DVB Logo
Home
မေးမြန်းခန်း
ရခိုင်ပဋိပက္ခဖြစ်စဉ်အပေါ် လူ့အခွင့်အရေးကော်မရှင်နှင့် မေးမြန်းချက်
DVB
·
July 11, 2012
ရခိုင်ပဋိပက္ခဖြစ်စဉ်အပေါ် လူ့အခွင့်အရေးကော်မရှင်နှင့် မေးမြန်းချက်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်မှုတွေ အခုလောက်ထိ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့တာဟာ ပြည်နယ်အတွင်းနေ ပြည်သူတွေရဲ့ အခြေခံပညာနဲ့ ဗဟုသုတနည်းပါးတာတွေက အကြောင်းရင်းခံတခုဖြစ်တယ်လို့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က သုံးသပ်ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးကော်မရှင် အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်တွေဟာ ဇွန်လ ၂၇ ရက်ကနေ ဇူလိုင် ၁ ရက်အထိ ရခိုင်ပြည်နယ်အတွင်း ငါးရက်ခရီးသွားခဲ့ပြီး တွေ့ရှိချက်တွေအပေါ် အခုလို သတင်းထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း လတ်တလော ရှိနေတဲ့ ဒုက္ခသည် လေးသောင်းကျော်အတွက် အာဟာရ ပြည့်ဝတဲ့အစားအသောက်တွေ အပါအ၀င် အခြေခံ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင်အရေးကော်မရှင်ရဲ့ သတင်းထုတ်ပြန်ချက် အပေါ် ကော်မရှင်အတွင်းရေးမှူး ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်းထုတ်ပြန်ချက်မှာ ထောက်ပြထားတာ၊ အကြံပြုထားတာ ၄ ချက် ပေါ့နော်။ အဲမှာ ပြန်လည်ယုံကြည်မှုတည်ဆောက်ရေးအတွက် အသိပညာဗဟုသုတ ကြွယ်ဝဖို့။ အဲ့နယ်မြေမှာရှိတဲ့ ကလေးသူငယ်တွေရဲ့ အခြေခံပညာ တတ်မြောက်မှုနှုန်း မြင့်မားရေး အထူးအစီအစဉ်တရပ်ကို အမြန်ဆောင်ရွက်ပေးသင့်ပါတယ် ဆိုတာ.. အန်ကယ်တို့ ဘယ်လိုတွေ တွေ့မြင်ခဲ့ရလို့ ဒီအချက်ကို တင်ပြတာပါလဲ။

“ဒါက အုပ်စု ၂ အုပ်စု။ ဘင်္ဂလီ အုပ်စုနဲ့ ရခိုင်တိုင်းရင်းသား အုပ်စု ၂ စုရှိတယ်။ ပြဿနာဖြစ်တာက ဒီ အုပ်စု ၂ စုက ဖြစ်တာလေ။ ကျနော်တို့ ရောက်ရှိစဉ်အတောအတွင်း အထူးသဖြင့် မောင်တောမှာပေါ့။ မောင်တောကို နှစ်ခေါက်ရောက်တယ်။ အဲ့မှာ တွေ့ဆုံသင့်တဲ့သူတွေနဲ့ တွေ့တယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေနဲ့ တွေ့တယ်။ ဒုက္ခသည်တွေနဲ့လည်း တွေ့တယ်။ တခြား အလွတ်သဘောတွေ့တာတွေလည်း ရှိတာပေါ့။ တွေ့ပြီး မေးမြန်းလေ့လာတဲ့အခါကျတော့ ဖြစ်ပွားတဲ့ ဖြစ်စဉ်မှာ အခြေခံပညာနဲ့ ဗဟုသုတ နည်းပါးမှုဟာလည်း အကြောင်းအရင်းတခုအနေနဲ့ ပါတယ်လို့ သုံးသပ်ပါတယ်။ ကလေးတွေက အခြေခံပညာတတ်မြောက်ပြီး ဗဟုသုတရှိကြမယ်ဆိုရင် ဇွန်လမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်မျိုးတွေ မဖြစ်နိုင်ဘူး။ ဖြစ်ခဲ့ရင်လည်း ဒီလောက်ပြင်းထန်တဲ့ ဖြစ်စဉ်မျိုးတွေ မဖြစ်နိုင်ဘူးလို့ ဆွေးနွေးတင်ပြချက်တွေအရ တွေ့ရှိပါတယ်။ ဒါကြောင့် အကြံပြုတာဖြစ်ပါတယ်။”

