DVB Logo
Home
Lead Story
ကျူရှင်​ဆရာ​တွေ အလုပ်​ဖြစ်​​နေကြသလား
DVB
·
July 4, 2018
ကျူရှင်​ဆရာ​တွေ အလုပ်​ဖြစ်​​နေကြသလား
Donate to DVB

ပညာ​ရေး​လောကမှာ ကျူရှင်​သင်​ကြားတဲ့ ဆရာ​တွေ အ​ရေးယူမယ်​ဆိုတဲ့ သတင်း​တွေ တွင်​တွင်​ကျယ်​ကျယ်​ ကြားလာရပါတယ်​။

အစိုးရ​ကျောင်း​တွေရဲ့ ပုံရိပ်​ ကျဆင်းလာတာနဲ့အမျှ ကျူရှင်​လောကဟာ နာမည်​ရလာပါတယ်​။

ဆရာ၊ ဆရာမ​တွေကလည်း အပိုဝင်​​ငွေရ​အောင် ​မိမိတို့တတ်​ထားတဲ့ ပညာနဲ့ လုပ်​စားလာကြပါတယ်​။ ဒီ​နေရာမှာ ဆရာတ​ဦးချင်းစီရဲ့ သ​ဘောထားအ​ပေါ် မူတည်​ပြီး ကျူရှင်​သင်​ကြားမှုအ​ပေါ်မှာ အ​ကောင်းအဆိုး ကွဲပြားလာရာက ဆရာ​တွေ ကျူရှင်​မသင်​ရ ဆိုတဲ့ သတ်​မှတ်​ချက်​​တွေ​ ပေါ်လာပါတယ်။ မိမိဆီမှာ ကျူရှင်​မတက်​တဲ့​ ကျောင်းသားကို ဖိနှိပ်​ပြီး ကျူရှင်​​တက်​တဲ့​ ကျောင်းသားကို မျက်​နှာသာ​ပေးတဲ့အတွက်​ ​ကျောင်းသားမိဘ​တွေ​၊ ကျောင်းသား​တွေရဲ့​ ဝေဖန်​မှု​တွေ ကြားလာရပါတယ်​။ ဒါ​ပေမယ့် ကျောင်းသားမိဘများက​တော့ အချိန်​တန်​ရင် ကျူရှင်​ဆရာ​တွေဆီ ကိုယ့်သားသမီးကို အပ်​ကြတာပါပဲ။

သူတို့ အမြဲ​ပြောကြတာက အစိုး​ရ​ကျောင်းကိုချည်းပဲ အားကိုးလို့ မရဘူး​လေတဲ့။ ကျောင်း​တွေမှာ ဆရာ၊ ဆရာမ​တွေက ဂရုတစိုက်​ မသင်​ကြဘူးတဲ့။ ကျူရှင်​ကျမှ သင်​တာတဲ့။

ဒီအသံ​တွေကြားရတာ တကယ်​ စိတ်​မချမ်းသာစရာပါပဲ။ က​လေး​တွေမှာလည်း အိမ်​နဲ့​ ကျောင်း၊ ​ကျောင်းနဲ့အိမ်​၊​ ကျောင်းကသင်​တဲ့စာ၊ ကျူရှင်​ကသင်​တဲ့စာနဲ့ လုံးလည်​ချာလည်​ လိုက်​​နေရတာပါပဲ။ ဒီ​နေရာမှာ ဆရာ​တွေက​ ကျောင်းမှာ စာ​ကောင်း​ကောင်းမသင်​လို့ ကျူရှင်​ပို့ရတယ်​ဆိုတဲ့ အချက်​က အ​တော်​​လေး စိတ်​ပျက်​ဖို့​ကောင်းပါတယ်​။

တကယ်​​ရော ဒီလို​တွေ ဖြစ်​​နေလားဆို​တော့ တကယ်​ဖြစ်​​နေတာ​တွေကလည်း ရှိပါတယ်​။ ဆရာ​တွေက ​ကျောင်းမှာ က​လေး​တွေကို စာ​ကောင်း​ကောင်းမသင်​ဘူးဆိုတဲ့ အချက်​က သူ့ဆီမှာ ကျူရှင်​လာတက်​​စေချင်​လို့ မသင်​တာလား​ပေါ့။

