
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်အတွင်းမှာ နွေစပါးအတွက် ဂရိတ်ဝေါကုမ္ပဏီက ဖြန့်ဖြူးရောင်းချထားတဲ့ GW 1 ပုလဲသွယ် မျိုးစပါးတွေက အပင်ပေါက်မစုံတာ၊ မျိုးမသန့်တာ စတာတွေကြောင့် ဆုံးရှုံးနစ်နာမှုတွေ ကြုံတွေ့နေရတဲ့အတွက် တောင်သူ ၁ဝဝ ကျော်က ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
“ကျနော်တို့ ဒီစပါးမျိုးစိုက်လာတာ ၄ နှစ်ရှိပြီ။ ဒီနှစ်မှ ဒီလိုဖြစ်တာ။ တခါဖြစ် တခါ သိသိသာသာကို ဆုံးရှုံးနစ်နာမှုတွေ ကြုံတယ်။ အရင်နှစ်က ပျမ်းမျှအနေနဲ့ ၁ ဧကကို တင်း ၁၇ဝ ဝန်းကျင်ထွက်တယ်။ ဒီနှစ်တော့ မထွက်တော့ဘူး။ မျိုးမသန့်လို့ ဝယ်သူလည်း မရှိသေးဘူး။ ဆုံးရှုံးမှုကတော့ ကြီးတယ်။ ကျနော်တို့ ရွာတင်တောင် တောင်သူ ၁ဝဝ ကျော်၊ ဧက ၁ ထောင်ကျော်တယ်” လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ဘရွှေဘိုမြို့နယ် သီးလုံးကျေးရွာက တောင်သူတဦးက ပြောပါတယ်။
ဒီနေ့ဆန္ဒပြပွဲကို ဒီပဲယင်းမြို့နယ်က သရက်ကန်၊ ညောင်ပုထိုး၊ ရွှေဘိုမြို့နယ်က ခွန်တောင်းကြီး၊ သီးလုံး၊ ညောင်ပင်သာ၊ လိပ်ချင်း စတဲ့ ကျေးရွာ ၆ ရွာက လာရောက်ဆန္ဒပြခဲ့ကြတာပါ။
ဒီမျိုးစပါး မသန့်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ကုမ္ပဏီဘက်က ဒေသခံတွေ၊ ဌာနဆိုင်ရာတွေနဲ့ ၄ ကြိမ်တိုင်တိုင် ဆွေးနွေးတာတွေ ပြုလုပ်ထားပေမယ့် တဖက်သတ်ဆန်တဲ့ စည်းကမ်းချက် အချို့ကြောင့် ဆန္ဒပြရတာလို့ ဆိုပါတယ်။
“ကျနော်တို့ဆီကို ၄ ကြိမ်ရှိပြီ လာပြီးဆွေးနွေးတာ။ တိကျတဲ့ အဖြေမရဘူး။ နောက်ဆုံးဆွေးနွေးတော့ ဆုံးဖြတ်ချက် နံပါတ် ၄ မှာ ပုလဲသွယ် စိုက်ပျိုးတဲ့ ကျန်တဲ့ကျေးရွာ အုပ်စုတွေက ပြဿနာတစုံတရာ ပေါ်ပေါက်လာရင် အခုဆွေးနွေးဆုံးဖြတ်ချက်က အလိုအလျောက် ပျက်ပြယ်မယ်ဆိုတာ ပါနေတယ်။ အဲဒါကိုလည်း မကြိုက်ဘူး။ ကျနော်တို့ ဆုံးရှုံးမှုက သူတို့လျော်မယ်ဆိုတဲ့ ၁ သိန်းကိုလည်း ကျနော်တို့က မမက်တော့ဘူး။ အဓိကက ကုမ္ပဏီရဲ့ တောင်သူတွေအပေါ်မှာ လိမ်ညာနေတာကို တနိုင်ငံလုံးက တောင်သူတွေ သိစေချင်တာ” လို့ ဆန္ဒပြပွဲဦးဆောင်သူ သရက်ကန်ကျေးရွာက တောင်သူ ဦးသန်းဝေက ပြောပါတယ်။
ဆန္ဒပြရာမှာ တောင်သူတွေက သရက်ကန်ဇာတိ ဆရာစံကို ဂုဏ်ပြုတဲ့အနေနဲ့ ဆရာစံပုံကို ရှေ့တန်းတင်ပြီး ချီတက်လမ်းလျှောက်ဆန္ဒပြခဲ့ကြတာပါ။
ဒီမျိုးစပါး မမှန်ကန်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး တိုင်းစိုက်ပျိုးရေးအဖွဲ့ကလည်း ကွင်းဆင်းစစ်ဆေးပြီးပြီလို့ သိရပါတယ်။
ဒီမျိုးစပါးကို ဒီပဲယင်း၊ ရွှေဘို စတဲ့မြို့နယ်တင် ဧက ထောင်ချီရှိတယ်လို့လည်း သိရပါတယ်။
ကုမ္ပဏီအနေနဲ့ GW 1 ပုလဲသွယ်မျိုးစပါးကို ၂ဝ၁၄ ခုနှစ်ကနေ စတင်ကာ တောင်သူတွေ စပါးအထွက်တိုး ဝင်ငွေတိုးစေဖို့ ရည်ရွယ်ပြီး ထုတ်လုပ်ဖြန့်ဖြူးခဲ့တယ်လို့ သိရပါတယ်။
ဒီမျိုးစပါး ၁ ကီလို ၁ ထုပ်ကို လက်ငင်း ၄၃ဝဝ ကျပ်၊ သီးနှံပေါ်ပေး ၄၅ဝဝ ကျပ်နဲ့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာတော့ တရားဥပဒေစိုးမိုးရေး၊ ဆင်းရဲသားတောင်သူလယ်သမားအပေါ် မမှန်မကန် ဂုတ်သွေးစုတ်အမြတ်ထုတ်နေတဲ့ ဂရိတ်ဝေါကုမ္ပဏီ အလိုမရှိစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြောခဲ့ကြပါတယ်။
အခုလို တောင်သူတွေ ဆန္ဒပြတာနဲ့ပတ်သက်လို့ ကုမ္ပဏီကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် မရခဲ့ပါဘူး။










