DVB Logo
Home
မြန်မာသတင်း
YUPT အများပိုင်ကုမ္ပဏီတွင် လူပုဂ္ဂိုလ်တဦး၏ အမည်ဖြင့် အစုရှယ်ယာပေါင်း ၃ သိန်းခွဲ ပါဝင်နေ
DVB
·
July 4, 2018
YUPT အများပိုင်ကုမ္ပဏီတွင် လူပုဂ္ဂိုလ်တဦး၏ အမည်ဖြင့် အစုရှယ်ယာပေါင်း ၃ သိန်းခွဲ ပါဝင်နေ
Donate to DVB

ရန်ကုန်တိုင်းအစိုးရက ဝယ်ယူထားတဲ့ YBS ယာဉ်အစီး ၅၀၀ ကို YUPT အများပိုင် ကုမ္ပဏီမှာ လူပုဂ္ဂိုလ်တဦးရဲ့နာမည်နဲ့ ရှယ်ယာရှင်အဖြစ် ဖော်ပြထားတာဟာ မဖြစ်သင့်ဘူးလို့ YBS အများပိုင်ကုမ္ပဏီတခုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တဦးက ပြောပါတယ်။

ရန်ကုန်တိုင်းအစိုးရကနေ အရင်နှစ်က နိုင်ငံတော်ဘဏ္ဍာငွေ ကျပ်ဘီလီယံ ၇၀ နဲ့ တရုတ်နိုင်ငံထုတ် Ankai နဲ့ Youtong အမျိုးအစား ယာဉ်အသစ်အစီး ၁၀၀၀ ဝယ်ယူထား တာပါ။

အဲဒီယာဉ်တွေကို အများပိုင်ကုမ္ပဏီတခုဖြစ်တဲ့ YBPC ကုမ္ပဏီနဲ့ YUPTကုမ္ပဏီကို အစီး ၅၀၀ စီ အစိုးရက ထည့်ဝင်ပြေးဆွဲခဲ့တာပါ။ YUPT အများပိုင်ကုမ္ပဏီမှာ အစုရှယ်ယာတစုကို ငွေကျပ် ၁ သိန်းနှုန်း သတ်မှတ်ထားပါတယ်။

ဇွန်လ ၃၀ ရက်နေ့က ဒုတိယအကြိမ် ဒါရိုက်တာအဖွဲ့ဝင် ရွေးချယ်ရေး ဆန္ဒမဲပေးပိုင်ခွင့် ရှိသူ စာရင်းထုတ်တဲ့အခါမှာ ရှယ်ယာအစုပေါင်း ၄၀၆၃၄၄ စုမှာ အစိုးရအဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးမိုးဟိန်း အမည်နဲ့ အစုရှယ်ယာပေါင်း ၃ သိန်းခွဲ ပါဝင်နေတာပါ။

အများပိုင်ငွေကို လူပုဂ္ဂိုလ် တဦး တယောက် နာမည်နဲ့ အစုရှယ်ယာရှင်အဖြစ် ဖော်ပြတာ မသင့်တော်ဘဲ အစိုးရရဲ့ အမည်သာ ဖော်ပြသင့်တယ်လို့ YBS အများပိုင်ကုမ္ပဏီတခုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တဦးက ထောက်ပြပါတယ်။