ဒါ​တွေက တကယ်​တမ်း ပညာ​ရေး​လောကမှာ ဖြစ်​​နေတဲ့​ ဖြေရှင်းရခက်​တဲ့ ပြဿနာ​တွေလည်း ဖြစ်​ပါတယ်​။

ဘာပဲဖြစ်​ဖြစ်​ ပုပ်​လို့​ ပေါ်သလို ဟုတ်​လို့လည်း ​ကျော်​ခဲ့ပါပြီ။ ဆရာ​တွေ ဆရာစိတ်​ အားနည်းလာတဲ့အ​ပေါ်မှာ ကျနော်​တို့ အ​ဖြေရှာသင့်ပါပြီ။

အလုပ်​အကိုင်​ အခွင့်အလမ်း​တွေ ရှားပါးတဲ့အတွက်​ ဘွဲ့ရရင်​ အလုပ်​တခု ဝင်​လုပ်​ဖို့အတွက် ​ဘယ်​ဌာနကပဲ​ ခေါ်​ခေါ် အလုပ်​​လျှောက်​ကြတယ်​။ ဝါသနာပါတာ၊ မပါတာက​ နောက်​။ အလုပ်​တခုရဖို့က အ​ရေးကြီး​နေတာ​လေ။

အဲဒီမှာ အလုပ်​လည်းရ​ရော ​ကျောင်းဆရာလစာနဲ့ ဘာဖြစ်​တယ်​ ညာဖြစ်​တယ်​ဆိုပြီး အပိုဝင်​​ငွေရှာဖို့ လုပ်​ကြ​တော့ ​ကျောင်းဆရာက ကျူရှင်​သင်​ဖို့ အရင်​မြင်​တယ်​။ ကျူရှင်​ဆရာ​တွေကလည်း ဝင်​​ငွေ​ကောင်း​နေကြ​တော့ လစာ​လောက်​ကို စဉ်းစားစရာ မဟုတ်​ဘူး။ ဆရာဆိုတဲ့ နာမည်​​လေးရတာနဲ့ ကျူရှင်​ပြပြီး​ ငွေရှာတယ်​။ တကယ်​ ကိုယ်​တာဝန်​ကျတဲ့​နေရာကို မသွားဘဲ ရုံးနဲ့ညှိပြီး​နေတဲ့ ဆရာ​တွေ​တောင်​ မြင်​ဖူးပါတယ်​။ ခုထိလည်း ရှိ​နေဆဲပါပဲ။

သူတို့က လစာကို ရုံးက အထက်​လူကြီး​တွေကို တဝက်​​ပေးထားတယ်​။ အထက်​လူကြီး​တွေအ​နေနဲ့လည်း ဆရာတယောက်​ကို ခုလက်​ရှိ လစာအ​နေအထားအရ တဝက်​ဆိုရင်​​တောင်​ တသိန်း​လောက်​ ရတာဆို​တော့ အဲဒီလို ဆရာ ဆယ်​​ယောက်​​လောက်​ ရှိရင်​ သူတို့က ဘာမှမလုပ်​ရဘဲ တ​လ ဆယ်​သိန်း​လောက် ​ဝင်​​နေ​ရော။ ​ငွေ​ပေးထားရတဲ့ ဆရာ​တွေဘက်​ကလည်း ကိုယ်​ တာဝန်​ကျတဲ့​ နေရာလည်း သွားစရာမလို၊ ကိုယ့်ရပ်​ကိုယ့်ရွာမှာပဲ မိသားစုနဲ့ အိုးမကွာ အိမ်​မကွာ​ နေရင်း လစာလည်း တဝက်​​လောက်​ကျန်​တယ်။ အပြင်​ကျူရှင်​ပြတာက လစာထက် ​ပိုများ​နေ​တော့ သူတို့ကလည်း တွက်​​ခြေကိုက်​တယ်​။ နှစ်​ဦးနှစ်​ဖက် ​အကျိုးတူ ပူး​ပေါင်းပြီး လုပ်​ကြတာ​တွေ​ပေါ့။

