
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ ဝမ်ပေါင်ကုမ္ပဏီရှေ့ကို သွားရောက်ကာ အစားထိုးမြေယာ ဖော်ဆောင်ပေးမှုကို ကျေနပ်မှု မရှိတာကြောင့် ဇူလိုင်လ ၄ ရက်နေ့ နေ့လည်ပိုင်းက ဒေသခံတွေစုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
လက်ပံတောင်းတောင်ဒေသခံ ဒေါ်စန်းနွဲ့က "အစီရင်ခံစာထဲမှာ ပါတာက ဒေသခံတွေနဲ့ အနီးအနားမှာ အစားထိုးမြေယာ ဖော်ပေးဖို့ ပါတယ်။ အခု သူတို့လုပ်နေတာက ဒေသခံတွေနဲ့ မိုင် ၄၀ လောက်ဝေးတဲ့ ကနီနယ်မှာသွားပြီး လုပ်နေတယ်။ တောင်သူတွေက ဘယ်လိုသွားလုပ် နိုင်မလဲ။ ဘယ်လိုမှ အဆင်မပြေနိုင်ဘူးလေ။ နောက်ပြီး ဒေသခံတွေရဲ့ မြေယာလျော်ကြေး၊ သီးနှံလျော်ကြေးတွေ ဘာမှအဆင်မပြေသေးဘူး။ တွေ့ဆုံညှိနှိုင်းတာလည်း မရှိဘူး။ ပြီးတော့ ဒီနေ့ အစိုးရရုံးသွားပြီး ဝန်ကြီးချုပ်နဲ့တွေ့ဖို့ သွားခဲ့တယ်။ တွေ့ခွင့်မရခဲ့ဘူး။ အကုန်လည်း ဝင်ခွင့်မပေးဘူး။ ကန့်ကွက်စာပဲတင်ခဲ့ရတယ်"လို့ ဒီဗွီဘီကိုပြောပါတယ်။
ဆန္ဒမပြခင် နေ့လယ်ပိုင်းကလည်း ဒေသခံတွေစုပေါင်းကာ အစိုးရရုံးကို စာတင်ဖို့၊ ဝန်ကြီးချုပ်နဲ့တွေ့ဖို့ သွားရောက်ခဲ့ပေမယ့် အစိုးရရုံးဝင်ပေါက်ရှေ့မှာ တာဝန်ကျ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်တွေက တားမြစ်ခဲ့တာကြောင့် ဒေသခံတွေကိုယ်စား ၃ယောက်သာ ဝင်ခွင့်ပေးခဲ့ ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ်နဲ့တွေ့ဆုံဆွေးနွေးခွင့်မရခဲ့ဘဲ အစားထိုးမြေယာဖော်ဆောင် တာကို ကန့်ကွက်တဲ့ ကန့်ကွက်စာပဲတင်ပြီး လှည့်ပြန်ခဲ့ရတာပါ။
လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သေဆုံးဒဏ်ရာရသူတွေ၊ ထောင်ကျခံ ရသူတွေလည်း အများကြီးရှိခဲ့ပါတယ်။ ကြေးနီစီမံကိန်းကို ကန့်ကွက်ဆန္ဒပြပွဲပေါင်း အကြိမ်ရေ ၂၀၀ ကျော်ရှိလာပေမယ့် ဒီနေ့အချိန်ထိ ပြေလည်မှုမရှိသေးပါဘူး။ ဒေသခံတွေကတော့ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာပါ အချက်တွေအတိုင်း တသွေမတိမ်းအကောင်အထည်ဖော်ပေး ဖို့သာ လိုလားနေကြပါတယ်။
အစီရင်ခံစာအတိုင်း အကောင်အထည်ဖော်ပေးမယ်ဆိုရင် ဆည်တည်းရွာအပါအဝင် ရွှေ့ပြောင်းရမယ့်ရွာတွေလည်းရွှေ့ပြောင်းပေးလာနိုင်ပြီး ပြေလည်မှုတွေလည်း ရှိလာနိုင်တယ် လို့ ဒေသခံတွေကတော့ ပြောပါတယ်။
မြေယာလျော်ကြေး သီးနှံလျော်ကြေးတွေနဲ့ပတ်သက်ပြီး အမြန်ဆုံး အဆင်ပြေအောင် လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ပြောဆို ထားပါတယ်။
ဒီနေ့ဆန္ဒပြပွဲမှာတော့ ဒေသခံတွေက ပုသိမ်-မုံရွာလမ်းဆုံကနေ ကုမ္ပဏီရှေ့ကို ချီတက် လမ်းလျှောက် ဆန္ဒပြခဲ့ပြီး ကြေးနီစီမံကိန်းဖျက်သိမ်းရေး၊ အစီရင်ခံစာအတိုင်း အကောင်အထည် ဖော်ပေးရေး၊ ဦးပိုင်ဝမ်ပေါင် အလိုမရှိစတဲ့ ကြွေးကြော်သံတွေကို ကြွေးကြော်ကာ ၂ နာရီခန့် အကြာမှာ ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ပါတယ်။










