DVB Logo
Home
မြန်မာသတင်း
အင်းတော်တွင် ဝက်နားရွက်ပြာရောဂါကြောင့် ဝက်များ သေဆုံး၊ ကာကွယ်ရေး ဆောင်ရွက်
DVB
·
July 6, 2018
အင်းတော်တွင် ဝက်နားရွက်ပြာရောဂါကြောင့် ဝက်များ သေဆုံး၊ ကာကွယ်ရေး ဆောင်ရွက်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှာ ဝက်နားရွက်ပြာရောဂါ ဖြစ်ပွားနေပြီး သေဆုံးမှုတွေရှိနေတာကြောင့် ကာကွယ်ကုသမှု လုပ်ငန်းတွေ ဆောင်ရွက်နေရတယ်လို့ အင်းတော်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါက်တာမြင့်သူက ပြောပါတယ်။

“ဝန်းသိုမြို့နယ်နဲ့ ဆက်စပ်နေတဲ့ မဲဇာနန့်သဲ ဒေသပေါ့၊ အဲ့နေရာတွေမှာ အဓိက အဖြစ်များပါတယ်။ ကျန်တဲ့ ၅ ရွာရယ်၊ မြို့ပေါ် (၁) ရပ်ကွက်ရယ်၊ အဲ့မှာတော့ အနည်းအကျဉ်းဖြစ်တယ်။ ၂ဝ၁၈ ဇွန်လ နောက်ဆုံးပတ်ကနေ ရောဂါဖြစ်တဲ့ ကောင်ရေ (၁၄၇) ကောင်ရှိတယ်၊ သေဆုံး ၃၂ ကောင် ရှိတယ်။ ကျနော်တို့ ဌာနအနေနဲ့ ဖြစ်နေတဲ့ကျေးရွာတွေမှာ ပိုးသတ်ဆေးဖြန်းတာတွေ၊ အသိပညာပေး ဟောပြောပွဲလုပ်တာတွေ၊ လက်ကမ်းစာစောင်ဖြန့်ဝေတာတွေ ဆောင်ရွက်နေပါတယ်။ မြို့အဝင်အထွက် ဂိတ်တွေမှာ ကျနော်တို့ ကျန်းမာကြောင်း ထောက်ခံချက် အဲ့ဒါတွေမပါရင် ဖြတ်သန်းခွင့် မပေးဘူး။ ပိတ်ဆို့ရေးလုပ်ငန်းတွေ လုပ်နေတယ်။ မကျန်းမာတဲ့ ကောင်တွေကို ကုသမှုလုပ်ငန်းတွေ လုပ်ပေးနေပါတယ်။ လူကို ကူးစက်တယ်လို့ မရှိသေးပါဘူး။ ဝက်ချင်း ဝက်ကတော့မြန်ပါတယ်။ လဏ္ခာတွေအနေနဲ့က ရက်ရှည် အစာမစားဘူး လဲလျောင်းနေတယ်။ ဝမ်းချုပ်လာတယ်၊ ဆီးအရောင်တွေပြောင်းလာတယ်။ အအိပ်အနေများတဲ့အတွက် မျက်ခုံးတွေ မို့လာတာ ယောင်လာတာရှိတယ်။ ရက်ကြာလာတော့ နားရွက်တွေက အရောင်ပြောင်းပြီး ညိုလာတာ ငန်းလာတာတွေ ရှိတယ်။ နောက်ဆုံး ရောဂါ ပြင်းထန်လာရင် သေဆုံးတာတွေရှိပါတယ်” လို့ ပြောပါတယ်။

အောင်မင်္ဂလာရပ်ကွက်မှ ဝက်မွေးမြူသူ ဒေါ်သင်းသင်းဦးက “ဇွန်လ ၂၈ ရက်လောက်က စဖြစ်တယ်၊ ၉ ကောင် သေသွားပြီ၊ ၆ ကောင် ဖြစ်နေတယ်။ ဝက်နားရွက်ပြာရောဂါလို့ ပြောရမှာပေါ့။ အခု ဆေးကတော့ နေ့တိုင်း တိကုဦးစီးတွေနဲ့ ထိုးနေတယ်။ သက်သာမှု မရှိသေးဘူး။ ၂ဝ၁၅ ခုနှစ်က တစ်ခါဖြစ်ဖူးတယ်။ အသေအပျောက်တော့ မရှိဘူး။ သူများခြံတွေကိုလည်း မကူးစေချင်ဘူး ကိုယ်ကလည်း ဝက်သေဆုံးလာရင် အဝေးကြီးကို နက်နက်တူးပြီး မြှုပ်ခိုင်းတယ်။ တချို့တလေလည်း ဖြစ်နေကြတယ်လို့ ပြောတယ်။ ဒါပေမယ့် အသေအပျောက်က အများကြီးမရှိသေးပါဘူး။ လဏ္ခာက အစာမစားတာ ပြီးရင် ဓာတ်ချုပ်ခဲ့တာ နှစ်ရက်သုံးရက်နဲ့ မလဲသေးဘူး။ လေးငါးရက်နေရင် ကိုယ်က အပျောက်အပျောက်တွေဖြစ်ပြီး ပြာပြီးလဲသွား တော့တာပါ” လို့ပြောပါတယ်။

အင်းတော်မြို့နယ်အတွင်းရှိ မဲဇာကျေးရွာရှိ ဝက်မွေးမြူ သူ ၂ ဦးရဲ့ ရောဂါဖြစ်နေတဲ့ ဝက်တွေကနေ နမူနာပစ္စည်းတွေရယူကာ မန္တလေးတိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ် ခွဲခန်းကို ပေးပို့စစ်ဆေးခဲ့ရာ ဝက်နားရွက်ပြာ (PRRS) ရောဂါ(၂)မျိုး၊ (အမေရိကမျိုး NA /ဥရောပမျိုး EU ) ဆာကို ဗိုင်းရပ်စ်(PCV 2 ) နဲ့ ဘက်တီးရီးယားပိုး (၁)မျိုး (Pasteurella Haemolytica )တို့အား စစ်ဆေးတွေ့ ရှိရတယ်လို့ ဆိုပါတယ်။

မဲဇာ၊ နန့်သဲ၊ အောင်မင်္ဂလာ၊ နားနောင်၊ သောင်ကြီး၊ ညောင်ကုန်း၊ နောင်ကွတ်၊ ညောင်ပင်ဆိပ် ကျေးရွာတွေမှာ ရောဂါဖြစ်ပွားလျှက်ရှိပြီး အင်းတော်မြို့နယ် မဲဇာ-နန့်သဲဒေသရှိ ဝက်များတွင် ဝက်နားရွက်ပြာရောဂါ အများဆုံးဖြစ်ပွားနေပြီး ဝက်အကောင်ရေ ရာဂဏန်းထိ သေဆုံးမှုတွေ ဖြစ်ပေါ်နေတယ်လို့ မဲဇာဒေသခံတွေက ပြောပါတယ်။

ကိုကိုလင်း(အင်းတော်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013