
အများပိုင်ငွေအလွဲသုံးစားလုပ်တာနဲ့ ကိုယ့်ရဲ့ တက်လမ်းအတွက် ပါတီဝင် အချင်းချင်း ချနင်းတာကို ဒေါ်အောင်ဆန်းစုကြည်က လုံးဝခွင့်လွှတ်မှာ မဟုတ်ဘူးလို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအမျိုးသမီးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။
နေပြည်တော်ရှိ MICC 2 မှာ မနေ့က ပြုလုပ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးလုပ်ငန်းကော်မတီများ စုံညီတွေ့ဆုံပွဲအခမ်းအနားမှာ ပြောဆိုခဲ့တာပါ။
ဒေါ်အောင်ဆန်းစုကြည်က အမြဲပြောနေတဲ့စကား ဖြစ်ပေမယ့် တပြည်လုံးက အမျိုးသမီးတွေ မကြားဖူးသေးတာကြောင့် ပါတီဝင် အမျိုးသမီးတွေ သိထားဖို့ လိုအပ်တာကြောင့် ပြောလိုက်ရတာ ဖြစ်တယ်လို့ ဆိုပါ တယ်။
“ကိုယ့်တက်လမ်းအတွက် ကိုယ့်အချင်းချင်းကို နင်းပြီးတက်တဲ့သူတွေကိုလည်း ဒေါ်အောင်ဆန်းစုကြည်က လုံးဝခွင့်လွှတ်တာ မဟုတ်ဘူး။ ဒီလှိုင်းစာစောင်တွေကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တာဝန်ခံတွေက နာမည်ခံပြီး ယူရတာဖြစ်ပေမယ့် အဖွဲ့ဝင်တွေက တဆင့်ပြန်ရောင်းပေးတဲ့ နေရာတွေမှာ ရောင်းရငွေ ပြန်မပေးကြတာတွေ ရှိတယ်လို့လည်း ဆိုပါ တယ်။ ငွေကြေးတတ်နိုင်တဲ့ တာဝန်ခံတွေက စိုက်ပေးနိုင်ပေမယ့် တချို့မတတ်နိုင်တဲ့ တာဝန်ခံတွေအနေနဲ့ စိုက်မဆပ်နိုင်တာတွေ ရှိတာကြောင့် တရားစွဲခဲ့ရတာတွေ ရှိတယ်”လို့ ဒေါ်မေဝင်းမြင့် က ပြောပါတယ်။
အများပိုင်ငွေ အလွဲသုံးစားလုပ်တာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လုံးဝ လက်မခံပါဘူး။ အဲဒီမှာ ဒီလှိုင်း စာစောင်ရောင်းရငွေလည်း ပါတယ်။ ဒီလှိုင်းစာစောင် ရောင်းရငွေတွေဟာ ပြည်သူတွေက အားပေးလို့ အများပိုင်ငွေထဲမှာ ပါတယ်လို့ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။











