DVB Logo
Home
Lead Story
ဝိရောဓိဖြစ်နေတဲ့ သတင်းသမားနဲ့ လျှို့ဝှက်အက်ဥပဒေ
DVB
·
July 3, 2018
ဝိရောဓိဖြစ်နေတဲ့ သတင်းသမားနဲ့ လျှို့ဝှက်အက်ဥပဒေ
Donate to DVB

ဘုရားသခင်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ သိပ္ပံပညာပေါ်လာတာ မဟုတ်ဘူး။ သိပ္ပံရဲ့ စူးစမ်းတွေ့ရှိချက် အမှန်တရားဟာ ဘုရားသခင်ရဲ့ လျှို့ဝှက်ချက်တွေကို လှစ်ဟလိုက်သလို ဖြစ်သွားခဲ့ရင်လည်း သိပ္ပံပညာရှင်မှာ တာဝန်မရှိပါဘူး။ သတင်းသမား ဆိုတာလည်း ဒီလိုပါပဲ။ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖော်ထုတ်တာ မဟုတ်ဘူး။ လူထုရဲ့ သတင်းသိပိုင်ခွင့်နဲ့ အမှန်တရားကို ရှာဖွေရင်း စေ့ထားတဲ့တံခါး ပွင့်သွားခြင်းအတွက်လည်း သတင်းသမားမှာ တာဝန်မရှိဘူး။ ပိတ်ထားတဲ့အဖုံး ပွင့်သွားခြင်း အတွက်ကတော့ အဖုံးပိတ်သူမှာပဲ တာဝန်ရှိတာ။

သတင်းသမားတယောက်ဖြစ်ပြီ ဆိုတာနဲ့ သူခံယူထားတဲ့ အခြေခံရပ်တည်မှု ငါးခု ရှိပါတယ်။ ဒါတွေကတော့ “သတင်း လွတ်လပ်စွာ ဖော်ထုတ်ပိုင်ခွင့်၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်၊ လူထုရဲ့ သတင်းသိပိုင်ခွင့်၊ အမှန်တရားနဲ့ မီဒီယာဟာ ပြည်သူ့အတွက်သာ” ဆိုတာတွေပါပဲ။ ဒီငါးချက်စလုံးကတော့ အရေးကြီးဆုံး တပါးသီလ ဖြစ်တဲ့ “မီဒီယာဟာ ပြည်သူ့အတွက်သာ” ဆိုတာအပေါ် အခြေပြုထားတာ။ ပြည်သူဟာ သတင်းအချက်အလက်တွေကို သိပိုင်ခွင့်ရှိတာကြောင့်လည်း သတင်းသမားဟာ သတင်း အချက်အလက်တွေကို ရယူခွင့်ရှိပါတယ်။ ရယူပြီး အချက်တွေကိုလည်း လူထုသိရှိပိုင်ခွင့် ရှိတာကြောင့် လွတ်လပ်စွာ ဖော်ထုတ်တင်ပြပိုင်ခွင့် ဖြစ်လာတယ်။

ဒီလိုတင်ပြရာမှာ အမှန်တရားဖြစ်ဖို့တော့ လိုတယ်။ ဒါကြောင့် ဒီအချက် ငါးချက်ဟာ တခုနဲ့တခု ချိတ်ဆက်နေတာ။ သီးခြားစီ တည်ရှိနေကြတာ မဟုတ်ဘူး။ မြူးနစ် ကြေညာစာတမ်းမှာလည်း “သတင်းထောက်တယောက်အနေဖြင့် အမှန်တရားကို တန်ဖိုးထားခြင်းကြောင့် မည်ကဲ့သို့သော နောက်ဆက်တွဲကိစ္စများ မိမိအပေါ် ကျရောက်လာနိုင်သည်ဖြစ်စေ အမှန်တရားအတွက် ခုခံကာကွယ်ရမည်၊ အဘယ်ကြောင့်ဆိုသော် ပြည်သူလူထုအနေဖြင့် အမှန်တရားကို သိခွင့်ရှိသောကြောင့် ဖြစ်သည်” လို့ ဆိုထားပါတယ်။

