DVB Logo
Home
Lead Story
အဂတိလိုက်စားမှု တိုက်ဖျက်ရေး တကယ်လုပ်နေပြီလား
DVB
·
July 2, 2018
အဂတိလိုက်စားမှု တိုက်ဖျက်ရေး တကယ်လုပ်နေပြီလား
Donate to DVB

အဂတိလိုက်စားမှု တိုက်ဖျက်ရေးလို့ ဆိုလိုက်ရင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂ဝ၁၃ ခုနှစ်မှာစပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့ပါတယ်။

၂ဝ၁၄ ခုနှစ်မှာတော့ ဒီဥပဒေအရ လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး ကော်မရှင်ကို ဖွဲ့စည်းပြီး ဥက္ကဋ္ဌအနေနဲ့ ဦးမြဝင်းက တာဝန်ယူ ဆောင်ရွက်ခဲ့တာပါ။

ဒီဘက်ခေတ် အန်အယ်လ်ဒီအစိုးရလက်ထက် ၂ဝ၁၇ ခုနှစ်မှာတော့ ဦးအောင်ကြည် ဥက္ကဋ္ဌ တာဝန်ယူပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အဖြစ် အမည်ပြောင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါတယ်။

၂ဝ၁၃ ခုနှစ်က စတင်ပြဋ္ဌာန်းခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဟာ သုံးကြိမ်တိတိ ပြင်ဆင်ထားခဲ့တာ ဖြစ်ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင်လတုန်းက နောက်ဆုံး ပြင်ခဲ့တာပါ။ ဦးအောင်ကြည် ဥက္ကဋ္ဌ တာဝန်ယူတဲ့ ကော်မရှင်အသစ်ကိုတော့ ၂ဝ၁၇ နိုဝင်ဘာ ၂၃ မှာ ဖွဲ့စည်းခဲ့ပါတယ်။

ဒီကော်မရှင်သစ် လက်ထက်မှာ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန FDA က ညွှန်ကြားရေးမှုချုပ်ကို စစ်ဆေးအရေးယူတာ၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို စစ်ဆေးမှုတွေ လုပ်ခဲ့တာတွေအပြင်  အခြား အရေးယူမှုတွေလည်း ရှိခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်ကလည်း ကော်မရှင်အနေနဲ့ မျက်နှာ ကြီး ငယ် မလိုက်၊ ဆူ ကြုံ နိမ့် မြင့် မရွေး၊ ပြတ်ပြတ်သားသား ဆောင်ရွက်ဖို့၊ လုပ်ပိုင်ခွင့်အာဏာ ရှိတဲ့သူတွေက ကော်မရှင်အပေါ် ဝင်ရောက်စွက်ဖက်တာတွေ ရှိရင် ပွင့်ပွင့်လင်းလင်း တင်ပြဖို့ ပြောထားပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို တကယ်လုပ်လာပြီလား ဆိုတဲ့ မေးခွန်းက စိတ်ဝင်စားစရာ ကောင်းပါတယ်။  တကယ်တမ်းတော့ အဂတိလိုက်စားမှု ဆိုတဲ့ အဓိပ္ပာယ်က ကျယ်ဝန်းသလို တိုက်ဖျက်ရ ခက်ခဲတဲ့အထဲမှာလည်း ထိပ်ဆုံးက ပါပါတယ်။

ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို စစ်ဆေးခဲ့မှု

မကြာသေးခင်ကာလကမှ ရာထူးက နုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ထံကို အချက် ၈ ချက်နဲ့ ပြီးခဲ့တဲ့ မေလဆန်းက တိုင်ကြားခြင်း ခံခဲ့ရတာပါ။

ဒီလို တိုင်ကြားခဲ့မှုအပေါ် စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဆုံးဖြတ်ခဲ့ပြီး စစ်ဆေးခဲ့ကြပါတယ်။  စစ်ဆေးမှုတွေမှာ သက်သေတွေအဖြစ် အဆင့်မြင့်အရာရှိတွေ၊ ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်ကြီးတွေ အပါအဝင် စုစုပေါင်း လူ ၂၂ ယောက် ပါဝင်ခဲ့ပါတယ်။

တိုင်ကြားချက် ၈ ချက်ထဲက ၃ ချက်ဟာ လူမှုရေးကိစ္စတွေ ဖြစ်တာမို့ ဥပေဒေနဲ့ မညီတဲ့အတွက် ကော်မရှင်ဟာ ပယ်ခဲ့ပါတယ်။  နောက် ၂ ချက်ကတော့ ငွေကြေးခဝါချမှု ဆိုတဲ့ အချက်နဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန လက်အောက်သွင်းတဲ့ကိစ္စတွေ ဖြစ်ပါတယ်။  ဒီ ၂ ချက်ဟာလည်း ဦးကျော်ဝင်း တာဝန်မယူခင် ကာလကတည်းက အစီအစဉ်တွေ ဖြစ်နေတာမို့ ကော်မရှင်ဟာ အရေးယူလို့ မရခဲ့ပါဘူး။ နောက်ဆုံး ကျန်တဲ့ ၃ ချက်ထဲမှာ ၂ ချက်က မမှန်မကန် တိုင်ကြားချက်တွေလို့ ကော်မရှင်ဘက်ကဆိုခဲ့ပြီး နောက်ဆုံးကျန်တဲ့ တချက်ကတော့ ဝန်ကြီးဌာနပေါင်းစုံ ဂေါက်ရိုက်ပြိုင်ပွဲ ကျင်းပတဲ့ကိစ္စပါ။