“ရှယ်ယာထည့်ဝင်ထားတဲ့ ငွေပမာဏကို ပုဂ္ဂိုလ်တဦးတယောက်ရဲ့ နာမည်နဲ့ အစု ရှယ်ယာ ထည့်ဝင်ခြင်းမျိုး ဖော်ပြထားတာကတော့ မသင့်လျော်ဘူးပေါ့လေ။ တကယ်ဆိုရင်တော့ ဒါက YRTA အဖွဲ့အစည်းကသော် လည်းကောင်း၊ အစိုးရရဲ့ ဘတ်ဂျက်အရ သော်လည်းကောင်း ပြည်သူ့ဘဏ္ဍာငွေကို ထည့်ဝင်ထားတာဖြစ်တဲ့အတွက် ကုမ္ပဏီရှယ်ယာ ထည့်ဝင်မှု စာရင်းပေါ်မှာ ဖော်ပြသင့်တာက အစိုးရထည့်ဝင်မှု ဝင်ငွေ ၃၅ ဘီလီယံဆိုလည်း ၃၅ ဘီလီယံပေါ့။ သူ့ဆီက ထည့်ဝင်မှု ရှိသလောက်ပမာဏကိုသာ ဖော်ပြသင့်ပြီးတော့ ပုဂ္ဂိုလ် တဦး တယောက်ရဲ့ နာမည်ကို တပ်ပြီးတော့ ဖော်ပြထားတာကတော့ မှားယွင်းတဲ့ ဖော်ပြမှု ဖြစ်နေသလို ဒီဖော်ပြမှုကို ဖတ်ကြရတဲ့ ပြည်သူတွေအဖို့ကလည်း တဦး တယောက်တည်း ပိုင်တဲ့ ငွေလား၊ နိုင်ငံတော်ပိုင်တဲ့ငွေလား ဆိုတာ ကွဲကွဲပြာပြား မသိနိုင်တဲ့ ပြည်သူအဖို့က သို့လော သို့လောဖြစ်၊ သံသယတွေ ဖြစ်စရာ ရှိတာပေါ့”လို့ YBS ကုမ္ပဏီတခုရဲ့ ဒါရိုက်တာအဖွဲ့ဝင်တဦးက ပြောပါတယ်။

YUPT ကုမ္ပဏီကို ထည့်ဝင်ထားတဲ့ ရှယ်ယာ ၃၅ သိန်းဟာ အစိုးရရဲ့ ရှယ်ယာငွေဖြစ်ပြီး ဦးမိုးဟိန်းကိုလည်း အစိုးရက တင်ထားတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒါက အစိုးရရဲ့ရှယ်ယာလေ။ ၃၅ ဘီလီယံက နော့။ အဲဒီလူက ဒါရိုက်တာပဲ။ အစိုးရက ခန့်တဲ့ ဒါရိုက်တာပဲ ရှိတယ်လေ။ အစိုးရက ခန့်တဲ့ ဒါရိုက်တာ အဲဒီမှာ လေးယောက်ရှိတယ်”လို့ ဒေါက်တာမောင်အောင်က ပြောပါတယ်။

YUPT ကုမ္ပဏီမှာ အစိုးရ ထည့်ဝင်ငွေကို ဦးမိုးဟိန်း အမည်နဲ့ အစုရှယ်ယာရှင်အဖြစ် ဖော်ပြထားပေမယ့် သူဟာ အဓိကကျတဲ့သူ မဟုတ်ဘဲ အမည်ခံသာဖြစ်တယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးမောင်မောင်လွင်က ပြောပါတယ်။

“အခုဟာက ရန်ကုန်တိုင်းဝန်ကြီးချုပ် အစိုးရရဲ့ ရှယ်ယာပဲ ဖြစ်တယ်။ လူပုဂ္ဂိုလ်နဲ့ မပတ်သက်ဘူး။ လူပုဂ္ဂိုလ်က သူ့ကို တယောက်ထားပေမယ့် ဥက္ကဋ္ဌကို တာဝန်ပေးရင်လည်း ပေးမှာပေါ့ဗျာ။ ပြောလို့ ဘယ်ရမလဲ”လို့ ဦးမောင်မောင်လွင်က ပြောပါတယ်။

YUPT ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံနဲ့ပတ်သက်လို့ သြဂုတ်လ ၁ ရက်နေ့မှာ ထွက်ရှိလာမယ့် ကုမ္ပဏီများ အက်ဥပဒေအတိုင်း လုပ်ဆောင်သွားမယ်လို့ ဦးမောင်မောင်လွင်က ဆိုပါတယ်။

YUPT ကုမ္ပဏီမှာ အများပိုင်ယာဉ် ၇၄၀ ရှိပြီး ယာဉ်ပိုင်ရှင်တွေ ပိုင်တဲ့ ပုဂ္ဂလိကပိုင် ယာဉ် ၅၂၆ စီး ရှိတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013