DVB Logo
Home
Lead Story
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဘယ်လိုဖြေရှင်းမလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
DVB
·
July 4, 2018
လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေကို ဘယ်လိုဖြေရှင်းမလဲ - အယ်ဒီတာစကားဝိုင်း (ရုပ်သံ)
Donate to DVB



ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ မကြာခင် ရက်ပိုင်းအတွင်းက ဥရောပသမဂ္ဂက မြန်မာပြည်ရဲ့ လုံခြုံရေးအရာရှိတချို့ကို ခရီးသွားလာခွင့် ပိတ်ဆို့မှုနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အရေးယူမှု လုပ်ပါတယ်။ ကမ္ဘာ့လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ယောက်ကို အရေးယူပေးဖို့ စာတမ်းတစောင် ထွက်လာပါတယ်။ အဲဒါနဲ့ပတ်သက်လို့ လူ့အခွင့်အရေး ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာပြည်အနေနဲ့ ဘယ်လို ရှောင်လွှဲမလဲ၊ ဘယ်လိုကျော်လွှားမလဲ ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ် ဆွေးနွေးမယ့်သူတွေကတော့ ISP Myanmar မှ ဦးအောင်သူငြိမ်းနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာ ဦးအောင်သူငြိမ်းကိုပဲ စမေးပါမယ်။ လောလောဆယ်မှာ Amnesty International ကတော့ နာမည်နဲ့တပ်ပြီး ပထမဆုံးအကြိမ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အထိပါ ပါလာတယ်။ ဒီလိုမျိုး စနစ်တကျ ချိုးဖောက်မှုတွေမှာ တာဝန်မကင်းဘူး၊ အဲဒီအတွက် ကိုင်တွယ်ပေးပါဆိုတာ။ ဒါရဲ့ သက်ရောက်မှု ဘာရှိနိုင်လဲ။ ဒီလိုအကျပ်အတည်းက ဘယ်လို ဖောက်ထွက်မလဲ ဆရာ့အနေနဲ့ စဆွေးနွေးပေးပါဦး။”

ဦးအောင်သူငြိမ်း (ISP Myanmar)

“အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကတော့ ဂုဏ်သိက္ခာရှိတဲ့၊ နာမည်လည်းရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုပေါ့။ သူတို့ကနေ ဒီလို စွပ်စွဲပြစ်တင်လိုက်တယ်ဆိုတာ ကျနော်တို့ လျှော့ပေါ့တွက်လို့မရဘူး ထင်ပါတယ်။ ခြုံပြောမယ်ဆိုရင် ရခိုင်အရေးပေါ့။ မနှစ်ကနေစလို့ အခုအချိန်အထိ တဖြည်းဖြည်းနဲ့ ဖိအားတွေက လျော့သွားတယ် မရှိဘူး။ တိုးတိုးလာတဲ့ အနေအထား ရှိပါတယ်။ ဒီအနေအထားမှာ ကျနော်တို့က ဒါကိုရင်ဆိုင်ဖို့ လိုအပ်လာတယ်။ Institutional Response ပေါ့။ ဒီအဖွဲ့အစည်းအနေနဲ့ အစိုးရကလည်း ဘယ်လိုတုံ့ပြန်မလဲ၊ တခုခုတုံ့ပြန်ဖို့ လိုတယ်။ တပ်မတော်ဘက်ကလည်း ဘယ်လိုတုံ့ပြန်မလဲပေါ့။ ဒီအနေအထားမှာ ကျနော်တို့က ဘူးခံငြင်းနေလို့လည်း မရတော့ဘူး။ နောက်တခုက ဒီအနေအထားမှာ အားလုံး တံခါးပြန်ပိတ်ပြီးတော့ အရင်လို တံခါးပိတ်ဝါဒနဲ့ ပြန်ဆင်းသွားကြစို့ဆိုတဲ့ အနေအထားလည်း မဖြစ်တော့ဘူးပေါ့။ ဒီအနေအထားမှာ ကျနော်တို့ တုံ့ပြန်သင့်တယ်လို့ ထင်ပါတယ်။ ရခိုင်မြောက်ပိုင်းအရေး ပြဿနာကတော့ အစိုးရက နောက်လာမယ့်ကာလတွေမှာ အဓိက ခေါင်းခဲရမယ့် ကိစ္စကြီး ဖြစ်သွားမယ်လို့ ကျနော် ထင်ပါတယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဒေါက်တာရန်မျိုးသိမ်းကိုလည်း ဒီကိစ္စပဲ မေးပါရစေ။ သူတို့ရဲ့ Report ကတော့ စာမျက်နှာ ၂၀၀ လောက် ရှိတယ်။ စနစ်တကျ ချိတ်ဆက်ထားတယ်။ Institutional Responsibilty ပေါ့။ အထူးသဖြင့် ခြိမ်းခြောက်ကွန်မန်းတွေ ဘာတွေကအစ အဲဒါနဲ့ စွပ်စွဲပြီးတော့ ဒီလို အရေးယူပေးပါလို့ ပြောလာတာကိုလည်း တကယ်တမ်း Institution အနေနဲ့ ဘယ်လို Response လုပ်မလဲ။ နောက်ဆက်တွဲ မြန်မာရဲ့ နိုင်ငံတကာ ဆက်ဆံရေးတွေမှာ ထိခိုက်လာတယ်။ ရင်းနှီးမြှုပ်နှံမှုတို့၊ တခြားကိစ္စတွေပါ ကျွဲကူးရေပါ ပါလာတယ်ပေါ့။ ဒါတွေကို ဘယ်လိုကိုင်တွယ်သင့်လဲ။ ဒီကနေ ဘယ်လို ဖောက်ထွက်မလဲ။ ဖြည့်စွက် ဆွေးနွေးပေးပါဦး ဆရာ။”

