လှိုဏ်ဂူထဲပိတ်မိနေသည့် ထိုင်းလူငယ်လေးများကို ကယ်ထုတ်နိုင်ရန် အချိန်ကြာခက်ခဲမည်
နန်းမြနဒီ
·
July 3, 2018

ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့ရှိ ခွန်နမ့်နန်းနွန်းလိုဏ်ဂူကြီးထဲမှာ ၁၀ရက်လောက် ပိတ်မိနေတဲ့ မူပါ(တောဝက်) အကယ်ဒမီဘောလုံးအသင်းသား ၁၃ ဦးကို မနေ့ညက ရှာဖွေတွေ့ရှိခဲ့ပေမယ့် ဂူပြင်ပကို ဘေးအန္တရာယ်ကင်းကင်းနဲ့ ကယ်ထုတ်နိုင်ဖို့ ခက်ခက်ခဲခဲနဲ့ အချိန်ယူ လုပ်ဆောင်ရဖို့ ရှိနေပါတယ်။
လူငယ်ဘောလုံးသမားလေးတွေကို ပြန်တွေ့ပေမယ့် ဂူထဲမှာ ရေတွေကြီးနေဆဲမို့ အပြင်ကို ခေါ်ဆောင်လို့မရသေးဘဲ လောလောဆယ် ကျွမ်းကျင်ရေငုပ်သမား ၄ ဦးနဲ့ ရေငုပ်နိုင်တဲ့ ဆရာဝန် ၄ ဦးပါတဲ့ အဖွဲ့တဖွဲ့ကို ဆေးဝါး၊ အစာရေစာတွေနဲ့အတူ အနီးကပ် စောင့်ရှောက်ဖို့ စေလွှတ်ထားကြောင်း ချင်းရိုင်းခရိုင်ဝန် နိုင်းနရုန်းဆဒ် အိုးဆုတ်ထနားကွန်းက ဒီကနေ့မနက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။
ကလေးတွေရဲ့ ကျန်းမာရေးအခြေအနေကတော့ တချို့က ပွန်းပဲ့ဒဏ်ရာ အနည်းငယ်ရတာကလွဲလို့ အနီရောင်(စိုးရိမ်ဖွယ်)အဆင့်မှာ မရှိဘဲ အစိမ်းရောင်(သင့်လျော်သော) အခြေအနေမှာရှိနေကြောင်း၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေကတော့ ဂူထဲဝင်သွားတဲ့ ဆရာဝန်တွေ ပြန်ထွက်မလာသေးလို့ ပြောလို့မရသေးဘူးလို့ ဆိုပါတယ်။
ကလေးတွေကို ဘယ်တော့ဂူပြင်ထုတ်မလဲလို့ သတင်းထောက်တွေ မေးမြန်းတဲ့အခါမှာ ဒီကလေးတွေကို ခဲရာခဲဆစ်ရှာဖွေထားရတာမို့ ဘယ်နည်းနဲ့မှ တစုံတရာ ထပ်ပြီးအဖြစ် မခံနိုင်ကြောင်း၊ ရာနှုန်းပြည့် အန္တရာယ်ကင်းမယ့် အခြေအနေမရှိမချင်း ဂူပြင်မထုတ်နိုင်သေး ကြောင်း၊ ကလေးတွေ ထွက်လာရင်အုပ်ဆောင်းဖို့ အထူးမျက်နှာဖုံးပါ ပို့ဆောင်ပေးထားပြီး ရေငုပ်နည်းတွေလည်း သင်ပေးမှာဖြစ်တယ်လို့ ခရိုင်ဝန်က ဆက်ပြောပါတယ်။
ထောင်နဲ့ချီတဲ့ ပူးပေါင်းကယ်ဆယ်ရေးအဖွဲ့တွေကတော့ ဂူပြင်နားမှာဘဲ ဆက်လက် စောင့်ဆိုင်းနေကြပြီး နဂိုချမှတ်ထားတဲ့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်တွေအတိုင်း ကလေးတွေကို ကယ်ထုတ်နိုင်ဖို့ ဆက်လက် ဆောင်ရွက်နေကြပါတယ်။
ဂူပြင်ကို ရောက်လာရင်လည်း ချင်းရိုင်းပချားနုခေါ့ဆေးရုံကြီးမှာ ဆက်လက်ကုသပေးဖို့ အထူးခန်းတွေ ကြိုတင်ဘွတ်ကင်လုပ်ထားပြီး လိုဏ်ဂူကနေဆေးရုံကို သယ်ဆောင်ဖို့ အရေးပေါ်လူနာတင်ကား ၁၃ စီး အရံသင့်ပြင်ဆင်ထားကြောင်း၊ ကားတစီးကို ကလေးတယောက်နဲ့ မိဘဆွေမျိုး ၄ ဦးစီ လိုက်ပါနိုင်တယ်လို့ ဆိုပါတယ်။
