DVB Logo
Home
Lead Story
ဇူလိုင် အိပ်မက်
DVB
·
July 6, 2018
ဇူလိုင် အိပ်မက်
Donate to DVB

၁၉၇၂…

ကျနော် တက္ကသိုလ်ရောက်တော့ မန္တလေးဆောင်မှာ ပထမနှစ် တက်ခွင့်ရပါတယ်။ အရင်က ဘော်ဒါဆောင်ကို စာသင်ဆောင်အဖြစ် ပြောင်းထားတာလို့ သိရပါတယ်။

စာသင်ချိန်နားတဲ့အခါ အဓိပတိလမ်း တဖက် မျက်နှာချင်းဆိုင်က မြေကွက်လပ်တခုကို သတိထားမိပါတယ်။ ချုံနွယ်တွေ၊ လဲပြိုနေတဲ့ ကွန်ကရစ်တိုင်၊ ရေညှိတွေတက်နေတဲ့ ကျောက်တိုင်တတိုင်။

စာသင်ချိန်နားတိုင်း မန္တလေးဆောင် အပေါ်ထပ်က အဲဒီမြေကွက်လပ်ကို ငေးငေးကြည့်မိ။ ဘာမှန်းမသိပေမယ့် အဲဒီမြင်ကွင်းကလေးဟာ ကြေကွဲဖွယ် ပုံပြင်ကလေးတပုဒ်ကို ပြောနေသလို အလိုလို ခံစားမိပါတယ်။

အတန်းဖော်တွေကို အဲဒီမြေကွက်လပ်ကလေးအကြောင်း မေးကြည့်တော့ သူတို့လည်း ဘာမှ ရေရေရာရာ မပြောနိုင်ကြပါဘူး။

နောက်တော့ ကျောင်းသားတယောက်က ၇ ဇူလိုင် ဆိုတဲ့ ဆယ်ချိုးဆိုက်အရွယ် စာအုပ်လေးတအုပ်ကို ကျနော့်လက်ထဲ လာထည့်ပါတယ်။ မန္တလေးဆောင်ဘေး ပိတောက်ပင်အောက်က ခုံပြာတန်းကလေးမှာ ထိုင်ဖတ်။ ဖတ်ပြီးတာနဲ့ ချက်ချင်း ပြန်ပေးရမယ်၊ တယောက်တည်းပဲ ဖတ်ရမယ် ဆိုတဲ့ စည်းကမ်းချက်တွေနဲ့ အဲဒီစာအုပ်လေးကို ဖတ်လိုက်ရတာပါ။

ဝါကြန့်ကြန့် စာရွက်ပေါ်က ဝိုးတဝါး ဓာတ်ပုံတွေ။

တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ၊ ခွပ်ဒေါင်းအလံကို ကိုင်ထားတဲ့ ကျောင်းသားတွေ ဆန္ဒပြ စီတန်းလှည့်လည်နေပုံ၊ ပိတ်ထားတဲ့ အဓိပတိလမ်း ဂိတ်ပေါက်တံခါးကြီး၊ တံခါးကြီးမှာ ကပ်ထားတဲ့ ကြွေးကြော်သံ ပိုစတာတွေနဲ့ ဗိုလ်အောင်ကျော်ပုံ၊ ကျောင်းဝင်းတံခါးဘေးမှာ ဝိုင်းထားတဲ့ လက်နက်ကိုင်တွေ၊ အိုဟောင်းနွမ်းလျနေတဲ့ စာအုပ်ထဲမှာ သားပျောက်ရှာတဲ့ မိခင်တွေကို မြင်မိတော့ ရင်ထဲကို မြားအစင်းစင်း စူးနစ်ဝင်သလို ခံစားရမိ။

ကျနော် နေ့တိုင်း ငေးငေးနေတဲ့ လွမ်းမောစရာ မြင်ကွင်းဟာ အတွေးတွေအဖြစ် ပြောင်းသွားပါတော့တယ်။ အသက်ရှူကျပ်တဲ့ ညတွေမှာ ကျောင်းသားသမဂ္ဂအိပ်မက်ကို  ခဏ ခဏ မက်နေပြန်ပါတယ်။

ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးရဲ့ အထိမ်းအမှတ်လည်းဖြစ်၊ ဒီမိုကရေစီရဲ့ သင်္ကေတလည်းဖြစ်တဲ့ ဒီအဆောက်အဦကို ဘယ်သူတွေက ဘယ်အငြိုးအတေးတွေနဲ့ ဘာကြောင့် ဘယ်လို ဖြိုခွဲခဲ့တာလဲ ဆိုတဲ့ မေးခွန်းဟာ ကျနော့်ခေါင်းထဲမှာ အဆက်မပြတ် ပေါ်လာပါတယ်။ ဒါပေမယ့် ဒီမေးခွန်းကို ဘယ်သူတွေ ဖြေမှာလဲ၊ ဘယ်သူ့ကို မေးရမလဲ။ အဲဒီတုန်းက မမေးရဲ မဖြေရဲ။ မဆလရဲ့ လမ်းစဉ်လူငယ်တွေက ဘင်ခရာသံ တဒိန်းဒိန်းနဲ့ လမ်းတကာမှာ ဟန်ရေးပြနေတဲ့ ခေတ်လေ။

၁၉၇၆ ဦးသန့်အရေးအခင်း၊ မှိုင်းရာပြည့်အရေးအခင်းတွေမှာ အဲဒီကွင်းပြင်ကလေးဟာ အသက်ဝင်လာပါတယ်။ ၁၉၈၈ အရေးအခင်းရောက်တော့ အဲဒီ ကွင်းပြင်ကလေးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မီးပွင့်ကလေးတွေ တောက်ပလာပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး မီးတောက်အဖြစ် ပြောင်းသွားပါတော့တယ်။

ကျနော့်ရဲ့သမဂ္ဂအိပ်မက်ဟာလည်း မီးတောက်တွေအောက်မှာ ပိုပိုပီပြင်လာပါတယ်။

တချိန်က မြေပေါ်မှာ ဗုန်းဗုန်းလဲအောင် ဖြိုချခံထားရတဲ့ ကျောင်းသားသမဂ္ဂဟာ ခေတ်သစ် စနစ်သစ် လေပြည်အေးကို ရှူရှိုက်ရင်း ပြန်လည်နိုးထလာပါတယ်။ ခွပ်ဒေါင်းအလံဟာလည်း မီးလျှံငှက်လို မြန်မာပြည်အနှံ့ ပျံသန်းနေပါတော့တယ်။

၂၀၁၈ ခုနှစ်…

နှစ်ပေါင်း လေးဆယ်ကျော် ကြာပြီးနောက် ကျောင်းဝင်းထဲကို မတော်တဆ မျက်စိလည် ပြန်ရောက်တော့ ငယ်ငယ်က ငေးငေး တွေးတွေး ကြည့်နေမိတဲ့ မန္တလေးဆောင်ရှေ့က ကွင်းပြင်ကလေးကို သမင်လည်ပြန်ကြည့်မိပါတယ်။

၇ ဇူလိုင်ဟာ အာဏာရှင်တွေရဲ့ ရူးသွပ်မှု၊ ရက်စက်မှုတွေကိုသာ ပြောပြနေတာ မဟုတ်ပါဘူး။ ကျောင်းသားလူငယ်ထုရဲ့ ခေတ်အဆက်ဆက် တာဝန်ကျေမှုနဲ့ စွမ်းရည်ထက်မြက်မှုအပြင် သမိုင်းသင်ခန်းစာတွေကို ရေးထိုးထားတာ မြင်လိုက်ရပါတယ်။

ကျနော့်အိပ်မက်ထဲက သမဂ္ဂ အဆောက်အဦကြီးကတော့ ခုချိန်မှာ ဝေဝေဝါးဝါးပါပဲ။

သားကြီးမောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013