DVB Logo
Home
မြန်မာသတင်း
မြန်မာ့ နေထိုင်မှုအခြေနေ တိုးတက်လာ၊ သန့်ရှင်းမှုနှင့်အိမ်ရာအနေအထား နောက်ကျကျန်နေ
DVB
·
June 30, 2018
မြန်မာ့ နေထိုင်မှုအခြေနေ တိုးတက်လာ၊ သန့်ရှင်းမှုနှင့်အိမ်ရာအနေအထား နောက်ကျကျန်နေ
Donate to DVB

မြန်မာနိုင်ငံမှာ နေထိုင်မှု အခြေအနေတွေ တိုးတက်လာပေမယ့် ပညာရေး၊ ရေနဲ့ သန့်ရှင်းမှု၊ အိမ်ရာအနေအထားတွေမှာ နောက်ကျကျန်နေတာတွေရှိတယ်လို့ မနေ့က ထုတ်ပြန်တဲ့ နေထိုင်မှု စစ်တမ်းက ဆိုပါတယ်။

ဗဟိုစာရင်းအင်းအဖွဲ့၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်နဲ့ ကမ္ဘာ့ဘဏ်တို့နဲ့ ပူးပေါင်းပြီး ပြုစုထားတဲ့ မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း ပထမဦးဆုံး အစီရင်ခံစာကို မနေ့က ဇွန်လ ၂၉ ရက် နေပြည်တော်မှာ ထုတ်ပြန်ခဲ့တာပါ။

စစ်တမ်းအရ မြန်မာနိုင်ငံရဲ့ နေထိုင်မှုအခြေအနေတွေဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း၊ အထူးသဖြင့် လွန်ခဲ့တဲ့ ၂ နှစ်အတွင်း တိုးတက်လာတယ်လို့ ဆိုပါတယ်။

လျှပ်စစ်မီးရရှိတာ၊ အသုံးအဆောင်ပစ္စည်းပိုင်ဆိုင်တာနဲ့ နည်းပညာအသုံးပြုတာတွေမှာ ပြောင်းလဲလာပါတယ်။ ပြည်ထောင်စုအဆင့်မှာ ဆိုလာနည်းပညာသုံးစွဲတာ မြင့်မားလာတာနဲ့ အစိုးရဓာတ်အားလိုင်း တိုးချဲ့လို့ အိမ်ထောင်စုတွေရဲ့ အိမ်ကို မီးလင်းအောင် လုပ်ဆောင်တဲ့ ပုံစံ ပြောင်းသွားပြီး အိမ်သုံးပစ္စည်း အမျိုးမျိုးကိုလည်း ပိုသုံးလာကြပါတယ်။

မဟာဓာတ်အားလိုင်း ကွန်ရက်ဟာ ၂၀၁၅ ခုနှစ်မှာ အိမ်ထောင်စု ၃ ဒသမ ၄ သန်း (နိုင်ငံလူဦးရေရဲ့ ၃၄ ရာခိုင်နှုန်း) ကိုပဲ လွှမ်းခြုံခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ အိမ်ထောင်စု ၄ ဒသမ ၅ သန်း (နိုင်ငံလူဦးရေရဲ့ ၄၂ ရာခိုင်နှုန်း) ကို လွှမ်းခြုံနိုင်ခဲ့တာပါ။

ဒါပေမယ့် ကျေးလက်ဒေသတွေ အများစုကတော့ မဟာဓာတ်အားလိုင်းက လျှပ်စစ်မရသေးဘူးလို့ ဆိုပါတယ်။