တဘက်ကလည်း ဂူထဲကရေတွေလျှော့ကျဖို့အတွက် ရေတွေလည်း ဆက်လက် စုပ်ထုတ်နေပြီး ဂူအပြင်ဘက်မှာလည်း ကယ်ဆယ်ရေးအင်အားတချို့ လျှော့ချပေမယ့် တောင်ကြောတွေပေါ်ကနေ ဂူထဲထိုးဖောက်နိုင်မယ့်အပေါက်နဲ့ ဂူထွက်ပေါက် ရှာဖွေရေး လုပ်ငန်းကိုတော့ မတွေ့မချင်း ရပ်နားမှာမဟုတ်ဘူးလို့ ခရိုင်ဝန်က ပြောပါတယ်။
ဂူထဲကနေ နေ့စဉ်နဲ့အမျှ စုပ်ထုတ်လိုက်တဲ့ရေတွေဟာ ပတ်ဝန်းကျင်အနီးနားရှိ ဒေသခံတွေရဲ့ စိုက်ခင်းတွေထဲ ၀င်ရောက်သွားတာရှိကြောင်း၊ ကောက်ယူရရှိတဲ့စာရင်းတွေအရ ဆီမိုင်းချွန်း၊ ပုန်ဖာနဲ့ ဘန့်ဒိုက် စတဲ့ ကျေးရွာအုပ်စု ၃ စုအတွင်း လယ်မြေဧကပေါင်း ၈၀၀ ကျော် ရေတွေ ၀င်နေပြီး စိုက်ခင်းပျက်စီးမှုမကြီးမားပေမယ့် ၁ ဧကကို ဘတ်ငွေ ၁၁၁၃ ဘတ်နှုန်းနဲ့ ပြန်လျော်ပေးဖို့ ရံပုံငွေအရံသင့်ရှိကြောင်း၊ သီးနှံပျက်စီးက အစားထိုးမျိုးစေ့တွေ ပြန်ပေးမယ်လို့လည်း သစ်တောနဲ့ သဘာဝသယံဇာတထိန်းသိန်းရေးဆိုင်ရာ တာဝန်ရှိသူက သတင်းထောက် တွေကို ပြောပါတယ်။
ဒီကနေ့ တနေ့တာဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီး လက်ထောက်ခရိုင်ဝန် ၊ အမှတ် ၃ စစ်ဒေသတပ်မမှူး လေတပ်ကယ်ဆယ်ရေးတပ်ဖွဲ့ ပြောခွင့်ရနဲ့ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်တို့ ညနေ ၅ နာရီမှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။
အဲဒီထဲမှာ ကလေးတွေကို ပြုစုစောင့်ရှောက်ပုံ၊ သူတို့ဘယ်ချိန်ထွက်လာမလဲ ဆိုတာ တော့ သူတို့ကျန်းမာရေးပေါ်မူတည်ကြောင်း၊ အရင်ဆုံးကျန်းမာသန်စွမ်းသူတွေကို အရင်ခေါ် ထုတ်မှာဖြစ်ကြောင်းနဲ့ ဂူတွင်းရေစုပ်ထုတ်မှုအခြေအနေတွေ အဓိကထားရှင်းပြပြီး ကလေးတွေ အနေနဲ့ ပြင်ပက မိဘဆွေမျိုးသူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်နိုင်ဖို့ အင်တာနက်လိုင်းကို ဒီညအပြီးချိတ်ဆက်တပ်ဆင်ပေးမယ်လို့ ပြောသွားပါတယ်။
ဂူထဲက မူပါဘောလုံးအကယ်ဒမီအသင်းဝင် ၁၃ ဦးရဲ့ မိဘဆွေမျိုးတွေလည်း ၀မ်းသာမဆုံးဖြစ်နေကြပါတယ်။