သတင်းလွတ်လပ်စွာ ရယူခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လူထုရဲ့ သတင်းသိရှိပိုင်ခွင့်တို့နဲ့ ဆန့်ကျင်နေတာက “လျှို့ဝှက်ချက်ဥပဒေ” ပါ။ နိုင်ငံအတော်များများမှာ ရှိတတ်တဲ့ ဥပဒေပါ။ ဒီမိုကရေစီနိုင်ငံတွေမှာလည်း ရှိတာပါပဲ။ အမေရိကန်မှာလည်း ရှိတာပဲ။ ဗမာနိုင်ငံမှာလည်း ရှိတာပဲ။ ဗမာနိုင်ငံရဲ့ “မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ” ကိုတော့ အိန္ဒိယအက်ဥပဒေ အမှတ် (၁၉) အရ ၁၉၂၃ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ ပြဋ္ဌာန်းခဲ့တာ။ အခုဆို နှစ်ပေါင်း ၉၄ နှစ်ကျော်ခဲ့ပါပြီ။ နှစ်တရာပြည့်ဖို့ ငါးနှစ်ကျော်ပဲ လိုတော့တယ်။ စတင်ပြဋ္ဌာန်းကတည်းက အစိုးရအဆက်ဆက် အသုံးပြုခဲ့ကြတာ။ အခုထိလည်း ဆက်လက်ကျင့်သုံးနေဆဲပါ။ ဒီဥပဒေနဲ့ပဲ အရေးယူခံရတာတွေ၊ အမှုရင်ဆိုင်ရတာတွေ ရှိနေဆဲ။ အရေးယူခံရသူတွေကို လေ့လာကြည့်တော့ သတင်းထောက်တွေ၊ သတင်းအယ်ဒီတာတွေ၊ မီဒီယာသမားတွေ။ လျှို့ဝှက်အက်ဥပဒေ ပုဒ်မ ၃/၁- အပိုဒ်ခွဲ(ဂ) နဲ့ အများဆုံး အရေးယူခံကြရတယ်။

စနိုးဒင် ပြည်တော်မပြန်နိုင်တာလည်း အမေရိကန်ရဲ့ လျှို့ဝှက်ဥပဒေ အဟန့်အတားကြောင့်လို့ ပြောရမှာပါ။ စနိုးဒင်ရဲ့ ပြောစကားမှာ “အမေရိကန်ပြန်ပြီး တရားရင်ဆိုင်ချင်တယ်။ ဒါပေမယ့် မျှတမှန်ကန်စွာ တရားစီရင်မှုကို ရမှဖြစ်မယ်။ အား အဆမတန်ကြီးထွားပြီး သြဇာကြီးလွန်းတဲ့အဖွဲ့ကို ရင်ဆိုင်ဖို့ဆိုရင် မျှတမှုရှိမှဖြစ်မှာ” လို့ ဆိုတယ်။ လွတ်လပ်တဲ့ အမေရိကန်ရဲ့ တရားစီရင်ရေးကိုတောင် သံသယရှိနေခဲ့ရင် မလွတ်လပ်တဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတဲ့ နိုင်ငံတခုမှာဆိုရင် မစဉ်းစားရဲလောက်အောင်ပါပဲ။ ဒါပေမယ့် အမေရိကန် တရားစီရင်ရေးမှာ လျှို့ဝှက်ဥပဒေနဲ့ တရားစွဲဆိုခံထားရတဲ့ သတင်းသမားတွေကို အနိုင်ပေးခဲ့တဲ့ သာဓကတွေ ရှိပါတယ်။

၁၉၇၁ ခုနှစ်က ဖြစ်ပျက်ခဲ့တာ။ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်အစိုးရဟာ တောင်ဗီယက်နမ်တို့ဘက်က ဝင်တိုက်ပေးခဲ့ရာက အမေရိကန်နဲ့ ဗီယက်နမ်စစ်လို ဖြစ်ခဲ့တာ။ သမ္မတ သုံးဆက်တိုင်တိုင် ဖြစ်ခဲ့တာ။ ကနေဒီ၊ ဂျွန်ဆင်၊ နစ်ဆင် ကာလအထိ ရှည်ကြာခဲ့တယ်။

