DVB Logo
Home
မြန်မာသတင်း
လူ့အခွင့်အရေးမဟာမင်းကြီး လိုရာဆွဲချဲ့ကားပြောဆိုနေဟု မြန်မာတုံ့ပြန်
DVB
·
July 6, 2018
လူ့အခွင့်အရေးမဟာမင်းကြီး လိုရာဆွဲချဲ့ကားပြောဆိုနေဟု မြန်မာတုံ့ပြန်
Donate to DVB

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ ပြောကြားချက်တွေထဲမှာ လိုရာဆွဲ ချဲ့ကားဖော်ပြမှုတွေပါဝင်နေတယ်လို့   မြန်မာကိုယ်စားလှယ်က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ တုံ့ပြန် ပြောကြားလိုက်ပါတယ်။

ဇူလိုင် ၄ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီရဲ့ ၃၈ ကြိမ်မြောက် ပုံမှန်အစည်းအဝေးအတွင်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ ကုလသမဂ္ဂလူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာ တင်သွင်း ဆွေးနွေးပြောဆိုချက်တွေအပေါ် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းက တုံ့ပြန်လိုက်တာပါ။

“လူ့ အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ Conference room paper မှာပါဝင်တဲ့ အချက်အလက်အများအပြားဟာ မှန်ကန်မှုမရှိဘူး။ လိုရာဆွဲဖော်ပြတာ ဒါမှမဟုတ် ချဲ့ကား ဖော်ပြတာတွေ ပါဝင်နေတယ်။ ဒီလိုမှားယွင်းတဲ့ အချက်အလက်တွေဟာ ဖတ်ရှုသူတွေ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတွေကို  ဆုံးဖြတ်ချက် အမှားချမှတ်စေနိုင်တယ်။ ဒါဟာ ရခိုင်ဒေသအတွက် ရေရှည်တည်တံ့မယ့်အဖြေကို ရှာဖွေနိုင်ဖို့ မိမိတို့ရဲ့ ကြိုးစား အားထုတ်မှုတွေအပေါ် ဆိုးရွားစွာ သက်ရောက်စေတယ်”လို့ မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ပြောပါတယ်။

ဒါ့အပြင် ARSA အဖွဲ့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှု၊ ဟိန္ဒူ  ၉၉ ဦး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုတွေကို လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အစီရင်ခံစာမှာ  ထည့်သွင်း ဖော်ပြထားခြင်းမရှိတာဟာ စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်တယ်။၊ နေရပ်စွန့်ခွာမှုရဲ့ အဓိက အကြောင်းရင်းဟာ  အကြမ်းဖက်မှုကြောင့်ဖြစ်ပြီး ဘယ်လို အကြမ်းဖက်မှုကို မျှလျစ်လျုရှုမှာ မဟုတ်ဘူးလို့ လည်း ပြောကြားခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုကိုမှ သည်းခံမေမှာမဟုတ်ဘဲ အထောက်အထား ခိုင်လုံရင် ကျုးလွန်သူတွေကို ဥပဒေနဲ့ အညီ အရေးယူသွားမယ်၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို  ပြည်တွင်း ပြည်ပပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားမယ်လို့ လည်း မြန်မာကိုယ်စားလှယ်က ထပ်မံပြောကြားသွားပါတယ်။

လူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး ဇာအစ်အလ်ဟူစိန်ကတော့ ရခိုင်ပြည်နယ်ကနေ ဒုက္ခသည်တွေ ဇွန်လလယ်အထိ နောက်ထပ် တသောင်းကျော် ဆက်လက်ထွက်ပြေးလာ နေဆဲဖြစ်တယ်၊ ရိုဟင်ဂျာတွေကို အကြမ်းဖက်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ နေအိမ်တွေကို မီးရှို့မှုစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ်လို့ လူ့အခွင့်ရေးကောင်စီမှာ ဝေဖန် ပြောသွားပါတယ်။

ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံကြား သဘောတူ ထားပေမယ့် အခုချိန်ထိ နေရပ်ပြန်နိုင်တဲ့ဒုက္ခသည် တဦးတယောက်မှ မရှိသေးဘူးလို့လည်း လူ့အခွင့်အရေး မဟာမင်းကြီးက  ပြောသွားပါတယ်။

ဒီဆွေးနွေးပွဲမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အပါအ၀င် နိုင်ငံပေါင်း ၃၅ နိုင်ငံက ကိုယ်စားလှယ်တွေနဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။

လာမယ့် ဇူလိုင်လ ၂၃ ရက်နေ့မှာလည်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တံခါးပိတ်ဆွေးနွေးကြဖို့ အစီအစဉ်ရှိနေပါတယ်။

ဓာတ်ပုံ-MOFA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013