တကယ်​တမ်း နစ်​နာရတာက​ ကျောင်းသားမိဘ​တွေနဲ့​ ကျောင်းသား​တွေပါပဲ။ သားသမီး ပညာသင်​ဖို့အတွက် ကျူရှင်​​ခက ကိုးတန်း၊ ဆယ်တန်းဆို​ ​​တလ ငါး​သောင်း ​ခြောက်​​သောင်း​လောက် ​ပေး​နေရတာ​ပေါ့။ ကျောင်းသား​တွေအ​နေနဲ့ကလည်း နားချိန်​မရဘူး။ ​ကျောင်းကဆင်းရင် ​ကျူရှင်​​ပြေးရပြန်​​ရော။ တ​ချို့များ ည စာဖတ်​​ကျောင်းဆိုပြီး သွားရ​တာ ရှိ​သေးတယ်​။ စာဖတ်​​ကျောင်းကလည်း အလကားရတာ​တော့ မဟုတ်​ဘူး။ တလ တ​သောင်းခွဲ​လောက်​​ ပေးရတာ။

ဒီလိုနဲ့ ကျူရှင်​​လောကဟာ အ​တော်​​လေး​ အောင်​မြင်​လာတယ်​။ ကျူရှင်​ဆရာ​တွေ အားလုံးနီးပါးဟာ လက်​ဖျား​ ငွေသီး​နေတယ်​လို့​တောင်​ ပြောလို့ရပါတယ်​။ ငွေရတာ​တော့ ထားပါ​တော့။ ဒါကို ပြဿနာတခုလို​တော့ မမြင်​မိပါဘူး။

ကျူရှင်​ဆရာဆိုတာ သူတို့ရဲ့အချိန်​​တွေကို အခြားဆရာ​တွေထက် ​ပိုရင်းထားရတာပါ။ သူများ​တွေ နားတဲ့အချိန် အာပြဲ​အောင်​​ အော်​​နေရတာပါ။ အခြားဆရာ​တွေ နား​နေတဲ့အချိန်​မှာ သူတို့က အလုပ်​လုပ်​​နေကြတာ​လေ ​ငွေရတာ​ပေါ့။ ဒါကို​တော့ အပြစ်​လို့ မဆိုချင်​ပါဘူး။

ပြဿနာက ကျူရှင်​ပြတဲ့ ဆရာ​တွေထဲမှာ တ​ယောက်​နဲ့တ​ယောက်​ အပြိုင်​အဆိုင်​​တွေ ဖြစ်​လာပါတယ်​။ သူ့​ကျူရှင်​​ကောင်းတယ်​၊ ငါ့ကျူရှင်​ကောင်းတယ်​နဲ့ တဖက်​ကိုတ​ဖက် ​ထိုးနှက်​လာကြပြန်​ပါတယ်​။ ​ဘာသာရပ် လုလာကြပါတယ်​ အတန်းပိုင်​ လုလာကြပါတယ်​။ တ​ကျောင်းတည်း အတူတာဝန်​ကျ​နေ​ပေမယ့် တ​ယောက်​နဲ့တ​ယောက်​ မတည့်ကြ​တော့ပါဘူး။ မတည့်သူ​တွေက တကျောင်းတည်း အတူတာဝန်​ထမ်း​ဆောင်​ရပြီ ဆိုကတည်းက အဆင်​မ​ပြေကြ​တော့ပါဘူး။

လူဆိုတာက ကိုယ်နဲ့ မတည့်တဲ့သူရဲ့ မျက်​နှာမြင်​ရင်​ အလိုလို​ ဒေါသဖြစ်​တတ်​​သေးတာကိုး။ ​ဒေါသဖြစ်​မိ​တော့ စိတ်​အ​နှောင့်​အယှက်​ဖြစ်​။ အဲဒီမှာ တကယ်​တမ်း နစ်​နာရတာက က​လေး​တွေ​ပေါ့။ စိတ်​မကြည်​လင်​တဲ့ ဆရာတ​​ယောက်​အ​နေနဲ့ သင်​ကြား​ရေးကို ဘယ်​​လောက်​ ထိထိ​ရောက်​​ရောက်​ လုပ်​နိုင်​မလဲ။

ဒီလိုနဲ့ ​ကျောင်းရဲ့ပုံရိပ်​ဟာ ကျဆင်းရပါတယ်​။ သက်​ဆိုင်​ရာ​ကျောင်းရဲ့​ ကျောင်းအုပ်​ကြီး​တွေကလည်း မိမိ​ကျောင်းကို စည်းကမ်းစနစ်​တကျဖြစ်​​အောင် မစီမံနိုင်​ခဲ့ရင်​ အဲဒီ​ကျောင်းရဲ့ အတွင်းပိုင်းမှာ ကျူရှင်​လုကြရင်း ဆရာ၊ ဆရာမ​တွေ အုပ်​စုကွဲကုန်​​တော့တာပါပဲ။

