
သဘာဝဘေးကြောင့် ရေကြီး၊ ရေလျှံမှုတွေ ဖြစ်ပေါ်လာပါက စနစ်တကျ ရှာဖွေကယ်ဆယ်နိုင်ဖို့ မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး လေ့ကျင့်နေပါတယ်။
ဧရာဝတီမြစ်ထဲမှာ ဇူလိုင် ၃ ရက် မနက် ၉ နာရီက ရှာဖွေကယ်ဆယ်ရေး အထူးတပ်ဖွဲ့ဝင်တွေကို ရွှေတံဆိပ်ဆုရ ရေကူးချန်ပီယံတွေက အနီးကပ် စနစ်တကျ သင်ကြားပေးနေတာပါ။
ပြည်ကြီးတံခွန်မြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းက “ရေကြီးမှု၊ ရေလျှံမှုတွေ ဖြစ်ခဲ့ရင် အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်အောင် တိုင်းမီးသတ်ဦးစီးမှူး လမ်းညွန်မှုနဲ့ လေ့ကျင့်နေတာပါ၊ အခြေခံရေကူးနည်း လေးမျိုးကနေ စပြီး သင်ကြားပေးတာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အရင်က ရေကူးတတ်တဲ့ တပ်ဖွဲ့ဝင်တွေနဲ့ လေ့ကျင့်ပြီး ရှာဖွေကယ်ဆယ်ခဲ့ပေမယ်။ အခုနှစ်ကစတင်ပြီး ရှာဖွေကယ်ဆယ်ရေးအထူးတပ်ဖွဲ့ ဖွဲ့စည်းပြီး စနစ်တကျ လေ့ကျင့်နေတာပါ။
ပြည်ကြီးတံခွန်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ ဒုတပ်ရင်းမှူး ဦးဆန်းလှိုင်က “ရှေ့ရက် ငါးရက်တုန်းက ရေသေဖြစ်တဲ့ ရေကူးကန်မှ လေ့ကျင့်တယ်။ အခု ရေရှင်ဖြစ်တဲ့ ဧရာဝတီမြစ်မှာ လေ့ကျင့်တာပါ၊ ရေသေကူးတာနဲ့ ရေရှင်ကူးတာ တခြားစီပါ။ မနက်ဖြန် ဒုဋ္ဌဝတီကို သွားမယ်ဆိုတာကလည်း ဒုဋ္ဌဝတီမြစ်က ရေစီးဖြစ်တော့ ရေစီး အတွေ့အကြုံ ရှိအောင်ပေါ့၊ တချို့က ရေပဲ ကူးတတ်တယ်။ အတွေ့အကြုံ မရှိဘူး။ ဒါဆိုရင် လှိုင်းတွေကို ဖြတ်တတ်ပြီး ရေစီးကနေ ရှောင်တတ်ပြီး လိုရင်ရင် ကူးမယ် မလိုအပ်ရင် ကိုယ်ဖော့နေမယ်။ အဲလိုမျိုးပေါ့၊ မိမိသွားမယ့်ခရီး ပိုပြီး ထိရောက်တာပေါ့” လို့ ပြောပါတယ်။
ရေပြင် ရှာဖွေကယ်ဆယ်ရေးကို ကယ်ဆယ်ရေးလှေတွေ၊ အသက်ကယ်အင်္ကျီတွေ၊ ကယ်ဆယ်ရေး ဘောကွင်းတွေနဲ့ ဇွန်လ ၂၅ ရက်ကနေ ဇူလိုင် ၆ ရက်အထိ ၁၀ ရက်ကြာ သင်တန်းဖွင့်လှစ် ပို့ချပေးနေတာ ဖြစ်ပါတယ်။
သော်တာ











