DVB Logo
Home
မြန်မာသတင်း
တားဆီးပိတ်ပင်ခံရသည့် သဘာဝဘေးအန္တရာယ်ဟောပြောပွဲ ကျင်းပခွင့်ပြန်ရ
DVB
·
July 1, 2018
တားဆီးပိတ်ပင်ခံရသည့် သဘာဝဘေးအန္တရာယ်ဟောပြောပွဲ ကျင်းပခွင့်ပြန်ရ
Donate to DVB

မော်လမြိုင်တက္ကသိုလ်မှာ ဟောပြောခွင့်ပိတ်ပင်ခံခဲ့ရတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို သက်ဆိုင်ရာ ပါမောက္ခချုပ်၊ ကျောင်းအုပ်ဆရာမကြီးတွေနဲ့ တာဝန်ရှိသူတွေက ပြန်လည်ခွင့်ပြုပေးလိုက်တယ်လို့ သိရပါတယ်။

လာမယ့်ဇူလိုင်လ ၆ ရက်နေ့ မော်လမြိုင်တက္ကသိုလ်မှာ ရာသီဥတုပြောင်းလဲမှုနှင့် မွန်ပြည်နယ်အတွင်း ရင်ဆိုင်နေရတဲ့ သဘာပတ်ဝန်းကျင်ဆိုင်ရာ အခက်ခဲများ ဟောပြောပွဲ ကျင်းပဖို့ Mawlamyine University Environmental Club(MUEC) က ဦးဆောင်ပြီး မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ပူးပေါင်းပါဝင် ဆောင်ရွက်ဖို့ စီစဉ်ခဲ့ပေမယ့် ခွင့်ပြုချက်မပေးခဲ့ဘဲ ပိတ်ပင်ခဲ့လို့ ဇွန်လ ၂၉ ရက်နေ့မှာ အဆိုပါ အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တွေက ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂရုံးခန်းကနေ တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအထိ ချီတက်ဆန္ဒပြဖို့ စီစဉ်ခဲ့တာပါ။

“ကျနော်တို့ကို ဆရာမကြီး ကိုယ်တိုင်က ဇူလိုင် ၆ ရက်နေ့ကို မလုပ်ပေးနိုင်တဲ့အတွက် တောင်းပန်စကားတွေ ပြောတာတွေရှိတယ်။ သူတို့ဘက်ကလည်း အခက်ခဲတွေရှိတာကို ပွင့်ပွင့်လင်းလင်းပြောတာတွေရှိတယ်။ ဒီပွဲကို ကျနော်တို့ကို ရက်ရွှေ့ဆိုင်းပေးဖို့ပြောလာတဲ့ အတွက် ဖိတ်ကြားထားတဲ့ဆရာတွေကို request ပြန်လုပ်ရမယ်။ကျနော်တို့ကို ဒီအဆင့် (ဆန္ဒပြတဲ့အဆင့်) ထိ မသွားဘဲ အတတ်နိုင်ဆုံးညှိနှိုင်းဖို့ အကြံပေးတဲ့သူတွေရှိတယ်။ ဒါကြောင့် ဒီဟောပြောပွဲကို ဇူလိုင် တတိယအပတ်(သို့မဟုတ်) စတုတ္ထအပတ်ကို ရွှေ့လိုက်ရတယ်။ ကျနော်တို့ MUEC ကို သူတို့က အသိအမှတ်မပြုတာ မဟုတ်ဘူးလို့ပြောတယ်။ ကျနော်တို့ရဲ့ ရည်ရွယ်ချက်တွေ၊ အချက်အလက်တွေ စနစ်တကျ သူတို့ကိုတင်ပြပေးမယ်ဆိုရင်တော့ အသိအမှတ်ပြုမယ်လို့ ပြောတယ်။ လာမယ့်အပတ်မှာ ဒီအဖွဲ့ကို အတည်ပြုဖို့လုပ်မယ်လို့ ပြောတယ်” လို့ MUEC မှ ကိုအောင်မြင့်ဦးက ပြောပါတယ်။