အဲဒီမှာ အစိုးရ​ကျောင်း​တွေရဲ့ ပုံရိပ်​ဟာ ကျဆင်းလာတယ်​။ ဒါ​ကြောင့် ပညာ​ရေးဌာနနဲ့ ကျူရှင်​​လောကဟာ ဂျာ​အေးကို သူ့အ​မေရိုက်​တဲ့ကိန်း ဆိုက်​ရတာပါပဲ။

လူဆိုတာ ကိုယ့်ကို ထမင်း​ကျွေးတဲ့ အလုပ်​ကို တ​လေးတစား လုပ်​တတ်​ကြပါတယ်​။ ကျနော်​တို့ ဆရာ၊ ဆရာမ​တွေကို ထမင်း​ကျွေးတဲ့အလုပ်​က ပညာသင်​ကြား​ရေးပါ။ ဒါဆို အစိုးရ​ကျောင်း​တွေမှာ ပညာသင်​ကြား​ရေးအလုပ်​ကို တ​လေးတစား မလုပ်​ဘဲ ဘာ​ကြောင့် ကျူရှင်​လို့​ခေါ်တဲ့ ကိုယ်​ပိုင်​အလုပ်​ကို​ လေး​လေးစားစား လုပ်​ကြတာလဲဆို​တော့ အ​ဖြေက ရှင်းပါတယ်။ ငွေပိုရလို့ပါပဲ။ ခေတ်​ကာလ အ​ခြေအ​နေအရ လူ​တွေဟာ လိုအပ်​ချက်​​တွေ ပိုများလာသလို အဲဒီလိုအပ်​ချက်​​တွေဖြည့်ဖို့ ငွေပိုလိုလာပါတယ်​။ ဒါ​ကြောင့်ပဲ ရတဲ့လစာနဲ့ အဆင်​မ​ပြေနိုင်​တဲ့အခါ ​ကျောင်းဆရာ၊ ဆရာမ​တွေ အပိုဝင်​​ငွေရှာရာက ကျူရှင်​စနစ်​ဟာ ထွန်းကားလာတယ်​။ ဒါကို မလုပ်​ရဘူးဆိုပြီး စာထုတ်​ တားမြစ်​​နေရုံနဲ့ ဒီစနစ်​ဟာ ရပ်​တန့်​သွားမှာ မဟုတ်​ပါဘူး။ ဒါဟာ တကယ့်အ​ဖြေ မဟုတ်​ပါဘူး။

တကယ့်အ​ဖြေက ဆရာ၊ ဆရာမ​တွေရဲ့ ဘဝကို ​ခေတ်​ကာလ အ​ခြေအ​နေအရ လူတန်း​စေ့​ နေနိုင်​​အောင် ဖန်​တီး​ပေးခြင်းပါပဲ။ ဒီ​နေရာမှာ​တော့ ​ခေတ်​အ​ခြေအ​နေနဲ့ လူတန်း​စေ့​ နေနိုင်​ခြင်းကို ဘာနဲ့တိုင်းမလဲလို့​ စောဒကတက်​စရာ ရှိပါတယ်​။

ဆိုလိုတဲ့သ​ဘောက ဆရာ၊ ဆရာမ တယောက်​ဟာ တာဝန်​ချိန်​ကို​ လေး​လေးစားစားနဲ့ တာဝန်​​ကျေ​အောင်​ ဆောင်​ရွက်​​နေဖို့အတွက် ပညာ​ရေးအလုပ်​ကို​ ဇောက်​ချလုပ်​နိုင်​ဖို့အတွက် သူ့ဘဝရဲ့ အခြားလိုအပ်​ချက်​​တွေကို ဖြည့်ဆည်းနိုင်​မယ့်ငွေကို ဒီလုပ်​ငန်းက ရ​နေဖို့ လိုအပ်​ပါလိမ့်​မယ်​။