စစ်ဖြစ်တာက အဓိက မဟုတ်သေးဘူး။ ပြည်သူကို လိမ်ညာပြီး စစ်ဆင်ခဲ့တာက အဓိကပဲ။ ၁၉၄၅ က စတင်ရေတွက်ရင် အိုက်ဆင်ဟောင်ဝါနဲ့ ထရူးမင်းတို့ကစပြီး အမေရိကန်လူထုကို လိမ်ညာခဲ့တာ။ အမေရိကန်လူထုဟာ နှစ်ပေါင်း ၃ဝ လောက် လိမ်ညာ စစ်တိုက်နေခြင်းကို ခံစားခဲ့ရတယ်။ အမျိုးကောင်းသားတွေ များစွာ သေဆုံးခဲ့တယ်။

နှစ် ၃ဝ စာ မက်နမာရာ (Mc Namara) ရဲ့ အမေရိကန်၊ ဗီယက်နမ်စစ် လေ့လာချက်တွေမှာလည်း တောင်ဗီယက်နမ် အရှုံးများမယ်ဆိုတာ သိသိနဲ့ စစ်ကို ဆက်ဆင်နွှဲခဲ့တာတွေ၊ ဟိုချီမင်းကို စစ်ထဲဆွဲခေါ်ပြီး ဒိုမီနိုသဘောအရ လုပ်ဆောင်မှု၊ ငွေကြေး လက်နက် ထောက်ပံ့မှု စတဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သက်ရာ စာမျက်နှာပေါင်း ၇ဝဝဝ ကျော် မှတ်တမ်းပြုခဲ့တယ်။

အဲဒီအထဲက စာမျက်နှာ ၄ဝဝဝ ကျော်လောက်ကို နယူးယောက်တိုင်း သတင်းစာက ရရှိခဲ့တယ်။ အဲဒီမှာပဲ နယူးယောက်တိုင်းသတင်းစာက Vietnam Archive:Pentagon Study Traces 3 Decades of Growing Us.Involement ဆိုတဲ့ ပင်တဂွန်လေ့လာချက် အထောက်အထားတွေနဲ့ အမေရိကန်နိုင်ငံရဲ့ အထူးလျှို့ဝှက်ချက်တွေကို ပုံနှိပ်ဖော်ပြ ထုတ်ဝေလိုက်ပါတော့တယ်။ အဲဒီအတွက် တရားသူကြီး လာဖိန်းက နယူးယောက်တိုင်း သတင်းစာကို ဆက်မထုတ်ဖို့ တားမြစ်တယ်။ တပြိုင်တည်း နယူးယောက်တိုင်း သတင်းစာကို လျှို့ဝှက်ဥပဒေ ပုဒ်မ ၁၈ အပိုဒ်ခွဲ ၇၉၃ နဲ့ တရားစွဲဆိုတယ်။

နောက်ရက်တွေမှာတော့ Top scret;Vietnam Relation 1945-67 (Top Secret Sensition) ဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အထူးလျှို့ဝှက်ဖိုင်တွေမှာ ပါရှိတဲ့ အချက်တွေ၊ နှစ်သုံးဆယ် လိမ်လည်မှုတွေကို ဝါရှင်တန်ပို့စ် သတင်းစာက ထပ်မံဖွင့်ချ ဖော်ထုတ်လိုက်ပြန်ပါတယ်။ အဲဒီလို သတင်းစာနှစ်စောင်လုံးရဲ့ ဖော်ထုတ်ချက်တွေကြောင့် အမေရိကန် ပြည်သူတွေဟာ အမှန်ကိုသိပြီး လမ်းပေါ်ထွက် ဆန္ဒပြရင်း အမေရိကန်၊ ဗီယက်နမ် စစ်ရပ်စဲရေးကို အုတ်အော်သောင်းနင်း တောင်းဆိုလာကြတယ်။ နှစ်သုံးဆယ်ကြာ အစိုးရရဲ့ လိမ်လည်မှုတွေကို ကန့်ကွက် ဆန့်ကျင်လာကြပါတော့တယ်။

