DVB Logo
Home
မြန်မာသတင်း
စပါးစိုက်ခင်းများကို ရွှေခရုများ ကိုက်ဖျက်ဆီးခံရ၍ တောင်သူများ အခက်ကြုံ
DVB
·
July 3, 2018
စပါးစိုက်ခင်းများကို ရွှေခရုများ ကိုက်ဖျက်ဆီးခံရ၍ တောင်သူများ အခက်ကြုံ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့အရှေ့ဘက်ရှိ ကျေးရွာအုပ်စုတွေမှာ သုံးနှစ်ဆက်တိုက် စပါးစိုက်ခင်းတွေကို ရွှေခရုကျရောက်ပြီး ကိုက်ဖြတ်စားသောက်နေတဲ့ အတွက် စိုက်ပျိုးဖို့ အခက်အခဲတွေ့နေတယ်လို့ ဒေသခံတောင်သူတွေက ပြောပါတယ်။

ရေသိုးကျေးရွာအုပ်စုက တောင်သူဦးထွန်းရင်က “ကျနော်တို့လယ်တွေကို ရွှေခရုကျတာ သုံးနှစ်ရှိပြီ။ ပထမကျတဲ့နှစ်ကနည်းတယ်။ နောက်နှစ်ကျတော့များလာပြီး မနိုင်တော့ဘူး။ မနှစ်ကလည်း နှစ်ခါ သုံးခါစိုက်တွေဖြစ်ပြီး မစိုက်နိုင်တဲ့ တောင်သူတွေလည်း ရှိတယ်။ ရွှေခရုက မိုးရွာရင်ပိုများပြီး နေပူရင်တော့ ပျောက်သွားတယ်။ ဒီနှစ်က ရွှေခရုကျတာ ပိုများလာတဲ့အတွက် ကျနော်တို့တောင်သူတွေ စိုက်ပျိုးဖို့ တော်တော်ခက်ခဲနေပါတယ်"လို့ ပြောပါတယ်။

တောင်သူဒေါ်ခင်အုန်းမြင့်က “အန်တီတို့ မနှစ်က လယ် ၇ ဧကကို သုံးခါပြန်စိုက်ရတယ်။ တောင်သူတွေက တနှစ်ကို မျိုးစပါးက အတိအကျချန်ထားတာ။ ပြန်စိုက်မယ်ဆို အပြင်က ဝယ်စိုက်ရတယ်၊ မျိုးစပါးဈေးက များတယ်။ စိုက်ပျိုးရေးဦးစီးဌာနကတော့ လာတယ်။ သူတို့ ပိုးသတ်ဆေးတွေနဲ့သတ်ဖို့ လူအားနဲ့ကောက်ပြီး လွှင့်ပစ်ဖို့တော့ ပြောတယ်။ အခု ပိုးသတ်ဆေး နဲ့ သတ်တော့လည်း ခရုတွေသေတာ မဟုတ်ဘူး။ တခြားသတ္တဝါတွေပါ အကုန်သေတဲ့အပြင် ပိုးသတ်ဆေးကဈေးကြီးတော့ တောင်သူတွေ မတက်နိုင်ဘူး။ ဒီလိုသာ ရွှေခရုတွေ ဆက်တိုက် ကျမယ်ဆို ကျမတို့တောင်သူတွေ ဒုက္ခရောက်ရတော့မယ်”လို့ ပြောပါတယ်။

တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုတွေမှာ သုံးနှစ်ဆက်တိုက် ရွှေခရုတွေ ကျရောက်ပြီး တောင်သူတွေစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို ကိုက်ဖြတ်စားသောက်နေတဲ့ အတွက် အရင်နှစ်က ဧကသောင်းချီ ပျက်စီးဆုံးရှုံးခဲ့သလို ဒီနှစ်မှာလည်း လယ်ဧက တော်တော်များများ ပျက်စီးဆုံးရှုံးနေပါတယ်။

ဒါအပြင် တိုက်ကြီးမြို့နယ် အနောက်ဘက် ကျေးရွာအုပ်စု (၅) အုပ်စုမှာ ကြွက်ဖလောင်းတွေ ကျရောက်ဖျက်ဆီးနေတဲ့အတွက် လယ်ဧက ၁၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

တိုက်ကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကွင်းတာဝန်ခံ ဦးမင်းမင်းဇော်က “တိုင်းက ပိုးမွှား ကာကွယ်ရေးအဖွဲ့တွေနဲ့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနပေါင်းပြီး ရွှေခရုနဲ့ ကြွက်ဖလောင်းကျတဲ့ ကျေးရွာအုပ်စုတွေက တောင်သူတွေကို စပါးမစိုက်ပျိုးခင်မှာ ဒီပိုးမွှားတွေ မကျရောက်နိုင်အောင် ကာကွယ်ရမယ့် နည်းလမ်းတွေ ပိုးမွှားကျရောက်လာပြီဆိုရင် နှိမ်နှင်းနိုင်အောင် သုံးစွဲရမယ့် ပိုးသတ်ဆေးတွေကို ပြောပြထားပါတယ်။ အခုလည်း ရွှေခရုနဲ့ ကြွက်တွေ ကျနေတဲ့ ကျေးရွာ အုပ်စုတွေကို မပြတ်စောင့်ကြည့်နေပါတယ်"လို့ပြောပါတယ်။

မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ရွှေခရုနဲ့ ကြွက်ဖလောင်းတွေ ကျရောက်နေတဲ့ ကျေးရွာ အုပ်စုတွေမှာ ဟောပြောပွဲတွေ ပြုလုပ်နေပြီး ကျရောက်လာပါက ကာကွယ်နည်းတွေကို တောင်သူတွေကို ပြောပြခဲ့တယ်လို့ တောင်သူတွေထံက သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013