ဒီလိုရ​နေရင် သူဟာ ဒီအလုပ်​ကို ​လေးစားလာပါလိမ့်မယ်။ ဒီ​နေရာမှာ NGO အဖွဲ့အစည်း​တွေမှာ တာဝန်​ထမ်း​ဆောင်​​နေတဲ့ NGO ဝန်​ထမ်း​တွေကို ပြန်​ကြည့်မိပါတယ်​။ NGO ဝန်​ထမ်း​တွေဟာ အလုပ်​ကို​ လေးစားကြတယ်​။ အချိန်​ကို​ လေးစားကြတယ်​။ သတ်​မှတ်​ထားတဲ့ စည်းကမ်းကို လိုက်​နာကြတာ​တွေဟာ အစိုးရဝန်​ထမ်း​တွေထက်​ သာပါတယ်​။ ဒါဟာ ဘာ​ကြောင့်လဲလို့​ တွေးမိပါတယ်​။

NGO အဖွဲ့အစည်းမှာ အလုပ်​လုပ်​တဲ့ ဝန်​ထမ်း​တွေဟာ သူတို့အလုပ်​ချိန်​ ပျက်​ကွက်​မှာကို​ ကြောက်​ကြတယ်​။ မလိုအပ်​ဘဲ ခွင့်ယူတာမျိုး​တွေ မရှိဘူး။ လူနည်းစုကို စီမံခန့်​ခွဲရတာ​ကြောင့် လက်​လုံနိုင်​တဲ့ အ​ခြေအ​နေမျိုး ဖြစ်​တယ်​လို့​ ပြောစရာရှိပါတယ်​။ ဒါ​ပေမယ့် ဒီအချက်​ကလည်း အဓိကမကျပါဘူး။

အစိုးရဌာနဆိုင်​ရာ​တွေမှာလည်း လူနည်းတဲ့ဌာန​တွေ ရှိတာပါပဲ။ တချို့ဌာန​တွေဆိုရင်​ တမြို့နယ်​လုံးမှ ဝန်​ထမ်းအင်​အား ငါး​ယောက်​​လောက် ​ရှိတာပါ။ ဒါ​ပေမယ့် အလုပ်​ချိန်​နဲ့ အလုပ်​စည်းကမ်းအရာမှာ NGO ဝန်​ထမ်း​တွေ​လောက်​​ လေးစားလိုက်​နာမှု မရှိတာ​တွေ ​တွေ့​နေရပါတယ်​။

ဒီ​နေရာမှာ ကျနော့်​အမြင်​ကို​ ပြောရရင်​ NGO ဝန်​ထမ်း​တွေဟာ လစာ​ကောင်းတယ်​။ အစိုးရဝန်​ထမ်း​တွေရဲ့ လစာထက် သူတို့ရဲ့လစာဟာ မြင့်တယ်​။ ဒီအလုပ်​ကို ​ဇောက်​ချလုပ်​​နေခြင်းအားဖြင့် သူတို့ဘဝရဲ့​ နေ့စဉ်လိုအပ်​ချက်​​တွေ ဖြေရှင်းရာမှာ အဆင်​​ပြေတယ်​။ ဒါ​ကြောင့် သူတို့အလုပ်​ကို သူတို့​ လေး​လေးစားစား လုပ်​ကြတယ်​။ နောက်​ပြီး သူတို့မှာ ဆု​ပေး ဒဏ်​​ပေးစနစ်​ ရှိတယ်​။ တာဝန်​​ကျေတဲ့ ဝန်​ထမ်းကို ချီးမြှင့်တာမျိုး​တွေ ရှိတယ်​။ ဒါ​တွေဟာ လူတယောက်​ အလုပ်​ကို စိတ်​ဝင်​တစား လုပ်​​ဆောင်​နိုင်​လာမယ့် တွန်းအား​တွေ ဖြစ်​တယ်​လို့ မြင်​ပါတယ်​။

နောက်​ပြီး ဘယ်​ NGO ဝန်​ထမ်းကမှ အပိုဝင်​​ငွေရှာတဲ့ အလုပ်​မျိုး မလုပ်​ကြဘူး။ အ​ဖြေက​တော့ လုပ်​ဖို့လည်း မလိုအပ်​​တော့ပါဘူး။ သူတို့အလုပ်​က သူတို့အတွက်​ အတိုင်းအတာ တခုအထိ ဖူလုံ​နေလို့ပါပဲ။ အစိုးရဝန်​ထမ်း​တွေအ​နေနဲ့ ​လစာနဲ့ အဆင်​မ​ပြေလို့ အပိုဝင်​​ငွေရှာကြရာက အဂတိလိုက်​စားမှု​တွေ ဖြစ်​လာတယ်​။ အလုပ်​ချိန်​မှာ တာဝန်​လစ်​ဟင်းမှု​တွေ ဖြစ်​လာကြပါတယ်​။

