DVB Logo
Home
မြန်မာသတင်း
မိန်းကလေးငယ်များအပါအ၀င် လူပေါင်း ၁၃၀ ကျော်လူကုန်ကူးခံရ
DVB
·
July 4, 2018
မိန်းကလေးငယ်များအပါအ၀င် လူပေါင်း ၁၃၀ ကျော်လူကုန်ကူးခံရ
Donate to DVB

မြန်မာတနိုင်ငံလုံးမှာ ၂၀၁၈ ဇန်န၀ါရီလကနေ မေလအထိ ၅ လအတွင်း လူကုန်ကူးခံရသူပေါင်း ၁၃၃ ဦး ရှိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

လူကုန်ကူးမှုပေါင်း ၈၅ မှုမှာ တရားခံပေါင်း ၂၃၁ ဦးကို ဖမ်းမိထားပြီး ၅ လအတွင်း လူကုန်းကူးခံရသူ ၁၃၃ ဦးမှာ ယောကျာ်းလေး ၁၄ ဦး၊ အမျိုးသမီး ၁၁၄ ဦး နဲ့ မိန်းကလေးငယ် ၅ ဦးတို့ ပါဝင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်နဲ့ ရန်ကုန်တိုင်းတို့မှာ လူကုန်ကူးမှု အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်မှာ ၂၆ မှုနဲ့ ရန်ကုန်တိုင်း ၂၃ မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါ့အပြင် မန္တလေးမြို့မှာ လူကုန်ကူးမှု ၁၃ မှု၊ ပဲခူးမှာ ၄ မှု၊ ကချင်မှာ ၅ မှု၊ ရခိုင်ပြည်နယ်မှာ ၂ မှု၊ မွန်ပြည်နယ်မှာ ၂ မှု၊ နေပြည်တော်မှာ ၂ မှု၊ စစ်ကိုင်းတိုင်းမှာ ၂ မှု၊ ဧရာဝတီတိုင်းမှာ ၄ မှုတို့ ဖြစ်ပွားခဲ့ပြီး တနင်္သာရီတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ၁ မှုစီ ဖြစ်ပွားခဲ့ပါတယ်။

၂၀၁၇  ဇန်နဝါရီကနေ ဒီဇင်ဘာလအထိ လူကုန်ကူးမှုပေါင်း ၂၂၅ မှု၊ တရားခံက ၆၄၄ ဦးရှိပြီး ဒီထဲမှာ အမျိုးသမီး ၄၃၀ ဦးနဲ့ အမျိုးသား ၂၁၄ ဦး ပါဝင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်ကတော့ တနိုင်ငံလုံးမှာ လူကုန်ကူးမှုပေါင်း ၁၃၁ မှုကို အရေးယူနိုင်ခဲ့ပါတယ်။

ရှမ်းပြည်နယ်ထဲက နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင်ဒေသတွေမှာ လူကုန်ကူးမှုတွေ အဖြစ်များတယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းရဲ့ မှတ်တမ်းနဲ့ သုတေသန တာဝန်ခံ လွေးပိုးကမေဲးခြိုဝ်းကပြောပါတယ်။

“ဒါက ပုံမှန်လိုပဲ ဖြစ်နေတာ။ ခု ၄၊ ၅ လလောက်မှာ တဟုန်ထိုး တက်လာတာတော့ မရှိဘူး။ ရှမ်းမြောက်မှာ ဆိုရင်တော့ နမ့်ခမ်း၊ မူဆယ်၊ ကွတ်ခိုင် အဖြစ်များတယ်။ ခုတော့ နမ့်ဆန်ဘက်မှာလည်း ပိုဖြစ်လာတယ်။ ကျမတို့ အဖွဲ့အနေနဲ့ကတော့ တနှစ်မှာ ၁၅ မှုလောက် သတင်းရပြီး ၁၀ မှုလောက်ကို လိုက်ကူညီပေးနိုင်ပါတယ်”

လူကုန်ကူးမှုတွေ ဖြစ်နေတဲ့ အဓိကအကြောင်းအရင်းဟာ စီးပွားရေးကြောင့်ဖြစ်ပြီး တိုက်ပွဲနဲ့ မူးယစ်ဆေးတွေကို အခြေခံတာလို့လည်း သူက ဆိုပါတယ်။

“မိဘတွေကိုယ်တိုင်က ကိုယ့်သားသမီးကို ပြန်ပြီး ငွေကြေးတတ်နိုင်တဲ့ တရုတ် အမျိုးသားတွေနဲ့ ပေးစားတာရှိတယ်။ တချို့ကတော့ အိမ်ပြန်ခွင့်ရတယ်။ တချို့ကတော့ ထပ်ဆင့် ထပ်ဆင့် ရောင်းစား လိုက်တာမျိုးရှိတယ်။ နယ်စပ်မှာဆိုရင် လိုက်ရလွယ်တယ်။ အထဲဘက်ကို ရောက်သွားရင် မလွယ်တော့ဘူး။ လူကုန်ကူးတဲ့ အများဆုံး ပုံစံကတော့ တရုတ်နဲ့ လက်ထပ်တာပေါ့” လို့ ပြောပါတယ်။

ဒါ့အပြင် ဆွေမျိုးသားချင်း၊ သူငယ်ချင်းတွေကလည်း ဖြားယောင်း လူကုန်ကူးတာတွေ ရှိတယ်လို့ ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနက ဇွန်လ ၂၈ ရက်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ မြန်မာကို လူမှောင်ခိုကူးမှုအဆိုးရွားဆုံးဖြစ်ပွားနေတဲ့ နိုင်ငံတွေစာရင်းမှာ ပြန်လည်ထည့်သွင်း သတ်မှတ်ဖော်ပြခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ လူကုန်ကူးမှုတွေပပျောက်ဖို့  အနိမ့်ဆုံး သတ်မှတ်ချက်တွေကို ပြည့်မီအောင် လုပ်ဆောင်နိုင်ခြင်းမရှိဘူးဆိုပြီး ၂၀၁၇ ခုနှစ်က မြန်မာကို  Tier 2 စောင့်ကြည့် အဆင့် သတ်မှတ်ထားရာကနေ ၂၀၁၈ ခုနှစ်မှာတော့ တရုတ်၊ မြောက်ကိုရီးယား၊ လာအို၊ အီရန် စတဲ့နိုင်ငံတွေနဲ့အတူ Tier 3 အဆိုးရွားဆုံး အဆင့်ကို လျော့ချသတ်မှတ်ခဲ့တာပါ။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013