ဒေါက်တာရန်မျိုးသိမ်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

“AI အပါအဝင် မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အစီရင်ခံစာတွေထွက်တာ ရှိတယ်။ ဒီအစီရင်ခံစာတွေကို အစိုးရအနေနဲ့ အလေးအနက်ထားပြီး လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဒီအစီရင်ခံစာတွေထဲမှာပါတဲ့ အကြောင်းအရာတွေဟာ တကယ် မြေပြင်မှာ ဖြစ်တာတွေ ပါနိုင်တယ်။ အဲဒီအစီရင်ခံစာတွေထဲမှာ အကြံပြုထားတဲ့ အကြံပြုချက်တွေဟာ ကျနော်တို့နိုင်ငံ လတ်တလော ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ၊ အကျပ်အတည်းတွေရဲ့ ထွက်ပေါက်တွေ ပါနိုင်တယ်။ ဒါတွေကို ကျနော်တို့ ရွေးထုတ်ပြီးတော့ လေ့လာသုံးသပ်ဖို့ လိုအပ်တယ်လို့ မြင်တယ်။ ကျနော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲကို သွားနေတဲ့ ကာလမှာ ကျနော်တို့က နောက်ကိုပြန်သွားလို့ မရဘူး။ အားလုံးကို ငြင်းဆန်ပြီးတော့ အလုံးစုံ အထီးကျန်တဲ့ဘက်ကို ပြန်သွားလို့မရဘူး။ အဲဒီအတွက်ကြောင့် မဖြစ်မနေ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ထိတွေ့ဆက်ဆံနေဖို့ လိုအပ်တယ်။ ကျနော်တို့အပေါ်မှာ ဖိအားတွေ၊ ပိတ်ဆို့မှုတွေ၊ တားဆီးမှုတွေ မြင့်တက်လာလေလေ ကျနော်တို့က နိုင်ငံတကာနဲ့ ထိတွေ့ဆက်ဆံမှုကို ပိုပြီးတော့ ချဲ့ထွင်ဖို့ လိုအပ်လေလေလို့ မြင်တယ်။ နိုင်ငံရဲ့ လက်ရှိအခြေအနေမှာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်ရင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဆောင်ရွက်ချက်ဟာ ဒီထက်ပိုပြီးတော့ ထက်မြက်ဖို့၊ သွက်လက်ဖို့၊ ပို active ဖြစ်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ လက်ရှိအခြေအနေမှာ နည်းနည်းအေးစက်တယ်လို့ မြင်တယ်။ ဒီလိုအစီရင်ခံစာမျိုး ထွက်ဖို့ အလားအလာရှိနေတယ်ဆိုရင် ကိုယ့်ဘက်ကလည်း လိုအပ်တဲ့ ပြင်ဆင်မှုတွေကို ကြိုပြီးလုပ်ထားဖို့ လိုအပ်တယ်လို့ မြင်တယ်။ ကျနော်တို့က ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီးတော့ တုံ့ပြန်တဲ့နေရာမှာ အလုံးစုံ ငြင်းဆန်တဲ့ပုံစံမျိုး၊ ရာခိုင်နှုန်း တော်တော်များများ ငြင်းဆန်တဲ့ပုံစံမျိုး မဟုတ်ဘဲနဲ့ အချက်အလက်နဲ့ အထောက်အထားနဲ့ တိတိကျကျ ပြန်ပြီးဆွေးနွေး အမြင်ဖလှယ်နိုင်တဲ့ သဘောမျိုးဖြစ်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ မြင်ပါတယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013