နောက် တခုက အခြေခံလိုအပ်ချက်တွေရှိနေဆဲဖြစ်လို့ အခုထက် တိုးမြှင့်ကူညီပေးပါဆိုတာ ဘယ်လိုအခြေခံလိုအပ်ချက်တွေရှိနေသေးလဲဆိုတာ အန်ကယ်တို့ တွေ့မြင်ခဲ့ရလို့ပါလဲ။ ကျယ်ကျယ်ပြန့်ပြန့်လေး ပြောပြပေးပါ။

“လူဦးရေက ကျနော်တို့ တွေ့ခဲ့ရသလောက်ဆိုရင် ၄ သောင်းကျော်လောက်ဆိုတော့လေ။ ဒါကို လုံလောက်အောင် ထောက်ပံ့ဖို့ဆိုတာက သိပ်ခက်ခဲပါတယ်။ လှူတာက လှူနေကြတယ်။ နိုင်ငံတော်ကလည်း ပံ့ပိုးတယ်။ ကုလသမဂ္ဂကလည်း တော်တော်လေးပံ့ပိုးပါတယ်။ ကျနော်တို့သွားတဲ့ရက်ကလည်း လေယာဉ်တူတူပဲ။ သူတို့အဖွဲ့တွေလည်း အဖွဲ့စုံ လူ ၂၀ ကျော်လောက်ပါတယ်။ ကျနော်တို့လည်း ဒီဘက်က ၀န်ကြီးဌာနကလူတွေလည်းပါတယ်။ ရဟတ်ယာဉ်တွေနဲ့ လိုက်ကြည့်ကြတယ်။ သူတို့လည်း ကူညီနိုင်တာတွေ ကူညီဖို့ ပြင်ဆင်နေပါတယ်။ အစိုးရရော၊ ကုလသမဂ္ဂရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေရော၊ ပြည်တွင်းက အလှူရှင်တွေရော ကူညီနေကြပါတယ်။ ဒီလောက်များပြားတဲ့ လူတွေအတွက်က အခြေခံလိုအပ်ချက်တွေက ရှိပါတယ်။ အခုလည်း ကျောင်းတွေဖွင့်တော့မယ်ဆိုတော့ ပညာရေးအတွက်လိုလာပြီ။ ဒီလူတွေက သူတို့ရဲ့ လုပ်ငန်းခွင် မ၀င်နိုင်တဲ့အတွက် ပုံမှန်ဝင်ငွေတွေ ထိခိုက်သွားပြီ။ ကျန်းမာရေးစောင့်ရှောက်မှုတွေလိုတယ်။ နေ့စဉ်စားသုံးမှုမှာ အာဟာရပြည့်တဲ့ စားသုံးမှုတွေလိုတယ်လို့ ကျနော်တို့က မြင်ပါတယ်။”

နောက်တခုက အကြမ်းဖက်ကျူးလွန်မှုတွေအပေါ် ကျောက်နီမော်မှာ မုဒိမ်းမှုကျူးလွန်တဲ့ တရားခံ ၃ ယောက်ကို အပြစ်ပေးလိုက်တာကလွဲလို့ တောင်ကုတ်မှာ ၀ိုင်းရိုက်တဲ့ကိစ္စတွေကို အခုထိ အစိုးရက တရားဝင်သတင်းထုတ်ပြန်ပြီး ဘယ်လို အရေးယူထားပါတယ် ဆိုတာ မတွေ့ရဘူး။ ဒါကိုရော အန်ကယ်တို့အဖွဲ့အနေနဲ့ ဘယ်လိုသဘောရပါလဲ။