ဒီကိစ္စမှာလည်း ဦးကျော်ဝင်းဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ လွတ်ကင်းနေတဲ့အတွက် အရေးယူလို့ မရပါဘူးလို့ ကော်မရှင်ဘက်က ရှင်းလင်းခဲ့ပါတယ်။

ဒါပေမယ့် ကော်မရှင်ဘက်က စစ်ဆေးမှုတွေ မထုတ်ပြန်သေးစဉ် ကာလအတွင်းမှာပဲ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းဟာ ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။

ကော်မရှင်အသစ်နဲ့ တိုင်ကြားမှု၊ အရေးယူမှုများကော်မရှင် အသစ်ဖွဲ့ပြီးချိန် ၂ဝ၁၇ ခုနှစ် နိုဝင်ဘာလကနေ ပြီးခဲ့တဲ့ မေလကုန်အထိ တိုင်းနဲ့ ပြည်နယ်အလိုက် တိုင်ကြားစာ စုစုပေါင်းဟာ ၃ဝ၄၅ စောင် ရှိခဲ့ပါတယ်။

ဒီတိုင်ကြားစာတွေဟာ တရားစီရင်ရေး၊ စီမံခန့်ခွဲရေး၊ မြေယာကိစ္စတွေအပြင် အခြား အကြောင်းအရာပေါင်း အမျိုးမျိုးနဲ့ တိုင်ကြားခဲ့ကြတာပါ။ ဒီလို တိုင်ကြားခဲ့မှုတွေအပေါ်မှာ တိုင်စာ ၁၉ ခုကို ကော်မရှင်က စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာဝန်ကြီးဌာနနဲ့ ပြည်နယ် တိုင်းဒေသကြီးတွေကို လွှဲပြောင်းပေးခဲ့တဲ့ တိုင်ကြားစာ အရေအတွက်ဟာ ၉၄၁ စောင်ပါ။ ကျန်တာတွေကတော့ အရေးယူဆောင်ရွက်ရန် မရှိတဲ့ ခေါင်းစဉ်အောက်မှာ တွေ့ရပါတယ်။

မြန်မာနဲ့ အဂတိလိုက်စားမှု ညွှန်းကိန်း

ကမ္ဘာ့နိုင်ငံတွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ညွှန်းကိန်းအဆင့်တွေ နှစ်စဉ် ထုတ်ပြန်လေ့ရှိတဲ့ ဂျာမနီအခြေစိုက် Transparency International ရဲ့ အဆင့် သတ်မှတ်ချက်တွေကိုကြည့်ရင် မြန်မာနိုင်ငံဟာ ဒီဘက်နှစ်တွေမှာ အဆင့်တက်လာတာ တွေ့ရပါတယ်။

၂ဝ၁၅ ခုနှစ်တုန်းက အဆင့် ၁၄၇ ၊ ၂ဝ၁၆ မှာ ၁၃၆ နဲ့ ၂ဝ၁၇ ခုနှစ်မှာ အဆင့် ၁၃ဝ အထိ ရောက်လာတာ တွေ့ရပါတယ်။  ဒါပေမယ့် သူများနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ ကိုယ့်အထက်မှာ နိုင်ငံပေါင်း ၁၂၉ နိုင်ငံ ရှိနေတယ် ဆိုတာကို ပြနေတာပါ။

အာဆီယံနိုင်ငံများ၏၂ဝ၁၇ ခုနှစ် အဂတိလိုက်စားမှု အဆင့်ညွှန်းကိန်းသတ်မှတ်ချက်

Countries    Rank

Singapore    6

Brunei    32

Malaysia    62

Thailand    96

Indonesia    96

Vietnam    107

Philippine    111

Myanmar    130

Loas    135

Cambodia    161

အထက်ဖော်ပြပါ ဇယားက Transparency International က ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်မှာ ထုတ်ပြန်ခဲ့တဲ့ ညွှန်းကိန်းတွေထဲက အာဆီယံနိုင်ငံတွေကို ရွေးထုတ်ထားတာပါ။

ဒီမှာဆိုရင် မြန်မာနိုင်ငံရဲ့ အောက်မှာ လာအိုနဲ့ ကမ္ဘောဒီးယားတို့ပဲ ကျန်တော့တာပါ။ ဒီ ၂ နိုင်ငံကလည်း အာဆီယံမှာဆိုရင် အဘက်ဘက်က နောက်ကျတာ နိမ့်ကျတာမှာ မြန်မာနဲ့အတူ ဒွန့်တွဲပါလာနေကျ နိုင်ငံတွေပါ။

ဖွံ့ဖြိုးမှု နောက်ကျတဲ့ လေးနိုင်ငံ (CLMV) ထဲမှာပါတဲ့ ဗီယက်နမ်ဟာ အများကြီး ရှေ့ကို ရောက်သွားပါပြီ။ မြန်မာဟာ ယှဉ်ရင် ဗီယက်နမ်လောက်ကိုတော့ အမြဲယှဉ်နေဖို့ လိုပါတယ်။
သစ်နေမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013