အစိုးရကလည်း သတင်းစာနှစ်စောင်လုံးကို နိုင်ငံတော် လျှို့ဝှက်ဥပဒေ ပုဒ်မ ၁၈ အပိုဒ်ခွဲ ၇၉၃ အရ တရားစွဲဆိုခဲ့တယ်။

အမှုကို ဆုံးဖြတ်ချက်ချမယ့်နေ့မှာတော့ သတင်းသမားတွေအပြင် ပြည်သူလူထု တရပ်လုံးကလည်း အဖြေကို စောင့်နေကြတယ်။ တရားရုံးဝန်းကျင်မှာတော့ ကိုယ်ထင်ရာ ခန့်မှန်းပြောနေကြလေရဲ့။ ဒါကလည်း အမေရိကန်သမိုင်းမှာ အရေးပါတဲ့ စီရင်ချက်တခု ဖြစ်နေတာကိုး။ ဂျူရီလူကြီး ကိုးဦးရဲ့ မဲနဲ့ ဆုံးဖြတ်ပါတယ်။ ရလဒ်ကတော့ “၆ မဲ ၃မဲ” နဲ့ ဝါရှင်တန်ပို့စ်နဲ့ နယူးယောက်တိုင်း သတင်းစာတို့က အနိုင်ရလိုက်တယ်။ ဂျူရီလူကြီးတွေကတော့ တရားသူကြီး “ဘလက်ခ်” ရဲ့ အကြံပြုချက်ကို အလေးနက်ထား စဉ်းစားခဲ့ကြတယ်။

ဘလက်ခ်က “လူကြီးမင်းများက သတင်းဌာနတွေကို ဒီမိုကရေစီအတွက်၊ တရားမျှတမှုအတွက် လိုအပ်တဲ့ ကာကွယ်မှုတွေ ပေးရမှာ ဖြစ်တယ်။ မီဒီယာဆိုတာ ပြည်သူအတွက်၊ အုပ်ချုပ်သူအတွက် မဟုတ်ဘူး”…တဲ့။ ဒီအချက်နဲ့ပဲ အနိုင်ပေးလိုက်တာပါ။

အစကို ပြန်ကောက်ရရင် သိပ္ပံရဲ့ စူးစမ်းတွေ့ရှိချက် အမှန်တရားဟာ ဘုရားသခင်ရဲ့ လျှို့ဝှက်ချက်တွေကို လှစ်ဟလိုက်သလို ဖြစ်သွားခဲ့တာအတွက် သိပ္ပံပညာရှင်မှာ တာဝန်မရှိပါဘူး။ ဒီလိုပါပဲ။ လူထုရဲ့ သတင်းသိပိုင်ခွင့်အတွက် အမှန်တရားကို ရှာဖွေရင်း စေ့ထားတဲ့တံခါး ပွင့်သွားခြင်းဟာလည်း သတင်းသမားမှာ တာဝန်မရှိဘူး။ အဖုံးပွင့်သွားခြင်း အတွက်ကတော့ အဖုံးပိတ်သူမှာပဲ တာဝန်ရှိပါတယ်။ တရားသူကြီး “ဘလက်ခ်” ရဲ့ အကြံပြုစကားအတိုင်း ပြောရရင် “မီဒီယာဟာ ပြည်သူအတွက်” ဖြစ်တာကြောင့် လူထုရဲ့ အမှန်သိပိုင်ခွင့်အတွက်သာ မီဒီယာမှာ တာဝန်ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။

သတင်းသမားတိုင်း လျှို့ဝှက်အက်ဥပဒေဘေးမှ ကင်းဝေးကြပါစေ။

ထွန်းဇော်ဋ္ဌေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013