DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေပေါ် အိမ်ကွက်ရိုက်ရောင်းချထားမှုအပေါ် လှိုင်းဘွဲ့ဒေသခံများ မကျေနပ်
DVB
·
July 6, 2018
လယ်ယာမြေပေါ် အိမ်ကွက်ရိုက်ရောင်းချထားမှုအပေါ် လှိုင်းဘွဲ့ဒေသခံများ မကျေနပ်
Donate to DVB

ကရင်ပြည်နယ်၊ လှိုင်းဘွဲ့-ကမော့ကချူးကျေးရွာသွား ကားလမ်းမကြီးဘေးနှစ်ဖက်က ပိုင်ရှင်ရှိ လယ်ယာမြေတွေပေါ် အိမ်ကွက်ရိုက်ရောင်းချထားတာကို တိုင်ကြားသွားမယ်လို့ နစ်နာတဲ့ မူလလယ်ပိုင်ရှင် ၈ ဦးက ပြောပါတယ်။

အဆိုပါလယ်သမား ၈ ဦးရဲ့ လယ်ယာမြေတွေဟာ  ဘိုးဘွားအစဉ်အဆက်က ကွင်းအမှတ်-၁၅၂၉၊ ကွင်းအမည်- ဖနုပ်ကွင်း၊ ဦးပိုင်အမှတ် ၁၃/၁ မှာ လယ်မြေဧကပေါင်း ၆၅ ဒသမ ၅၁ လယ်မြေပေါ်မှာ နှစ်စဉ်စိုက်ပျိုးလာခဲ့ကျတာဖြစ်ပါတယ်။

လယ်ယာမြေလုပ်ကိုင်ခွင့် ပုံစံ ၇ တွေပါရရှိထားတဲ့ လယ်မြေတွေဖြစ်ပေမယ့် လယ်လုပ်ပိုင်ခွင့် ပုံစံ ၇ မှာလည်း မိမိတို့ မူလလုပ်ကိုင်နေတဲ့ လယ်မြေဧကအတိုင်း ထည့်သွင်း ဖော်ပြပေးထားခြင်းမရှိဘဲ အိမ်ခြံကွက်မြေ နေရာအတွက် ချန်လပ်ပြီး ထုတ်ပေးထားတယ်လို့ နစ်နာတဲ့ မူလလယ်ပိုင်ရှင်တွေက ပြောပါတယ်။

ကမော့ကချူးကျေးရွာအုပ်စု၊ ကော့ဝန်းကျေးရွာ၊ မူလလယ်ပိုင်ရှင် ဒေါ်မူးကြည်ဟဲ က “ကျမတို့က မူလပြေစာအတိုင်းပဲ ယူမယ်။ သူတို့ပြောတာတော့ တစ်ယောက်တစ်ကွက် လျော်ကြေးပေးတယ်။ ကျမတို့က မယူဘူး။ ကျမတို့ လယ်မြေမရရင် ရအောင်ဆက်ပြီးတော့ စာတင်မှာ အထက်ကို။ အဲဒါ ကျမတို့ဆန္ဒပဲ ကျမတို့လယ်ကို ကျမတို့ အဆုံးအရှုံး မခံနိုင်ဘူး။ လယ်ရဲ့ မျက်နှာစာမှာ အိမ်ကွက်တွေရှိလိုရှိရင် လယ်လုပ်ရတာ အခက်အခဲရှိတယ်။ လယ်ကို ပြန်ရဖို့ လုပ်ပိုင်ခွင့်ရဖို့ ကျမတို့ တောင်းဆိုမယ်”လို့ ပြောပါတယ်။

လှိုင်းဘွဲ့မြို့၊ (က)ရပ်ကွက်၊ အာဇာနည်လမ်း၊ မူလ လယ်ပိုင်ရှင် ဦးစောတင်ဦး က “သူတို့ပြောတာ အိမ်ကွက်က မရုပ်သိမ်းဘူး။ ရုပ်သိမ်းလို့ရှိရင် ဘယ်သူဖြေရှင်းမလဲ။ သူတို့မေးတယ်။ ကျနော်တို့ ရောင်းထားတာမှ မဟုတ်တာ။ ရောင်းထားတဲ့ လူနဲ့ ဝယ်တဲ့သူ သွားဖြေရှင်းပေါ့။ ဥပဒေမဲ့ သူတို့ သိမ်းတယ်လေ။ ဥပဒေနဲ့မှ မညီတာ။သမ္မတကြီး ဦးဝင်းမြင့်တို့ ပြောတာပဲ။ သိမ်းဆည်းခံလယ်ယာမြေတွေ ပြည်သူကို ပြန်ပေးအပ်ရမယ်ဆိုတာ”လို့ ပြောပါတယ်။

၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့က နိုင်ငံတော်သမ္မတ၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေကို တင်ပြတိုင်ကြားခဲ့တဲ့အတွက် ပြန်လည်စိစစ်ဖို့ညွှန်ကြားခဲ့တဲ့အပေါ် မြို့နယ်စိစစ်ရေး အဖွဲ့ရဲ့ စိစစ်ဆောင်ရွက်ချက်နဲ့ ညှိနှိုင်းဖြေရှင်းမှုတွေက မြေကွက်ဝယ်ယူ ထားသူတွေ ဘက်ကပဲ ရပ်တည်တဲ့အတွက် တရားမျှတမှုမရှိဘူးလို့ ဒေသခံတွေက  ပြောပါတယ်။

၁၉၉၃ ခုနှစ်က မြို့နယ်အဆင့်တာဝန်ရှိသူတွေက မူလလယ်ပိုင်ရှင်တွေကို ခေါ်ယူညှိနှိုင်းဆွေးနွေးတာ မရှိဘဲ လယ်မြေပေါ် အလျား ၄၈ ပေ၊ အနံ ၁ဝဝ ပေ အိမ်ခြံမြေကွက်ရိုက် ရောင်းချခဲ့တဲ့အပြင် မြေပေးမိန့်တွေထုတ်ပေးခဲ့ပေမယ့် ယနေ့တိုင် လယ်ယာမြေလုပ်ကိုင်ခွင့်ပုံစံအတိုင်း ရှိနေသေးတယ်လို့ စိစစ်ရေးအဖွဲ့က သိရပါတယ်။

ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ကရင်ပြည်နယ် ဥက္ကဋ္ဌ ဦးစောမောင်ကြီးကတော့ “ကွင်းဆင်းတဲ့အခါကျတော့ မြေစာရင်းမြေပုံ မကိုက်ညီတာတွေရယ်။ ဒေသအာဏာပိုင်(အုပ်ချုပ်ရေးမှူး)တွေနဲ့ ကျနော်တို့ ဌာနဆိုင်ရာတွေပူးပေါင်းပြီးတော့ လိမ်လည်ထားတဲ့ကိစ္စတွေလည်း မြေပြင်မှာ တော်တော်များများတွေ့ရှိရတယ်။ ဒီနေ့ထိ အငြင်းပွားစရာတွေ အငြင်းပွားနေမြဲ အစိုးရကတော့ လိမ်နေတုန်းပဲ ဒါကို ကျနော်တို့က တွေကြုံနေရတယ်”လို့ ပြောပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013