DVB Logo
Home
မြန်မာသတင်း
ငွေကြေးအလွဲသုံးစားပြုခဲ့သည့် အတွင်းရေးမှူးဟောင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ ပုံရိပ်ထိခိုက်ဟု ဆို
DVB
·
July 1, 2018
ငွေကြေးအလွဲသုံးစားပြုခဲ့သည့် အတွင်းရေးမှူးဟောင်းကြောင့် ပြည်ခိုင်ဖြိုးပါတီ ပုံရိပ်ထိခိုက်ဟု ဆို
Donate to DVB

ငွေကြေးအလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခံထားရတဲ့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဟောင်းကြောင့် ပါတီပုံရိပ်ထိခိုက်နေရတယ်လို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးဟောင်း ဦးသန့်ဇင်ဟာ  ၂၀၁၆ ခုနှစ်ကတည်း က Mytel Group ကုမ္ပဏီ လီမိတက်ဆီက မိုဘိုင်းဖုန်း ဟန်းဆက်ဖိုး သိန်း ၁၀၀၀ ကျော် (၁၁၁,၇၃၃,၀၀၀)ကို လိမ်လည်ခဲ့တဲ့အတွက် ကုမ္ပဏီတာဝန်ရှိသူတွေ က ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ အမှုရင်ဆိုင်ဖို့ တရားဝင်ကြေညာခဲ့တာပါ။

အဲ့ဒီငွေကြေးပမာဏကို ပါတီအနေနဲ့ ရယူခဲ့တာ ဟုတ်မဟုတ် စစ်ဆေးပြီး အရင်ကတည်း က ပါတီကို ပြောဆိုသမုတ်နေကြပြီး အခုကိစ္စဟာ ပါတီပုံရိပ်ထိခိုက်တဲ့အတွက် အမြန်ဆုံး စစ်ဆေးသွားမှာ ဖြစ်တယ်လို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ပြောပါတယ်။

“အရင်တုန်းက အတွင်းရေးမှူးဆိုတာ မှန်ပါတယ်။ ၂၀၁၆ ခုနှစ်ကတည်းက ကျနော်တို့ ဆီက ထွက်သွားတာပါ။ သူအရင်တုန်းက ဦးပိုင်(ကုမ္ပဏီ)နဲ့ ဟန်းဆက်တွေ ယူထားတာတွေ ရှိတယ်။ ဦးပိုင်က ဖြန့်တာတွေကို သူက Personal ယူဖြန့်တာ ရှိတာပေါ့။ အဲ့ကတည်းက အကြွေးတွေရှိမှာပေါ့။ ပါတီအနေနဲ့ ယူထားတာလား၊ Personal အနေနဲ့ ယူတာလားဆိုတာ ရှင်းအောင်ကျေန်ာတို့ စစ်ဆေးမယ်။ အရင်တုန်းကတော့ Personal လို့ပြောတယ်။ ပါတီမှီပြီး တော့ လုပ်ထားတာတွေလည်း ရှိကောင်းရှိမှာပေါ့။”

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီကို ၂၀၁၆ ခုနှစ်က ပါတီဖွဲ့စည်းမှု ပြန်လည်ရွေးချယ်ခဲ့ရာမှာ ဦးသန့်ဇင်ဟာ အတွင်းရေးမှူးတာဝန် ရွေးချယ်ခြင်းမခံရတော့တဲ့အတွက် ပါတီမှ နုတ်ထွက်ခဲ့ ကြောင်း၊ အဲ့ဒီကိစ္စကို ဦးသန့်ဇင်နဲ့ လက်တွဲလုပ်ခဲ့သူအားလုံးကို စုံစမ်းစစ်ဆေးပြီး ငွေကြေးယူစဉ် ချုပ်ဆိုခဲ့တဲ့ စာချုပ်စာတမ်းတွေနဲ့ တရားလိုဘက်မှ စာရွက်စာတမ်းအထောက်အထားတွေ ကိုလည်း စစ်ဆေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။

“အရှင်းဆုံးပြောရရင် ကျနော်တို့ဖွဲ့စည်းခဲ့တဲ့အဖွဲ့ကို မကျေနပ်လို့၊ သူအတွင်းရေးမှူး မဖြစ်လို့ ပါတီကနေ ထွက်သွားတာပါ။ ပါတီရဲ့ပုံရိပ်ကိုလည်း ထိခိုက်တာပေါ့။ လူတွေက ဒီလောက်ပြောချင်နေတာ သူခိုးပါတီ၊ ဘာပါတီဆိုပြီး ပြောနေကျတဲ့အထဲ ပြောစရာတော့ ဖြစ်လာတာပေါ့။ ဖြေရှင်းနေရတဲ့အချိန်ထိ ပြောမှာပဲလေ။ တကယ်လည်း သူလုပ်ထားတာ ဖြစ်ကောင်း ဖြစ်မှာပေါ့လေ။ ကိုယ့်ဆီက လူဟောင်းပဲ။ သူလုပ်သွားတယ်ဆိုရင် ပါတီ ပုံရိပ်ကတော့ ပျက်မှာပဲ။ ကျေန်ာတို့ကတော့ ဒီလိုပိုပေါ်လေ ပိုကြိုက်လေပဲ။ ပေါ်လာမှပဲ ရှင်းလို့ရမှာကိုး။ ဒါမျိုးတွေ ထပ်ပေါ်ပါစေလို့ပဲ ကျနော်ကတော့ ဆုတောင်းတယ်။ အဲ့ဒါမှ ရှင်းလို့ရမယ်။ ဘယ်သူ မကောင်းဘူး၊ ဘယ်သူကောင်းတယ်ဆိုတာ သိရမှာပေါ့”လို့ မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးအောင်ကြည်သိန်းက ဆက်ပြောပါတယ်။

အဲ့ဒီ ကိစ္စကို Mytel Group ကုမ္ပဏီမှ ကုမ္ပဏီတာဝန်ခံ ဒေါ်နီလာချိုက တရားလို ပြုလုပ်ပြီး ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးတော်မှာ အမှုရင်ဆိုင်ရန် နိုင်ငံပိုင်သတင်းစာတွေ က တဆင့်တရားဝင်ကြေညာခဲ့ပြီး လက်ရှိမှာ ဦးသန့်ဇင်ဟာ ပြည်ခိုင်ဖြိုးပါတီနဲ့ အဆက်အသွယ် မရှိကြောင်း နှင့် လက်ရှိ နေရပ်လိပ်စာကိုလည်း မသိရှိကြောင်း မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌက ဆိုပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ နာမည်ဆိုးနဲ့ ကျော်ကြားသူတွေ ပါတီအတွင်းမရှိစေရေး မူဝါဒအသစ်ကို ချမှတ်ထားပြီး ပါတီစည်းကမ်းတွေနဲ့ မညီညွတ်တာတွေရှိနေရင်တော့ ဘယ်သူ့ မျက်နှာမှ မထောက်ဘဲ အရေးယူဆောင်ရွက်သွားဖို့ လူငယ်ညီလာခံမှာကတည်းက ပြောကြား ထားပြီးကြောင်း၊ ပါတီကို အထင်အမြင်လွဲမှားစေတဲ့ ဘယ်ကိစ္စကို မဆို ပြုပြင်ပြောင်းလဲ နေကြောင်း ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြည်တွင်းသတင်းဌာန တခုကို ပြောကြားထားပါတယ်။

သတင်း=အာကာမင်း၊ ဓာတ်ပုံ = USDP Mon State

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013