အသုံးအဆောင်ပစ္စည်းတွေထဲမှာ မိုဘိုင်းလ်ဖုန်း သုံးတာကတော့ တိုးတက်တာ အမြန်ဆုံးဖြစ်သလို ၂၀၁၇ ခုနှစ်မှာ အိမ်ထောင်စုတွေရဲ့ ၈၂ ရာခိုင်နှုန်းဟာ အနည်းဆုံး မိုဘိုင်းဖုန်းတလုံးကို ပိုင်ဆိုင်တယ်လို့ ဖြေဆိုခဲ့ကြပြီး ဖုန်းအများစုက စမတ်ဖုန်းတွေ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “လက်တွေ့ကျတဲ့ စီမံကိန်းတွေ ရေးဆွဲရာမှာပဲ ဖြစ်ဖြစ်၊ ကဏ္ဍတွေအကြား ဘဏ္ဍာငွေ ခွဲဝေ သုံးစွဲရာမှာပဲ ဖြစ်ဖြစ် တိကျခိုင်မာတဲ့ အချက်အလက်တွေ လိုအပ်ပြီး အစီရင်ခံစာပါ ညွှန်ကိန်းတွေဟာ လက်ရှိ အခြေအနေကို ညွှန်ပြနေတာ ဖြစ်ပါတယ်။ အခု အစီရင်ခံစာဟာ သက်ဆိုင်ရာ ကဏ္ဍက ဝန်ကြီးဌာနတွေ အနေနဲ့ ထိထိရောက်ရောက် အသုံးပြုမယ်ဆိုရင် အများကြီးအကျိုးရှိမှာ ဖြစ်ပါတယ်” လို့ အဖွင့်မိန့်ခွန်းမှာ ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ အလယ်တန်းကျောင်းအပ်နှံမှုနှုန်းဟာ ၂၀၁၀ နဲ့ ၂၀၁၇ ကြားမှာ ၄၇ ရာခိုင်နှုန်းကနေ ၆၈ ရာခိုင်နှုန်းကို တိုးလာတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် နိုင်ငံရဲ့ တချို့ဒေသတွေမှာတော့ ပညာရေး၊ ရေနဲ့ သန့်ရှင်းမှု၊ အိမ်ရာအနေအထားတွေမှာ နောက်ကျကျန်နေခဲ့ပါတယ်။ ဥပမာ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့မှာ မူလတန်း ကျောင်းနေအရွယ် ကလေးဆယ်ယောက်မှာ တယောက်ဟာ ကျောင်းမတက်နိုင်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရေနဲ့ သန့်ရှင်းမှုအပိုင်းမှာလည်း ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်က ဒေသတချို့မှာ မြစ်၊ ချောင်း၊ ရေအိုင်တို့ကရေကို သောက်ရေအဖြစ်သုံးတာ မြင့်မားနေဆဲပဲ လို့ ဆိုပါတယ်။

ကမ္ဘာ့ဘဏ်က ဌာနေမန်နေဂျာ Gevorg Sargsyan က “ဒီအစီရင်ခံစာကြောင့် မြန်မာနိုင်ငံအကြောင်း နောက်ဆုံး အချက်အလက်တွေကို ကျနော်တို့ သိခွင့်ရပါတယ်။ တိုးတက်မှုရှိခဲ့တဲ့ နေရာတွေကိုလည်း သိရှိနိုင်သလို လိုအပ်မှုတွေ ရှိနေသေးတဲ့ နေရာတွေကိုလည်း ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပါတယ်။ ပြည်သူတွေအားလုံးအတွက် တိုးတက်မှုရဲ့ အကျိုးကျေးဇူးတွေ ခံစားနိုင်အောင် အလေးထား လုပ်ဆောင်ကြဖို့လိုအပ်ပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) - မြန်မာရဲ့ ဌာနေညွှန်ကြားရေးမှူး Peter Batchelor ကလည်း “ဒီအစီရင်ခံစာဟာ မြန်မာနိုင်ငံရဲ့ ဘယ်ဒေသတွေဟာ ထိခိုက်အလွယ်ဆုံး ဖြစ်နေတယ်၊ ဘယ်ဒေသတွေက ပြည်သူတွေက ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တယ်ဆိုတာတွေကို မီးမောင်း ထိုးပြနိုင်ပြီး အားလုံးပါဝင်နိုင်မှုပိုရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုရရှိဖို့အတွက် ဘယ်နေရာတွေမှာ ပိုပြီး ကြိုးပမ်း လုပ်ဆောင်ရမယ်ဆိုတာကိုလည်း ပြသနိုင်ပါတယ်” လို့ ပြောပါတယ်။

ဒီစစ်တမ်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာကနေ ၂၀၁၇ ခုနှစ် ဒီဇင်ဘာအထိ တနိုင်ငံလုံးက ၂၉၆ မြို့နယ်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013