ဘောလုံးနည်းပြဆရာရဲ့ အဒေါ်ဖြစ်သူကလည်း အခုလိုတူလေးကိုပြန်တွေ့တော့ လေးလံစွာ ထမ်းပိုးထားရတဲ့ တောင်ကြီးတလုံးကျသွားသလို ရင်ထဲပေါ့ပါးသွားကြောင်း၊ ဒါပေမယ့် သူ့တူဟာ ကလေးတွေကို အန္တရာယ်ရှိရာ ဦးဆောင်ခေါ်သွားသူအဖြစ် ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ခြင်းကို ခံနေရကြောင်း၊ ဒါကြောင့် သူ့အပေါ် အထင်အမြင်မမှားစေဖို့၊ မေတ္တာထားဖို့၊ အန္တရာယ်ကင်းဖို့ လိရှမ်းရိုးရာအရ သဲပုံစေတီ ၁၂၀ ဆူတည်ပြီး တံခွန်တိုင် ၁၂၀ ၊ ဖယောင်းတိုင် ၁၂၀ တိုင်၊ ငှက်ပျောရွက်နဲ့ထုတ်ထားတဲ့မုန့် ၁၂၀ ထုတ် ပူဇော်ပြီး ကံဇာတာဆက်ပွဲပြု လုပ်ပေးနေတယ်လို့ အဒေါ်ဖြစ်သူက သတင်းထောက်တွေကို ပြောပါတယ်။
ကလေးတွေကို ပထမဆုံးရှာတွေ့ခဲ့တဲ့ ၀ါရင့်ဗြိတိန် ရေငုပ်သမား အသက် ၅၆နှစ်အရွယ် ရစ်ခ် စတန်တွန်နဲ့ အသက် ၄၇ နှစ်အရွယ် ကွန်ပြူတာ အင်ဂျင်နီယာ ဂျွန် ဗိုလန်သမ် တို့ဟာ ဂူအတွင်း ရှာဖွေကယ်ဆယ်ရေးနယ်ပယ်မှာ ကမ္ဘာ့အတော်ဆုံးသူတွေဖြစ်တယ် လို့ သဂါးဒီးယန်း သတင်းစာမှာ ဖော်ပြပါတယ်။
ဂူအတွင်း ပိတ်မိနေတဲ့ ကလေးတယောက်ရဲ့ မိခင်ကတော့ ဒီနေ့ဟာ အကောင်းဆုံးနေ့ပဲ ရှင်သန်ဖို့ ၅၀ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ထင်ခဲ့တာလို့ ပြောပါတယ်။
ကလေးတွေကို တွေ့တဲ့သတင်းကို ကြားချိန်မှာ ဂူအပြင်က ကယ်ဆယ်ရေးသမားတွေနဲ့ အမေရိကန်လေတပ် အင်ဒို-ပစိဖိတ် စစ်တိုင်းရဲ့ လူထုဆက်ဆံရေး အရာရှိ ဂျက်စီကာ တိတ်တို့လည်း အောင်ပွဲကို ဟစ်ကြွေးခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာကလဲ နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ ရုပ်သံညီလာခံ ခေါ်ယူခဲ့ပြီး ဝမ်းမြောက်ကြောင်း ပြောခဲ့တယ်လို့ ထိုင်းမီဒီယာတွေက ရေးပါတယ်။
ထိုင်း- မြန်မာနယ်စပ်က ၆မိုင်ရှည်တဲ့ လိုဏ်ဂူထဲ မှာ ပျောက်ဆုံး လူငယ်တွေဆီ ရောက်ဖို့ နိုင်ငံတကာ ကယ်ဆယ်ရေးသမားတွေ ဆယ်ရက်ကြာအောင် ရှာခဲ့ရတာဖြစ်ပြီး ကလေးတွေဟာ အပြင်ပြန်ထွက်ဖို့ ရေငုပ်သင်ရမယ်၊ ရေအကျကို စောင့်မယ်ဆိုရင် လေးလ အချိန်ကြာနိုင်တယ်လို့ ထိုင်းစစ်တပ်က ခန့်မှန်း ပြောပါတယ်။
ဂူအတွင်း အေးစက်ရွှံ့ထူတဲ့ ရေကို ဖြတ်ပြီး ၂မိုင်ခွဲလောက် ရေငုပ်ပြီး ပြန်ထွက်ဖို့ဟာ ထိုင်းရေတပ် ပင်လယ်ဖျံ တပ်ခွဲက ရေငုပ်သမားတွေ အတွက်တောင် အတော်ခက်တယ်၊ ရေငုပ် သမားမဟုတ်တဲ့ သူတယောက်ကို သယ်ထုတ်ဖို့ ကြိုးစားတာဟာ အန္တရာယ်အကြီးဆုံး အခြေအနေတွေထဲက တခုပဲလို့ လိုဏ်ဂူကယ်ဆယ်ရေး ဆိုင်ရာ အမေရိကန် ထိပ်တန်းပညာရှင် အန်မာမီယာဇာက အေဘီစီ သတင်းဌာနကို သုံးသပ်ပြောထားပါတယ်။