“အဲဒါကတော့ ကျနော်တို့ တောင်ကုတ်မရောက်ခဲ့တော့ သီးခြားမဆွေးနွေးခဲ့ရဘူး။ သို့သော် နိုင်ငံပိုင်သတင်းစာတွေမှာ သတင်းထုတ်ပြန်တာတော့ တွေ့လိုက်တယ်။ သူတို့ဆောင်ရွက်နေပါတယ်ဆိုတာလေ။ နောက် ဥပဒေအရ အရေးယူနိုင်ဖို့ စစ်ဆေးနေတာတွေ၊ ဖမ်းနိုင်တဲ့သူကို ဖမ်းတာတွေတော့ သိခဲ့ရပါတယ်။ ဒါကတော့ အလွတ်သဘောပါ။ တောင်ကုတ်တင်မဟုတ်ဘူးဗျ။ ရခိုင်ပြည်နယ်က အကြမ်းဖက်တဲ့နေရာတွေမှာရောပဲ။ အဓိကကတော့ စစ်တွေ၊ မောင်တော၊ ရသေ့တောင်ပေါ့။ ကျန်တာကတော့ ဘူးသီးတောင်၊ ရမ်းဗြဲနဲ့ ပုဏ္ဏားကျွန်း တို့မှာလည်း အကြမ်းဖက်တဲ့သူတွေကို ရသမျှတော့ လေ့လာစုံစမ်းပြီး ရသမျှကိုတော့ ထိန်းသိမ်းနေတာ တွေ့ခဲ့ရပါတယ်။”

အန်ကယ်လ်တို့ ကော်မရှင် အနေနဲ့ အခု ဖြစ်ခဲ့တဲ့အပေါ်မှာ နှစ်ဖက်စလုံးမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ တော်တော်များများရှိတယ်လို့ ကျနော်တို့လည်း ကျယ်ကျယ်ပြန့်ပြန့်ကြားရပါတယ်။ အဲဒီအပေါ်မှာ လူ့အခွင့်အရေး ကော်မရှင်က ဘယ်လိုလုပ်ပေးဖို့ ရှိလဲ။

“လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ကတော့ တိုက်ရိုက်ဆင်းလုပ်ဖို့ဆိုတာက အခြေခံသဘောတရားအရ ဒီလိုတော့ မဟုတ်ဘူး။ ကျနော်တို့က တွေ့ရှိချက်ကို လေ့လာသုံးသပ်ပြီး သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တိုက်တွန်းမယ်။ အကြံပြုမယ်ပေါ့ဗျာ။ ကျနော်တို့ကတော့ အခြေအနေအမှန်ကို ရနိုင်သမျှ စုစည်းပြီးတော့ တိုက်တွန်း အကြံပြုတဲ့သဘောပါပဲ။ ထုတ်ပြန်ချက်ကလည်း အစိုးရအဖွဲ့အစည်းတွေနဲ့လည်း ဆိုင်ပါတယ်။ နောက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမျိုးစုတွေနဲ့လည်း ဆိုင်တယ်လို့ ကျနော်ရည်ညွှန်းပါတယ်။”

အန်ကယ်တို့ရဲ့ သတင်းထုတ်ပြန်ချက်မှာ ရခိုင်ကိစ္စကို အရင်ဖြစ်ခဲ့တာတွေ နောက်ပိုင်းမှာ ကျယ်ပြန့်သွားတဲ့အပေါ် တော်တော်များများ သုံးသပ်ကြတာက နယ်စပ်ကနေ တရားမ၀င်ဖြတ်ကျော်ပြီး ရခိုင်ပြည်နယ်ထဲ ရောက်နေတဲ့ တဖက် နိုင်ငံသားတွေ ကိစ္စ၊ နယ်စပ်စည်းမလုံတဲ့ကိစ္စ၊ အဂတိလိုက်စားတဲ့ကိစ္စ၊ အထူးသဖြင့် လ၀က (လူဝင်မှုကြီးကြပ်ရေး) ပေါ့နော်။ အဲဒါမျိုးတွေ ဝေဖန်သုံးသပ်ချက်အပေါ် အန်ကယ်တို့ သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်းထားတာ မတွေ့ရဘူးဗျ။ ဘာဖြစ်လို့လဲ။

