဖြစ်ပါတယ်။  

ထိုင်းကယ်ဆယ်ရေး တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ပညာရှင်တွေ အကောင်းဆုံးအမှန်ကန်ဆုံး နည်းလမ်းနဲ့ တောဝက်ကလေးတွေကို ကယ်ဆယ်နိုင်ပါစေလို့ပဲ။          ။

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013