ဒါဟာ တကယ်​​တော့ ကျနော်တို့နိုင်​ငံရဲ့ စနစ်​​တွေ​ကြောင့် ဖြစ်​​နေရတာ​တွေပါပဲ။ အစိုးရဝန်​ထမ်း ဆရာ၊ ဆရာမ​တွေ အ​နေနဲ့လည်း ကိုယ့်အလုပ်​ကိုယ် ဂုဏ်​သိက္ခာရှိရှိ လုပ်​ချင်​ကြမှာပါပဲ။ ဒါ​ပေမယ့် ရိုးရိုးသားသားနဲ့ တာဝန်​ကို​ ကျေပွန်​​အောင်​ ထမ်း​ဆောင်​သွားကြတဲ့ ဝန်​ထမ်း​တွေဟာ အသက်​​ခြောက်​ဆယ်​ပြည့်ရင်​ မှီခိုဘဝ​ ရောက်​သွားရခြင်းဟာ ကျနော်​​တို့​တွေရဲ့ စာရိတ္တကို​ ပျက်​စီးအောင် တွန်းအား​ပေး​နေသလို ဖြစ်​​နေတယ်​။

ကျူရှင်​သင်​တယ်​ ဆိုတာကလည်း​ ငွေနဲ့ပညာကို အလဲအလှယ်​လုပ်​တဲ့ သ​ဘောပါပဲ။ ကျူရှင်​ဆရာက အချိန်​နဲ့ပညာကို ရင်းတယ်​။ ကျူရှင်​တက်​တဲ့က​လေးက အချိန်​နဲ့​ငွေကို ရင်းတယ်​။ အဲဒီမှာ နှစ်​ဦးနှစ်​ဖက် အဆင်​​ပြေ​နေတဲ့အခါ အလုပ်​ဖြစ်​တယ်​။ ကျူရှင်​သင်​တာ​တွေ မလုပ်​ဖို့ ကျူရှင်​စနစ်​ကို ပ​ပျောက်​​အောင်​လုပ်​ဖို့အတွက် ​အဓိက လုပ်​​ဆောင်​ရမယ့်​ အချက်​က ဆရာ၊ ဆရာမ​တွေရဲ့ဘဝကို ဖူလုံ​အောင်​လုပ်​​ပေးဖို့ လိုတယ်​လို့ မြင်​ပါတယ်​။

ကွယ်​လွန်​သွားရှာပြီဖြစ်​တဲ့ အငြိမ်းစားဆရာကြီးတ​ဦး ​ပြောဖူးတာ မှတ်​မိ​နေပါ​သေးတယ်​။

‘ငါတို့ခေတ်​တုန်းက ရွာမှာ လက်​ဖက်​ရည်​သောက်​နိုင်​တာ ​ကျောင်းဆရာပဲ ရှိတယ်​ကွ။’

အဲဒီဆရာကြီး​ ပြောခဲ့တဲ့ ငါတို့​ခေတ်​ဆိုတာ ဘယ်​လို​ခေတ်​များလဲလို့​ တွေးကြည့်ရင်း အဲဒီ​ခေတ်​က ဆရာတ​ယောက်​ရဲ့လစာဟာ တအိမ်​လုံး ထိုင်​စားလို့ရခဲ့တယ်​ ဆိုတဲ့အချက်​က အခု​ခေတ်​မှာ အိပ်မက်​တ​ခုလို ဖြစ်​​သွားခဲ့ပါပြီ။

ဒီ​နေ့​ခေတ်​လို အချိန်​မှာ​တော့ ​ကျောင်းဖွင့်ရာသီ​ရောက်​တိုင်း ကျောင်းသားမိဘ​တွေဟာ ကျူရှင်​ဆရာ​ကောင်း​ကောင်းဆီ သူတို့ရဲ့ သားသမီး​တွေ အပ်​နှံဖို့ အလုပ်​ရှုပ်​​နေကြတာကို ကျနော်​တို့ ဘယ်​သူ့ကို အပြစ်​​ပြောရမှာလဲ။

ပန်းသီကြိုး (ရ​သေ့​တောင်​)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013