“အဲဒီအတွက်ကိုတော့လေ။ ဒါကတော့ ရုတ်တရက် သွားရုံနဲ့ ဒီကိစ္စက တခါတည်း မသိနိုင်ဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ ၀င်ရောက်တာကလည်း ခိုးပြီးတော့ ၀င်ရောက်တာ။ နောက်တခုက လ၀ကနဲ့ပဲ ဖြစ်စေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းနဲ့ပဲ ဖြစ်စေ သူတို့က လာဘ်ပေးလာဘ်ယူ လုပ်ပြီးတော့ ဖြစ်လာတာ ဖြစ်တဲ့အတွက် ကျနော်တို့ကော်မရှင် အနေနဲ့ ဒီအတိုင်း တရက် နှစ်ရက် သွားရုံနဲ့ မသိနိုင်ဘူး။ သို့သော် ကျနော်တော့ အလွတ်သဘော ဆွေးနွေးခဲ့တာ ရှိတယ်ဗျ။ ကျနော်တို့ မြင်တွေ့ခဲ့ရတာတွေကတော့ တရားမ၀င် ခိုးဝင်တာတွေ ရှိချင်လည်း ရှိမယ်။ ပြောမရဘူး။ သို့သော် နစက အဖွဲ့အစည်းက တော်တော်လေး ကျယ်ကျယ်ပြန့်ပြန့် လုံခြုံရေးကို လုပ်ပေးနေတာ တွေ့တယ်။ နယ်စပ်လုံခြုံရေးအတွက်လည်း နိုင်ငံတော် အစိုးရက မိုင် ၈၀၊ ၁၀ ပေ အမြင့်ရှိတဲ့ သံဆူးကြိုးတွေ ကာရံပြီးတော့ ထိန်းသိမ်းထားတာ တွေ့တယ်။ ခုနက ပြောသလို တရားမ၀င် ခိုးဝင်တာတွေ ဘယ်လောက်ရှိတယ်။ ရှိ မရှိ ဆိုတာတွေကတော့ ကျနော်တို့ အနေနဲ့ ဖော်ထုတ်နိုင်ခြင်း မရှိပါဘူး။”

ဒီနေ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်ကိစ္စနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ဖြည့်စွက် ပြောစရာရှိရင် ပြောပေးပါဦးဗျ။

“ကျနော်ကတော့ ဒီနေ့ကတော့ ကမ္ဘာကြီးက ကျနော်တို့ရွာကြီးတရွာ ဖြစ်သွားပြီဆိုတော့။ ကမ္ဘာပေါ်မှာရှိတဲ့ လူမျိုးပေါင်းစုံက မိမိနှစ်သက်ရာ သက်ဆိုင်ရာ ဒေသရဲ့ ဥပဒေနဲ့ အညီ နေထိုင်ခွင့်ရှိကြပြီး ကူးလူဆက်ဆံကြတာပေါ့ဗျာ။ ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း ဒီသဘောပဲ။ အေးအေးချမ်းချမ်းနဲ့ ရေရှည်မှာ ဖြစ်သွားချင်ပါတယ်။ တာဝန်ရှိတဲ့ အစိုးရအဖွဲ့အစည်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ ပါတီတွေ အနေနဲ့လည်းပဲ ရေရှည်သဘောကို မျှော်ပြီး တိုင်းရင်းသားတွေရဲ့ ဖွံ့ဖြိုးရေး၊ လုံခြုံရေး၊ အေးချမ်းရေးကို ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော့်အနေနဲ့ ဒီနေရာကနေ တိုက်တွန်းတင်ပြလိုပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013