DVB Logo
Home
မြန်မာသတင်း
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားမည့်အပေါ် လက်ကမ်းစာစောင် ဖြန့်ဝေကန့်ကွက်
DVB
·
June 30, 2018
လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ်ထားမည့်အပေါ် လက်ကမ်းစာစောင် ဖြန့်ဝေကန့်ကွက်
Donate to DVB

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဗိုလ်ရုပ်ကြေးရုပ်ထားရှိဖို့ ကယားပြည်နယ်အစိုးရက လုပ်ဆောင်နေတာကြောင့် ကရင်နီပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားလူငယ်တွေက ကန့်ကွက်တဲ့ လက်ကမ်းစာစောင်တွေကို ဇွန် ၂၆ ကစတင်ပြီး ကယားပြည်နယ်ရှိ မြို့နယ် ၇ မြို့နယ်နဲ့ ရှမ်းတောင် ဖယ်ခုံမြို့နယ်တွေမှာ လိုက်လံဖြန့်ဝေနေပါတယ်။

ခုလိုကန့်ကွက်တဲ့ လက်ကမ်းစာစောင်တွေကို ဖြန့်ဝေရတာနဲ့ ပတ်သက်ပြီး ကယန်းလူငယ် ခွန်းသောမတ်က “ဒီပြည်နယ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီးတော့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ ဘုံသဘောတူညီချက်တွေ မရှိသေးဘဲနဲ့ ဗမာလွတ်လပ်ရေး ဖခင်လို့ပြောတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို ကျနော်တို့ ပြည်နယ်မှာ လာတည်တယ်ဆိုတာ ပြည်နယ်အစိုးရက ပြဿနာကို မီးလာမွှေးပေးတဲ့ဟာဖြစ်တယ်။ သွေးကွဲအောင်လုပ်တဲ့ ကိစ္စရပ်ဖြစ်အောင် လုပ်တယ်လို့ ကျနော်တို့ မြင်တဲ့အတွက် ကျနော်တို့ ကန့်ကွက်နေတာ” လို့ ပြောပါတယ်။

ဒါ့အပြင် ကရင်နီပြည်ဟာ သီးခြားလွတ်လပ်ခဲ့တဲ့ ပြည်နယ်အဖြစ်ရှိခဲ့သလို ဒီပြည်နယ်မှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေက လေးစားမြတ်နိုးရတဲ့ ခေါင်းဆောင်အသီးသီးလည်း ရှိနေတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို မတည်သင့်တာကြောင့် ချက်ချင်းရပ်တန့်ပေးဖို့ လူငယ်တွေက တောင်းဆိုတာလို့ ဆိုပါတယ်။

လွိုင်ကော်မြို့အတွင်းမှာ ဇွန် ၂၈ ရက်နေ့က လူငယ်တွေ လက်ကမ်းစာစောင်ဖြန့်ဝေတာကို မြို့နယ်ထွေအုပ်က တားမြှစ်တာတွေနဲ့ စာစောင်သိမ်းဆည်းတာတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီကန့်ကွက်လုပ်ရှားမှုမှာ ကရင်နီပြည် ဌာနေတိုင်းရင်းသားတွေဖြစ်တဲ့ ကယား၊ ကယော၊ ကယန်း၊ ကော်ယော်နဲ့ ဂေဘားလူငယ်တွေအပြင် ကရင်လူငယ် (ကရင်နီပြည်) တွေကလည်း ပါဝင်ကန့်ကွက်နေကြတာပါ။

အဆိုပါ ကန့်ကွက်တဲ့ လက်ကမ်းစာစောင်မှာ ကရင်နီပြည်နယ်ရဲ့ သမိုင်းကြောင်း၊ ဗိုလ်ချုပ်ကြေးရုပ်ထားရှိမယ့်အပေါ် ကရင်နီလူငယ်တွေရဲ့ စိုးရိမ်ချက်၊ သုံးသပ်ချက်နဲ့ အကြံပြု တိုက်တွန်းချက်တွေကို ဖော်ပြထားပါတယ်။

ကယားပြည်နယ်အစိုးရကတော့ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်ကို ဇူလိုင် ၁၉ အာဇာနည်နေ့အမီ ပြုလုပ်နိုင်ဖို့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

သတင်းနှင့်ဓာတ်ပုံ-ခွန်းတူးတူးလေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013