DVB Logo
Home
မြန်မာသတင်း
မိန်းမလှကျွန်း သဘာဝ ဒီရေတောထိန်းသိမ်းရေး ငွေကြေးထောက်ပံ့မည်
DVB
·
July 4, 2018
မိန်းမလှကျွန်း သဘာဝ ဒီရေတောထိန်းသိမ်းရေး ငွေကြေးထောက်ပံ့မည်
1 / 4
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်မှာရှိတဲ့ အာဆီယံအမွေအနှစ်စာရင်းဝင် မိန်းမလှကျွန်း သဘာဝဒီရေတော ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ အတွက် အပြည်ပြည်ဆိုင်ရာတောရိုင်းတိရိစ္ဆာန်နှင့် အပင်များ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့က ၂၈ လ ငွေကြေးထောက်ပံ့သွားမယ်လို့ သိရပါတယ်။

မိန်းမလှကျွန်းဟာ မိကျောင်းပေါများတဲ့အတွက် ပြည်သူတွေသွားလာဖို့ အန္တရာယ်ရှိ တာကြောင့် ပုဒ်မ ၁၄၄ ထုတ်ပြန်ပြီး တားမြစ်ထားပေမယ့်လည်း ဆင်းရဲမွဲတေမှုနဲ့ စီးပွားရေး ကြပ်တည်းတာကြောင့် ဒေသခံတွေက ကျွန်းထဲဝင်ရောက် ထင်းခုတ်တာ၊ ငါးဖမ်း ဂဏန်း ထောင်တာတွေလုပ်တဲ့အတွက် မိကျောင်းတွေက အန္တရာယ်ပြုတိုက်ခိုက်မှုတွေ ဖြစ်ပေါ်နေ တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒါ့အပြင် သဘာဝ ပတ်ဝန်းကျင်ထိခိုက် ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့တာကြောင့် အနီး ပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာအုပ်စုအလိုက် ၁၀ ဦးကနေ ၂၀ ဦးအထိ ပါဝင်တဲ့ အဖွဲ့ငယ်တွေ ဖွဲ့စည်းစောင့်ရှောက်သွားဖို့ ထောက်ပံ့တာဖြစ်တယ်လို့ မိန်းမလှကျွန်းဘေးမဲ့တော ထိန်းသိမ်းရေး တာဝန်ရှိတဲ့သူတွေက ပြောပါတယ်။

“ထိန်းသိမ်းရေးလုပ်ငန်းတွေ ကင်းလှည့်တာတွေဆောင်ရွက်တဲ့အခါ ဒေသခံတွေ ပူးပေါင်းပါဝင်တဲ့ အဖွဲ့ဖြစ်အောင် ဆောင်ရွက်တာပါ။ ကျေးရွာအုပ်စုအလိုက်ပါဝင်တဲ့ အဖွဲ့တွေ ဖွဲ့လို့ပြီးရင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ ကြိုတင်ပြင်ဆင်မှာပါ။ ၂၈ လပြီးသွားရင်လည်း ဆက်စပ်ဌာနဝန်ထမ်းတွေနဲ့ ဒေသခံတွေအပါအဝင် အဖွဲ့ပျက်သွားတာမျိုးမဟုတ်ပဲ ရေရှည် စီမံကိန်းအနေနဲ့ ထိန်းသိမ်းသွားမှာပါ”လို့ မိန်းမလှကျွန်း အုပ်ချုပ်ရေးမှူး ဦးဇော်ထူးအောင်က ပြောပါတယ်။

လက်ရှိမှာတော့ မိန်းမလှကျွန်းပတ်ဝန်းကျင်မှာရှိတဲ့ ကျေးရွာအုပ်စု ၅ စုက ဒေသခံတွေကို စည်းရုံးဟောပြောပြီး မိန်းမလှကျွန်းထိန်းသိမ်းစောင့်ရှောက်မယ့် ဒေသခံ အဖွဲ့အစည်းတွေ စတင်ဖွဲ့စည်းသွားဖို့ ဆောင်ရွက်နေပြီး နည်းပညာပေးတဲ့ ဆွေးနွေးပွဲတွေသင်တန်းတွေ လုပ်ပေးသွားဖို့ ပြင်ဆင်နေတယ်လို့ မိန်းမလှကျွန်းအနီးက ချောင်းဗြဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇင်မျိုးကပြောပါတယ်။

အကျယ်အ၀န်း ၅၂.၇၈ စတုရန်းမိုင်ကျယ်ဝန်းတဲ့ ဘိုကလေးမြို့နယ်ရှိ မိန်းမလှကျွန်းကို ၁၉၉၄ ခုနှစ်က စတင်ပြီး ဘေးမဲ့တောအဖြစ် အစိုးရက သတ်မှတ်ခဲ့တာဖြစ်ပြီး ကျွန်းထဲမှာ မိကျောင်းတွေအပြင် ရေပျော်ငှက်၊ ကုန်းတွင်းပိုင်းနေငှက်တွေ၊ တွားသွား သတ္တ၀ါတွေ၊ နို့တိုက်သတ္တ၀ါတွေနဲ့ ရေနေ သတ္တ၀ါတွေ ခိုအောင်းနေထိုင်ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မိန်းမလှကျွန်းကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က မြန်မာနိုင်ငံရဲ့ တတိယမြောက် ကမ္ဘာ့အရေးပါတဲ့ ရေ၀ပ်ဒေသ စာရင်းဝင်နေရာ ရမ်ဆာဒေသအဖြစ် သတ်မှတ်ခဲ့ပါတယ်။

မြမင်းဦး(ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013