တက္ကသိုလ်ကျောင်းတွေမှာ နိုင်ငံရေးနှင့်ပတ်သက်တဲ့ဟောပြောပွဲတွေနဲ့ အခြားလူမှုရေး ဟောပြောပွဲတွေကျင်းပမယ်ဆိုပါက သက်ဆိုင်ရာဌာနတွေမှာ ခွင့်ပြုချက်တောင်းခံပြီး ခွင့်ပြုမှ သာ လုပ်ရမယ်လို့ အဆင့်မြင့်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်း လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့ပြီး ကန့်ကွက်မှုတွေရှိတဲ့အတွက် ရက်ပိုင်းအတွင်း ပြန်လည် ပယ်ဖျက်ခဲ့တာတွေ၊ မွန်ပြည်နယ်က CSO(အရပ်ဘက်အဖွဲ့အစည်း) တွေလည်း ဟောပြောပွဲ ခွင့်ပြုချက်တင်ဖို့လိုအပ်ကြောင်း စာထုတ်ကြေညာပြီးမှ ပြန်လည်ရုပ်သိမ်းတာတွေ မကြာခဏ ဖြစ်ပေါ်နေတာပါ။

မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင် ကိုပြည့်ဖြိုးလွင် “သူတို့ရဲ့ လုပ်ပုံကိုင်ပုံက မသေမချာဖြစ်နေတယ်။ ခွင့်ပြုမိန့်ပေးတယ်ဆိုတာက စပြီး တင်ကတည်းက သူတို့က စိစစ်ပြီးသားလေ။ ခွင့်ပြုမိန့်ပေးပြီး ပြန်လည်ရုပ်သိမ်းတာက သူတို့ရဲ့ လုပ်ပုံကိုင်ပုံက နည်းနည်းပြဿနာရှိတယ်။ မသေမချာတွေဖြစ်နေတယ်။ ဘယ်သူ့မှာ လုပ်ပိုင်ခွင့် (ခွင့်ပြုချက်ပေးပိုင်ခွင့်) ရှိလည်းဆိုတာ သူတို့ကိုယ်တိုင်မသည်းကွဲတာလည်း ဖြစ်နိုင်တယ်။ ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်းမရှိဘူးလို့ မြင်တယ်။ လက်ရှိအစိုးရက တာဝန်ယူမှု တာဝန်ခံမှု မပြတ်သားဘူးလို့ မြင်တယ်။ အခုသဘာဝဘေးအန္တရာယ် ဟောပြောပွဲကလည်း လုပ်သင့်တဲ့အလုပ်တခုပါ။ မွန်ပြည်နယ်မှာလည်း မကြာသေးမီကလည်း ရေဘေးဖြစ်ခဲ့တယ်။ နောက်ပြီး စွန့်ပစ်ပစ္စည်းတွေလည်း စနစ်တကျမလုပ်ရင် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု ရှိတာတွေကို အသိပညာပေးသင့်တယ်။”

အဲ့ဒီ သဘာဝပတ်ဝန်းကျင်ဟောပြောပွဲကို ယခင်က ခွင့်ပြုချက်ပေးပြီး ပြန်လည် ရုပ်သိမ်းခဲ့တဲ့ဖြစ်စဉ်ကို မော်လမြိုင်တက္ကသိုလ်ကျောင်းအုပ်ဆရာမကြီးထံ မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဖြေကြားဖို့ မအားလပ်သေးလို့ ငြင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က မွန်ပြည်နယ်မှာ မိုးသည်းထန်ပြီး ရေကြီးရေလျှံဖြစ်ပွား ခဲ့တဲ့အတွက် လူ ၃ ဦး သေဆုံးပြီး ငွေကျပ် သိန်းပေါင်း ၆ ထောင်ကျောဆုံးရှုံးခဲ့တဲအပြင် ဒေသခံပြည်သူ ၈ ထောင်ကျော် ရေဘေးသင့်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013